လူဝင်မှုကြီးကြပ်ရေးအကြောင်း သိကောင်းစရာ

Type

ဆောင်းပါး

=====

 

လူဝင်မှုကြီးကြပ်ရေးအကြောင်း သိကောင်းစရာ

===========================

 

သိန်းလွင် (လဝက)

 

========

 

အချုပ်အခြာအာဏာပိုင် နိုင်ငံများသည် မိမိတို့၏ နိုင်ငံ အတွင်းသို့ ဝင်/ ထွက်သွားလာသူများအား တရားဝင် ခွင့်ပြုချက်ဖြင့်သာ ဝင်/ထွက်ခွင့်ပြုစေပါသည်။ ထို့ကြောင့် မိမိတို့နိုင်ငံနှင့် ကိုက်ညီသင့်လျော်မည့် လူဝင်မှု ကြီးကြပ်ရေးဥပဒေနှင့် နိုင်ငံခြားသားများနှင့်ဆိုင်သော ဥပဒေများကို ပြဋ္ဌာန်းပြီး တရားဝင်ခွင့်ပြုချက်မရှိဘဲ ဝင်/ထွက်သွားလာနေထိုင်သူများကို အဆိုပါ ဥပဒေ များဖြင့် အရေးယူအပြစ်ပေးလေ့ရှိပါသည်။

 

ဥပဒေပြဋ္ဌာန်းခြင်းနှင့် ရည်ရွယ်ချက်

 

လူဝင်မှုကြီးကြပ်ရေးဥပဒေနှင့် နိုင်ငံခြားသားများ နှင့်ဆိုင်သော ဥပဒေများ ပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်မှာ သမိုင်းဖြစ်စဉ်အရ အင်္ဂလိပ်-မြန်မာစစ်ပွဲ သုံးကြိမ် ဖြစ်ပွားခဲ့ရာ စစ်ပွဲများဖြစ်ပွားပြီးတိုင်း မြန်မာ့ပိုင်နက် နယ်မြေများ ဆုံးရှုံးခဲ့ရပြီး အဆိုပါနယ်မြေများသို့ နိုင်ငံခြားသားများ (အများအားဖြင့် အိန္ဒိယနှင့် တရုတ် လူမျိုးများ) အတားအဆီးမရှိ အစုလိုက်၊ အပြုံလိုက် ဝင်ရောက်လာခဲ့သဖြင့် ထိန်းချုပ်နိုင်ရန် ၁၈၆၄ ခုနှစ်တွင် “နိုင်ငံခြားသားများ အက်ဥပဒေ” ကို ပထမဆုံးအကြိမ် ပြဋ္ဌာန်းခဲ့ပါသည်။ အဆိုပါ ၁၈၆၄ ခုနှစ် နိုင်ငံခြားသားများ အက်ဥပဒေသည် [The Union of Burma (Adaptation of Laws) Order 1948] အရ ဆက်လက်တည်ရှိခဲ့ပါသည်။

အင်္ဂလိပ်တို့သည် ၁၈၈၅ ခုနှစ် တတိယအကြိမ် အင်္ဂလိပ်-မြန်မာစစ်ပွဲတွင် မြန်မာတစ်နိုင်ငံလုံး သိမ်းပိုက် နိုင်ခဲ့ပြီး နောက်ပိုင်း နိုင်ငံခြားသားများ ဝင်/ထွက် သွားလာမှု ပြဿနာရှုပ်ထွေးလာသဖြင့် “နိုင်ငံခြား သားများ မှတ်ပုံတင်ရေးအက်ဥပဒေ”ကို ၁၉၄၀ ပြည့်နှစ် မတ်လ ၂၈ ရက်နေ့က အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။ ၎င်းဥပဒေမပြဋ္ဌာန်းမီ ၁၉၁၁ ခုနှစ် သန်းခေါင်စာရင်းအရ နိုင်ငံခြားသားလူဦးရေမှာ ကိုးသိန်းရှိပြီး နောက် ၁၀ နှစ် ကြာသောအခါ နိုင်ငံခြားသားဦးရေမှာ ၁၅ သိန်းခန့် ရှိလာခဲ့ပါသည်။ အဆိုပါဥပဒေကို ၁၉၄၀ ပြည့်နှစ် မြန်မာနိုင်ငံအက်ဥပဒေအမှတ် (၇) အရ ပြဋ္ဌာန်းခြင်း ဖြစ်ပါသည်။ နည်းဥပဒေ ပြဋ္ဌာန်းနိုင်ခြင်းမရှိသဖြင့် အက်ဥပဒေမှာ အသက်ဝင်ခြင်း မရှိခဲ့ပေ။

