အကြမ်းဖက်တိုက်ဖျက် စုပေါင်းအားဖြင့်ဆောင်ရွက်

အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH နှင့် NUG တို့သည်  ဒီမိုကရေစီနိုင်ငံရေး အမည်ခံပြီး   ၎င်းတို့၏အကျိုးစီးပွားအတွက်   နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရေး၊ တရားဥပဒေစိုးမိုးမှု ပျက်ပြားစေရေးနှင့်  အုပ်ချုပ်ရေးယန္တရား မလည်ပတ်စေရေး ရည်ရွယ်ချက်ဖြင့် အကြမ်းဖက်အဖျက်လုပ်ရပ်များကို ကြံစည် လုပ်ဆောင်လျက်ရှိရာ ပြည်တွင်းမှ  PDF  အမည်ခံ  အကြမ်းဖက်သမားများကို အားပေးထောက်ပံ့ သွေးထိုးလှုံ့ဆော်ပေးလျက်ရှိသည်။ 


ယခုအခါ ပြည်တွင်းမှ ၎င်းတို့မြှောက်ပင့်အားပေးထားသည့်  အကြမ်းဖက် သမားများလက်ချက်ကြောင့် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် အဆောက်အအုံများ ပျက်စီး ဆုံးရှုံးခြင်း၊ အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးခြင်းတို့ကို နေ့စဉ်မြင်တွေ့ရပါသည်။ တိုင်းပြည်နှင့်လူမျိုး ပျက်စီးရေးအတွက် ရည်ရွယ်ချက်ရှိရှိ  ကြိုတင်ကြံစည်ခဲ့သော  အစွန်းရောက်နိုင်ငံရေးသမားအချို့၏  လုပ်ရပ်များသည် ခါးသီးစက်ဆုပ်ဖွယ်ရာများဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ နိုင်ငံတော်နှင့် ပြည်သူတို့၏ ထိခိုက်နစ်နာဆုံးရှုံးမှုများလာရာ အကြမ်းဖက်လုပ်ရပ်များကို ဝိုင်းဝန်း လက်တွဲတိုက်ဖျက်ကြရမည်ဖြစ်သည်။


“ပြည်သူများကို အကြမ်းဖက်တိုက်ခိုက်ခြင်းသည် အောက်တန်းကျသည့် လုပ်ရပ်ဖြစ်ပြီး လူထုကိုအကြောက်တရားဖြစ်အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင်  ပြည်သူကိုခြိမ်းခြောက်၍   အကြောက်တရားဖြစ်အောင် ဆောင်ရွက်ခြင်းသည် ဒီမိုကရေစီနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျက်ရှိကြောင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက်  ပြည်သူများအားလုံးနှင့်  တာဝန်ရှိသော အုပ်ချုပ်ရေးအဖွဲ့အစည်းများ အားလုံးပူးပေါင်း၍ စုပေါင်းအားဖြင့် ဆောင်ရွက် သွားကြရန်လိုကြောင်း”    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     အစည်းအဝေး (၁၈/၂၀၂၁)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏တာဝန်ကို စတင် ယူသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ယနေ့အချိန်အထိ အကြမ်းဖက် သမားများ၏ တိုက်ခိုက်ဖျက်ဆီးသတ်ဖြတ်မှုများကို ထိရောက်စွာဟန့်တားထိန်းချုပ် နိုင်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက် သမားအများစုကို  အချိန်မီဖမ်းဆီးအရေးယူနိုင်ခဲ့သည်။  တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ )နှင့်အညီ နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာ၍ နိုင်ငံတော်၏တာဝန်ကို ယူထားခြင်းဖြစ်သည်။ နိုင်ငံတော်၏တာဝန်ကို တပ်မတော်အနေဖြင့် တိုက်ရိုက်ယူထားခြင်းမဟုတ်ဘဲ အုပ်ချုပ်ရေးနှင့်ပတ်သက်၍ အရပ်သားများအား တာဝန်ပေးထားသည်ကို တွေ့ရမည်ဖြစ်သည်။ 