သို့သော် အိန္ဒိယ - မြန်မာနှစ်နိုင်ငံ သဘောတူ စာချုပ်အား ၁၉၄၁ ခုနှစ် ဇူလိုင်လတွင် လက်မှတ်ရေးထိုး နိုင်ခဲ့သဖြင့် ထိုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနကို ဖွဲ့စည်းကာ နိုင်ငံခြားသား များ မြန်မာနိုင်ငံအတွင်းသို့ ဝင်/ထွက်သွားလာမှုကို စတင်ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။

 

ထို့နောက် နည်းဥပဒေကို “၁၉၄၈ ခုနှစ် နိုင်ငံခြား သား မှတ်ပုံတင်ရေး နည်းဥပဒေအဖြစ် ပြဋ္ဌာန်းခဲ့ပြီး ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် အတည်ဖြစ်ခဲ့ ပါသည်။

အဆိုပါ နည်းဥပဒေပြဋ္ဌာန်းပြီးနောက် ၎င်းနည်း ဥပဒေနှင့် အကျုံးမဝင်သူများကို ကင်းလွတ်ခွင့်အမိန့် အမှတ် (၄) ဖြင့် ကင်းလွတ်ခွင့်ပြုခဲ့ပါသည်။

 

အထက်ပါ နိုင်ငံခြားသားများနှင့် သက်ဆိုင်သော ဥပဒေများကို ပြဋ္ဌာန်းခဲ့သော်လည်း မြန်မာနိုင်ငံအတွင်းသို့ မတရားဝင်ရောက်မှုကို ကာကွယ်နိုင်ခြင်းမရှိသဖြင့် လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ အက်ဥပဒေ) ကို ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံမခံရမီ ၁၉၄၇ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် ဆက်လက်အတည်ပြု ပြဋ္ဌာန်းခဲ့ပါသည်။ အဆိုပါဥပဒေသည် နိုင်ငံခြားသားများ ပါမက မြန်မာနိုင်ငံသားများနှင့်လည်း အကျုံးဝင်ပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်/ ထွက်သွားလာနေထိုင်ခြင်း မပြုနိုင်ရန်နှင့် နိုင်ငံခြား တိုင်းပြည်များ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် အရှုပ်အထွေး ပြဿနာမပေါ်ပေါက်စေရန် ရည်ရွယ် ပြဋ္ဌာန်းရခြင်း ဖြစ်ပါသည်။

ပြဋ္ဌာန်းဥပဒေများသည် ဆက်စပ်မှုရှိခြင်း

နိုင်ငံခြားသားများအား ကြပ်မတ်ထိန်းချုပ်နိုင်ရန် ရှေးဦးစွာ ပြဋ္ဌာန်းခဲ့သော ၁၈၆၄ ခုနှစ် နိုင်ငံခြားသားများ အက်ဥပဒေ၊ ၁၉၄၀ ပြည့်နှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး အက်ဥပဒေ၊ ၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး နည်းဥပဒေနှင့် နည်းဥပဒေနှင့် အကျုံးမဝင် သူများအား ကင်းလွတ်ခွင့်ပြုသည့် အမိန့်အမှတ်- (၄)၊ ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်း ချက်များ) အက်ဥပဒေနှင့် အဆိုပါဥပဒေများအရ အရေး ယူခြင်းခံရသော နိုင်ငံခြားသားများအား ပြည်နှင်ဒဏ် ပေးပြီးနောက် ချုပ်နှောင်ထားရန် ပြဋ္ဌာန်းထားသည့် ၁၉၅၁ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (ချုပ်နှောင်ခြင်း) နည်းဥပဒေများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အခြေခံမူများမှာ တူညီလျက်ရှိသည်ကို တွေ့ရပေမည်။

 

ဥပမာအားဖြင့် နိုင်ငံခြားသားများ အက်ဥပဒေ ပုဒ်မ- ၁ တွင် နိုင်ငံခြားသားဆိုသည့် စကားရပ်မှာ မြန်မာနိုင်ငံသား မဟုတ်သူကို ဆိုလိုသည်ဟုလည်းကောင်း၊ နိုင်ငံခြားသား များ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ -၂ (က)တွင် နိုင်ငံခြား သားဆိုသည်မှာ နိုင်ငံခြားသားများ အက်ဥပဒေတွင် အဓိပ္ပာယ်ဖော်ပြထားသည့် နိုင်ငံခြားသားကို ဆိုလိုသည် ဟုလည်းကောင်း၊ သက်သေပြရန် တာဝန်နှင့်ပတ်သက်၍ လည်း နိုင်ငံခြားသားများ အက်ဥပဒေပုဒ်မ- ၂ နှင့် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ - ၄ တို့တွင် နိုင်ငံခြားသား ဟုတ်၊ မဟုတ် အငြင်းပွားပါက နိုင်ငံခြားသားမဟုတ်ကြောင်း သက်ဆိုင်ရာကို ထင်ရှား အောင် သက်သေပြရန်တာဝန်မှာ ထိုသူ၏တာဝန်ဖြစ်စေရမည်ဟုလည်းကောင်း၊၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ- ၁၃ (က) တွင် ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေများနှင့် စပ်လျဉ်း၍ နိုင်ငံခြားသားတစ်ဦးဦး ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခြင်းသည် သို့တည်းမဟုတ် နေထိုင်ခြင်းသည် တရားဥပဒေနှင့်အညီ ဝင်ရောက်ခြင်း သို့တည်းမဟုတ် နေထိုင်ခြင်း ဟုတ်၊ မဟုတ် ဆုံးဖြတ်ရန် အချက် ပေါ်ပေါက်လျှင် သက်သေခံဥပဒေတွင် မည်သို့ပင် ပါရှိစေကာမူ မိမိသည် တရားဥပဒေနှင့်အညီ ဝင်ရောက် လာကြောင်း၊ သို့မဟုတ် နေထိုင်ကြောင်းကို ထင်ရှားအောင် သက်သေပြရန်တာဝန်မှာ အဆိုပါနိုင်ငံခြားသား၏ တာဝန်ပင်ဖြစ်စေရမည်ဟု ပြဋ္ဌာန်းထားပါသည်။

ဥပဒေပြဋ္ဌာန်းချက်များမှာ မတူကွဲပြားသော်လည်း (၁၈၆၄ ခုနှစ် နိုင်ငံခြားသားများ အက်ဥပဒေ၊ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး လတ်တလောပြဋ္ဌာန်းချက် များ အက်ဥပဒေ စသည်ဖြင့်) နိုင်ငံခြားသားများ ဥပဒေမဲ့ ဝင်ရောက်နေထိုင်သွားလာခြင်းကို ကန့်သတ်၊ ထိန်းချုပ်၊ ကြပ်မတ်ရန် ရည်ရွယ်သောကြောင့် ဥပဒေများမှာ တစ်ခုနှင့် တစ်ခု ဆက်စပ်နေခြင်းဖြစ်ပါသည်။

 