မြန်မာနိုင်ငံသည်  ဒီမိုကရေစီစနစ်ကို  ကျင့်သုံးဆောင်ရွက်နေသည်ဖြစ်၍ ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။ တရားဥပဒေစိုးမိုးရေးနှင့်  လုံခြုံရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု များဖြင့် ထိရောက်စွာဆောင်ရွက်သွားကြရန် နိုင်ငံတော်ဝန်ကြီးချုပ်က အသိပေး ထားသည်။ ထို့အပြင် အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ပြည်သူများနှင့်ဆက်ဆံရာတွင်  ကောင်းမွန်ပြေပြစ်သော ဆက်ဆံရေးဖြင့် ဆောင်ရွက်သွားရန်လိုပြီး တတ်နိုင်သမျှ ပြည်သူများအပေါ် စိတ်ရှည်စွာဖြင့်  လုပ်ပေးနိုင်သည်ကို စီမံဖြည့်ဆည်းပေးရန် မှာကြားထားသည်။ အုပ်ချုပ်ရေးနှင့်ပတ်သက်၍ ဥပဒေအရ၊ ဒီမိုကရေစီနည်းလမ်း အရ နားလည်အောင် အသိပညာပေးခြင်းဖြင့် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး အတွက်   များစွာအထောက်အကူပြုမည်ဖြစ်သည်။   အကြမ်းဖက်သမားများနှင့် ပတ်သက်၍ နိုင်ငံတော်အနေဖြင့် ပြည်သူများအား ထုတ်ပြန်အသိပေးသင့်သည် များကို နေ့စဉ်ထုတ်ပြန်အသိပေးလျက်ရှိသည်။ 


ယခုအခါ အကြမ်းဖက်မှုများကို ထိရောက်စွာတားဆီးနှိမ်နင်းလျက်ရှိရာ  နိုင်ငံတစ်ဝန်း၌ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့်အလှမ်းဝေးသော ကျေးရွာအချို့မှလွဲ၍ ကျန်ဒေသအားလုံးတွင်  တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်နိုင်ပြီး တည်ငြိမ် အေးချမ်းမှုများ ရရှိနေပြီဖြစ်သည်။  ထို့ကြောင့် ကျန်ရှိနေသေးသည့် အကြွင်းအကျန် အဆွယ်အပွားများကို ဆက်လက်၍ အမြစ်ပြတ်ချေမှုန်းနိုင်ရန် ဝိုင်းဝန်းပူးပေါင်း လက်တွဲကာ ဆောင်ရွက်ကြရမည်ဖြစ်သည်။


နိုင်ငံရေးအစွန်းရောက်အကြမ်းဖက်သမားများသည် ပြည်သူများကြားတွင် အမှားအမှန်ဝေဖန်ခွဲခြားခြင်း မပြုနိုင်အောင် နိုင်ငံရေးပရိယာယ်ဖြင့် ဖြားယောင်း သွေးဆောင်စည်းရုံးခြင်း၊ ရည်ရွယ်ချက်အမျိုးမျိုးဖြင့် အကြမ်းဖက်လုပ်ငန်းများတွင် ပါဝင်လာသော ပြည်သူအချို့အား   အားပေးထောက်ပံ့ပေးခြင်း၊   ပြည်သူများ အကြောက်တရားကြီးမားလာအောင်   အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်ခြင်း၊ အကြမ်းဖက်လုပ်ရပ်များကို ပုံမှားရိုက်၍ နိုင်ငံတော်အစိုးရအပေါ် အထင်အမြင် လွဲမှားအောင်ပြုလုပ်ခြင်း၊     အကြမ်းဖက်လုပ်ရပ်များ    မအောင်မြင်သောအခါ တပ်မတော်နှင့်  ပြည်သူကိုရန်တိုက်ပေးခြင်း   စသည့်တိုင်းပြည်ပျက်စီးရေးကို နည်းလမ်းအမျိုးမျိုးဖြင့်    ပြုလုပ်နေကြသည်ကို   အဆုံးသတ်အောင်  ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။


သို့ဖြစ်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ပြည်သူများအားလုံးနှင့် တာဝန်ရှိသော အုပ်ချုပ်ရေးအဖွဲ့အစည်းများအားလုံးပူးပေါင်း၍ စုပေါင်းအားဖြင့် ဆောင်ရွက်သွားကြရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။       ။