လူဝင်မှုကြီးကြပ်ရေးဌာနသမိုင်းဖြစ်စဉ်

အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း လူဝင်မှုကြီးကြပ် ရေးဌာနကို ၁၉၄၁ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် စတင် ဖွဲ့စည်းချိန်မှစ၍ ဌာန၏လုပ်ငန်းတာဝန်များကို ရဲတပ်ဖွဲ့မှ ၁၉၅၆ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပါသည်။ ၁၉၅၇ ခုနှစ်တွင် သီးခြားဌာနခွဲအဖြစ် ဖွဲ့စည်းပြီး အစိုးရဌာနအသီးသီးမှ အရာထမ်း၊ အမှုထမ်းများနှင့် ပြင်ပမှခေါ်ယူသော ဝန်ထမ်း များ (ဥပဒေဌာန၊ ပညာရေးဌာန၊ ဘဏ်နှင့်စာရင်းစစ်ဌာန စသည်များ)ဖြင့် ဖွဲ့စည်းခဲ့ပါသည်။

ဖွဲ့စည်းရာတွင် လူဝင်မှုကြီးကြပ်ရေးအရာရှိ (Inspector)နှင့် စာရေးဝန်ထမ်း (Office Staff) ဟူ၍ နှစ်မျိုး ခွဲထားပါသည်။ လူဝင်မှုကြီးကြပ်ရေးအရာရှိများ၏ ကိုယ်ပိုင်အမှတ်အား (လဝက----) ဟုလည်းကောင်း၊ စာရေးဝန်ထမ်းများ၏ ကိုယ်ပိုင်အမှတ်ကို (ငစရ------)ဟု လည်းကောင်း သတ်မှတ်ထားပါသည်။ လူဝင်မှုကြီးကြပ်ရေး အရာရှိများတွင် ဝန်ထောက်အဆင့်မှာ (ကြယ်သုံးပွင့်) ဖြစ်ပြီး ၎င်းအထက်အရာရှိများမှာ ယူနီဖောင်းဝတ်ရန်မလိုဘဲ လက်ထောက်ဝန်၊ ဒု - ဝန်၊ ကြီးကြပ်ရေးဝန် (Controller) စသည့်ရာထူးအခေါ်အဝေါ်များဖြင့် ဌာနဆိုင်ရာ အကြီး အကဲများအဖြစ် သတ်မှတ်ထားပါသည်။ စတင်ဖွဲ့စည်းစဉ်က လူဝင်မှုကြီးကြပ်ရေးအရာရှိမှာ တစ်ထောင့်နှစ်ရာကျော် ခန့်ရှိပြီး စာရေးဝန်ထမ်းမှာ ကိုးရာကျော်မျှသာ ရှိပါ

သည်။

 

ဌာနနှင့် ဝန်ထမ်းတာဝန်

ဝန်ထမ်းဌာနတိုင်းတွင် မူဝါဒများရှိသကဲ့သို့ လူဝင်မှု ကြီးကြပ်ရေးဌာနတွင်လည်း မူဝါဒထားရှိပါသည်။ အဆိုပါ မူဝါဒမှာ “မြေမျို၍ လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်မည်” ဟူသော အသိ၊ သတိရှိသော မူဝါဒ၊ ဆောင်ပုဒ် ဖြစ်ပါသည်။

 

၎င်းမူဝါဒမှာ ၁၉၂၁ ခုနှစ်တွင် ကျင်းပသော နဝမ အကြိမ်မြောက် (ဂျီစီဘီအေ) ကွန်ဖရင့်တွင်ပြောကြားသော ဦးမြဲ၏ မိန့်ခွန်းမှဖြစ်ပါသည်။ အဆိုပါဦးမြဲမှာ ဒီပဲရင်း ဝန်ထောက်ဖြစ်ပြီး မင်းတုန်းမင်းကြီးလက်ထက်တွင် ပထမ ဆုံး အင်္ဂလန်နိုင်ငံသို့ ပညာတော်သင်သွားရသူ ဖြစ်ပါသည်။ ဦးမြဲ၏ ပြောဆိုချက်ကို လေ့လာသုံးသပ်ကြည့်ပါက ၎င်းအချိန်ကပင် မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများ၏ အန္တရာယ်ကို ခန့်မှန်းနိုင်ပါသည်။

“ငါတို့နိုင်ငံဟာ အင်အားကြီးအိမ်နီးချင်းနိုင်ငံများနဲ့ ထိစပ်နေပြီး မိုင်ပေါင်းများစွာရှည်လျားတဲ့ နယ်စပ်ဒေသကို ဝန်ထမ်းအင်အား တစ်ထောင်ကျော်လောက်နဲ့ ဘယ်တားဆီး နိုင်မလဲ။ ဒါပေမယ့် ခိုးဝင်လာတဲ့ နိုင်ငံခြားသားတွေကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့အညီ ကိုင်တွယ်ဖြေရှင်းရင် တို့နိုင်ငံထဲကို အဝင်လွယ်ပေမယ့် အနေခက်စေရမယ်” ဆိုတဲ့ ခံယူချက်များထားပြီး တာဝန်ထမ်းဆောင်ခဲ့ကြောင်း ပြန်ပြောင်း သိခဲ့ရပါသည်။ ထို့ကြောင့်လည်း နိုင်ငံခြားသား ပြဿနာမှာ ထိုအချိန်က နိုင်ငံတော်ပြဿနာအထိ မဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။

ဌာနအနေဖြင့်လည်း ဝန်ထမ်းများ တာဝန်ထမ်းဆောင် ရာတွင် လွယ်ကူအဆင်ပြေစေရန်အတွက် ဘာသာစကား သင်ကြားမှုကို ဌာနတွင်း၌ သင်ကြားပေးခဲ့ကြောင်း၊ အဆိုပါ ဘာသာစကားများမှာ တိုင်းရင်းသားဘာသာစကား (ရှမ်း၊ ကချင်စသည်ဖြင့်) အပြင် နိုင်ငံခြားဘာသာစကားအဖြစ် (တရုတ်၊ အင်္ဂလိပ်) စကားများကို သင်ကြားပေးခဲ့ကြောင်း သိရပါသည်။ ယခုအခါ အဆိုပါ သင်တန်းများ မရှိတော့ပါ။ ထားသင့်သည်ဟု ထင်ပါသည်။

 

ဌာန သုံးခုပေါင်းခြင်း

ယနေ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် ယခင်ကသီးခြားဌာန ဖြစ်သော လူဝင်မှုကြီးကြပ်ရေးဌာနခွဲ၊ သီးခြားဖြစ်သော အမျိုးသားမှတ်ပုံတင်ဌာနခွဲ (မြန်မာနိုင်ငံအတွင်း နေထိုင် သူများ မှတ်ပုံတင်ရေး) သီးခြားဖြစ်သော သန်းခေါင် စာရင်းဌာနခွဲများကို ပေါင်းစည်းဖွဲ့စည်းထားသော ဝန်ကြီးဌာန ဖြစ်ပါသည်။

အဆိုပါ ဌာနခွဲ သုံးခုကို ၁၉၇၆ ခုနှစ်တွင် ပူးပေါင်း ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ ထိုဌာနခွဲသုံးခုမှာ သဘော သဘာဝမတူသော ဌာနများဖြစ်သော်လည်း ပူးပေါင်း ဖွဲ့စည်းခဲ့သဖြင့် အကျိုးသက်ရောက်မှုမှာ မကောင်းခဲ့ပါ။ သာဓကအားဖြင့် လူဝင်မှုကြီးကြပ်ရေးဌာနသည် နိုင်ငံခြား သားများ မှတ်ပုံတင်လုပ်ငန်းတာဝန်နှင့် မြန်မာနိုင်ငံ အတွင်းသို့ ဥပဒေမဲ့ဝင်ရောက်သူများအား ကာကွယ် တားဆီးရေးနှင့် တရားမဝင် ဝင်ရောက်လာသူများဖြစ်ပါက (လဝက ဥပဒေများ)နှင့် အညီ တရားစွဲဆို အပြစ်ပေးခြင်း နှင့် ပြည်နှင်ခြင်းလုပ်ငန်းများနှင့် နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသံသယရှိသူများအား တရားဝင်နေထိုင်ခွင့် ရှိ၊ မရှိ စစ်ဆေးအရေးယူခြင်းမှာ အဓိကဖြစ်ပါသည်။

အမျိုးသားမှတ်ပုံတင်ဌာနခွဲမှာ မြန်မာနိုင်ငံ အတွင်းရှိ နေထိုင်သူများအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကတ်ပြား ထုတ်ပေးရန်ဖြစ်ပါသည်။ အဆိုပါ သက်သေခံကတ်ပြား ကိုင်ဆောင်ထားသူတိုင်းကို မြန်မာနိုင်ငံတွင်း၌ တရားဝင်နေထိုင်ခွင့်ရှိသူအဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံသားအဖြစ်လည်းကောင်း (လဝက ဥပဒေ) အရ လက်ခံခြင်းမရှိဘဲ စစ်ဆေးအရေးယူ မှုများ ရှိခဲ့ပါသည်။ အဆိုပါသူများအနက် တရားစွဲဆို ပြည်နှင်ဒဏ်ပေးသူများရှိသကဲ့သို့ အချို့ကို နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ် (FRC) ကိုင်ဆောင်စေပြီး နိုင်ငံခြား သားအဖြစ် သတ်မှတ်ပေးခဲ့ပါသည်။

 

သန်းခေါင်စာရင်းဌာနခွဲမှာ ယေဘုယျအားဖြင့် လူဦးရေစာရင်းကောက်ယူပြီး လိုအပ်သောလူဦးရေ အချက်အလက်များ ရယူခြင်းသာဖြစ်၍ ဌာနခွဲ သုံးခု ပူးပေါင်းခြင်းတွင် ပြဿနာတစ်စုံတစ်ရာ မရှိခဲ့ပါ။

 

ယနေ့ဖြစ်ပေါ်လျက်ရှိသော နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးရေးပြဿနာ (နိုင်ငံသားများအား အချိန်နှင့်တစ်ပြေးညီ ထုတ်မပေးနိုင်ခြင်း) မှာ သဘော သဘာဝမတူသော ဌာနများ၊ ပူးပေါင်းဖွဲ့စည်းထားသော ကြောင့်ဟု ယူဆပါသည်။ ယင်းကဲ့သို့ ပူးပေါင်းထားသဖြင့် ဝန်ထမ်းများအနေဖြင့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ လည်း သီးသီးသန့်သန့်၊ စူးစူးစိုက်စိုက် မလုပ်နိုင်သလို နိုင်ငံသားကတ်ပြား ထုတ်ပေးရေးလုပ်ငန်းများကိုလည်း ပီပီပြင်ပြင် မဆောင်ရွက်နိုင်ဟု ထင်မြင်မိပါသည်။ ထို့ကြောင့် နိုင်ငံခြားသား ထိန်းသိမ်းရေးလုပ်ငန်းများ တွင် လစ်ဟာမှုမရှိစေရန်၊ နိုင်ငံသားလုပ်ငန်းမှာလည်း တိုးတက်လာသော လူဦးရေနှင့်အညီ အချိုးကျ ဆောင်ရွက်နိုင်ရန် အပြုသဘောအကြံပြုလိုပါသည်။

ဝန်ကြီးဌာန (အလုပ်သမား၊ လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန) အောက်တွင် လူဝင်မှုကြီးကြပ်ရေးဌာန၊ အမျိုးသားမှတ်ပုံတင်ရေးနှင့် သန်းခေါင်စာရင်းဌာနဟူ၍ ယခင်ကအတိုင်း လုပ်ငန်း သဘောသဘာဝ မတူသောဌာနများကို သီးခြားခွဲထား မည်ဆိုလျှင် ပို၍အဆင်ပြေနိုင်မည်ဖြစ်ပါသည်။ သို့မှသာ ဌာနဆိုင်ရာတစ်ခုချင်း၏ လုပ်ငန်းတာဝန်ဝတ္တရားများကို သီးခြားစီဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်ခြင်းအားဖြင့် လုပ်ငန်းများ တိကျမှန်ကန် လာမည့်အပြင် ဝန်ထမ်းများအနေဖြင့်လည်း မိမိဌာနအား ကိုယ်တိုင်တာဝန်ခံရမည့် အနေအထားဖြစ်လာပါမည်။ ထိုသို့ခွဲခြားခြင်းအားဖြင့် ဌာနဆိုင်ရာ တစ်ခုချင်းအလိုက် လုပ်ငန်းများလည်း အချိန်နှင့်တစ်ပြေးညီ ပြီးစီးမည်ဖြစ်ပါ သည်။ ယနေ့ဖြစ်ပေါ်နေသော ဝန်ကြီးဌာန၏ နိုင်ငံသား စိစစ်ရေးလုပ်ငန်း၏ အခက်အခဲပြဿနာမှာ သဘော သဘာဝမတူသော ဌာနများကို ပူးပေါင်းထားခြင်း၏ (၁၉၇၆) ခုနှစ်ရလဒ်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

 

 

ဌာနများ သီးခြားခွဲပါက ယခင်ကကဲ့သို့ မြို့နယ်များ တွင် FRO ရုံး (Foreigners Registration Office) များ ထားခြင်းအားဖြင့် ဌာနေနိုင်ငံခြားသားများနှင့် ပြည်ပမှ ဝင်ရောက်လာသော နိုင်ငံခြားသားများ၊ တရားမဝင် ဝင်ရောက်လာသူများအား ဥပဒေနှင့်အညီ ထိန်းသိမ်း ကြီးကြပ်နိုင်မည်ဖြစ်သကဲ့သို့ အမျိုးသားမှတ်ပုံတင် လုပ်ငန်း (အမတ၊ ယာယီသက်သေခံလက်မှတ်၊ White Card နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရေး၊ အိမ်ထောင်စုစာရင်းနှင့် ပုံစံ (၁၀) ကိစ္စများ) မှာလည်း တစ်မျိုးတည်းသာ ဆောင်ရွက်ရခြင်းဖြစ်၍ အချက် အလက်ပြည့်စုံစွာ ရရှိနိုင်မည်ဖြစ်ပါသည်။

 

သန်းခေါင်စာရင်းလုပ်ငန်းမှာလည်း သတ်မှတ် ကာလ (၁၀ နှစ်တစ်ကြိမ်) ကောက်ယူရရှိသော အချက် အလက်များနှင့် လဝက၊ အမတဌာနရှိ အချက်အလက် များနှင့် လုပ်ငန်းညှိနှိုင်း ဆောင်ရွက်ခြင်းအားဖြင့် လိုအပ်သော အချက်အလက်များ ပြည့်စုံစွာရရှိမည် ဖြစ်ပါသည်။

လဝက ဥပဒေ၏ ထူးခြားချက်

၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလော ပြဋ္ဌာန်းချက်များ) အက်ဥပဒေ၏ ထူးခြား ချက်မှာ နိုင်ငံတော်သမ္မတက အာဏာလွှဲအပ်ပေးခြင်း ဖြစ်ပါသည်။ ပုဒ်မ- ၂၊ ပုဒ်မခွဲ (၂)တွင် “နိုင်ငံတော် သမ္မတသည် အရာရှိတစ်ဦးဦးအား ဤအက်ဥပဒေအရ သို့တည်းမဟုတ် ဤအက်ဥပဒေဖြင့် ပြုသောနည်းဥပဒေ များအရ ပြဋ္ဌာန်းထားသည့် ကြီးကြပ်ရေးဝန်၏ အာဏာ တစ်ခုခုကိုဖြစ်စေ၊ အားလုံးကိုဖြစ်စေ သုံးစွဲရန် အရာရှိ တစ်ဦးဦးအား လွှဲအပ်နိုင်သည်” ဟု အတိအလင်းပြဋ္ဌာန်း ထားခြင်းဖြစ်ပါသည်။

ထို့ကြောင့် (COVID – 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် အထက်ပါ ပုဒ်မ-၂၊ ပုဒ်မခွဲ (၂) ကို ကျင့်သုံးလျက် လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ-၃၊ ပုဒ်မခွဲ (၂) ကို ဖြေလျှော့ ပေးကာ တရားမဝင် ထွက်ခွာသွားသော မြန်မာနိုင်ငံသား များအား အရေးယူခြင်းမပြုဘဲ ပြန်လည်လက်ခံခြင်း ဖြစ်ပါသည်။

အဆိုပါ ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး ဥပဒေ သာမက အထက်တွင် ဖော်ပြခဲ့သည့် နိုင်ငံခြားသားများ အက်ဥပဒေ၊ ၁၉၄၀ ပြည့်နှစ် နိုင်ငံခြားသားများ မှတ်ပုံတင် ရေးအက်ဥပဒေ၊ ၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင် ရေး နည်းဥပဒေ၊ ကင်းလွတ်ခွင့် အမိန့်အမှတ်- ၄ တို့သည် လည်း နိုင်ငံတော်သမ္မတ၏ ပြဋ္ဌာန်းဥပဒေများ ဖြစ်သော ကြောင့် အကျုံးဝင်ပါသည်။

နိဂုံး

လူဝင်မှုကြီးကြပ်ရေးဥပဒေနှင့် လူဝင်မှုကြီးကြပ်ရေး ဌာန၏ လုပ်ငန်းများမှာ စိတ်ဝင်စားဖွယ်ကောင်းပါသည်။ လူဝင်မှုကြီးကြပ်ရေးဥပဒေများမှာ မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီက ပြဋ္ဌာန်းခဲ့သော ဥပဒေများဖြစ်သော် လည်း ယနေ့အထိ နိုင်ငံခြားသားများအား ထိန်းချုပ်နိုင်သည့် ဥပဒေဖြစ်ပါသည်။ ထိုခေတ် ထိုကာလကပင် မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံခြားသားများ ဝင်/ထွက်သွားလာခြင်းမှာ ပြဿနာတစ်ရပ်အနေဖြင့် ရှိခဲ့ကြောင်းကိုလည်းကောင်း၊ ဒီပဲယင်းဝန်ထောက်ဦးမြဲ၏ အနာဂတ်မြန်မာလူမျိုးများ ပျောက်ကွယ်သွားနိုင်သည့် အန္တရာယ်ကိုလည်းကောင်း၊ လွတ်လပ်ရေးရပြီးနောက် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည့် (၁၉၅၇ ခုနှစ်) က တာဝန်ထမ်းဆောင်ခဲ့ကြသော ဝန်ထမ်း ဟောင်း (ဆရာများ)၏ “ဝန်ထမ်းအနည်းအများသည် ပဓာနမဟုတ်” ခံယူချက်နှင့် စိတ်ဓာတ်သာ အဓိက ဖြစ်ကြောင်း ပြောဆိုချက်များမှာ လေးစားအတုယူဖွယ် ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

 

ကျမ်းကိုး-

- လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနဆိုင်ရာ အက်ဥပဒေနှင့် နည်းဥပဒေများ

- နိုင်ငံခြားသားနှင့် လူဝင်မှုဥပဒေ (ဦးလှကို (B.A, R.L) တရားရုံးချုပ်ရှေ့နေ)