နာစရာရှိရင် လွမ်းစရာနဲ့ဖြေကြပါ

Type

 

ဦးခင်မောင်ဆွေ (NDF)

 

ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး


ငြိမ်းချမ်းရေးမရှိရင် အချုပ်အခြာအာဏာနဲ့ ခိုင်မြဲတဲ့ နိုင်ငံတော် တစ်ရပ် (State building)  ထူထောင်ရေးမှာ   အဟန့်အတား ဖြစ်စေ နိုင်ပါတယ်။ ငြိမ်းချမ်းရေးမရှိရင် လူမျိုးပေါင်းစုံညီညွတ်တဲ့ အမျိုးသား နိုင်ငံတော် တစ်ရပ်(Nation building) ကိုရောက်ဖို့ အခက်အခဲရှိနိုင်ပါ တယ်။ ဒါကြောင့် မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်တွေကိုဖက်ပြီး    စောင့်မျှော်ခဲ့တာ   နှစ်ကာလတွေ ကြာတောင်းကြာရှည် ကြာခဲ့လေပြီလို့ ပြောရပါမယ်။ မြန်မာ့လွတ်လပ် ရေးအတွက် အသက်တွေပေးပြီး ဒီမြေ၊ ဒီရေအတွက် ညီညွတ်ရေး မပျက် စုပေါင်းတော်လှန် ခဲ့ကြတယ်။ ဒါပေမယ့် လွတ်လပ်ရေးရပြီးတဲ့ အခါ   အချင်းချင်းအကြား  သွေးစက်သွေးပေါက်တွေနဲ့ အမျိုးသား ညီညွတ်ရေးဟာ သွေးထွက်သံယို ပြိုလဲခဲ့ရပြီဖြစ်ပါတယ်။ 

 


ဒါကြောင့် ငြိမ်းချမ်းရေးအတွက် ကြားခဲ့ဖူးတဲ့  စကားတစ်ခွန်းကို အမှတ်ထင်ထင် ပြောချင်ပါတယ်။ အဲဒါက “နာစရာရှိရင် လွမ်းစရာနဲ့ ဖြေပါ” ဆိုတဲ့    စကားစုပါ။  အတော်ပဲ  တာသွားခဲ့ပါတယ်။  ပထမ ပြောသူက  အိုးဝေဦးညိုမြဖြစ်ပြီး   နောက်တစ်ဦးက  ဦးနေဝင်းပါ။ မြန်မာ့နိုင်ငံရေးခရီးမှာ  အတူလက်တွဲခဲ့ကြပြီး နောင်အခါ ရန်သူတွေ ဖြစ်ခဲ့ရတဲ့အပေါ် ဦးနေဝင်းက  သူ့နိုင်ငံရေးသံယောဇဉ်ကို   ထင်ဟပ်တဲ့ ပြောစကားလို့ ဆိုရပါမယ်။ သမိုင်းမှာ မြန်မာ့လွတ်လပ်ရေးအတွက် အသက်ပေးတိုက်ခဲ့ကြသူတွေ နောင်အခါ ဝါဒရေးရာကွဲပြားမှုကြောင့် အမျိုးသားစည်းလုံးမှု ပျက်ပြားခဲ့တာကို ရည်ညွှန်းတာလည်း ဖြစ်ပါ တယ်။ ဒီလို အမျိုးသားစည်းလုံးမှုပျက်ပြီး ငြိမ်းချမ်းရေးမရှိတဲ့ ကာလ တွေကို မြန်မာပြည်သူတွေဟာ လွတ်လပ်ရေးရချိန်ကစပြီး ဖြတ်သန်း ခဲ့ကြရပါတယ်။ စစ်ကြောင့်ပြေးနေရတဲ့ ပြည်သူတွေရဲ့ ဒုက္ခကို မဖြေ ရှင်းနိုင်သမျှ မြန်မာပြည်ဟာ ဝမ်းနည်းစရာပါပဲ။ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ပြိုလဲတာကို လျစ်လျူရှုပြီး လက်နက် ကိုင်တိုက်ခိုက်နေကြတာလည်း ဝမ်းနည်းစရာပါပဲ။

 


၁၉၄၈ ခုနှစ်မှာ ဝါဒရေးရာ၊ လူမျိုးရေးရာတွေ အကြောင်းပြ၊ ၁၉၇၀  ဝန်းကျင်မှာတော့   ဘာသာရေးဆိုင်ရာ   မညီမျှဘူးဆိုတဲ့ အကြောင်းနဲ့ လက်နက်စွဲကိုင်ခဲ့ကြတယ်။  နောင်ဆယ်စုနှစ်တွေမှာ လည်း လူမျိုးစုတွေရဲ့  နိုင်ငံရေးလိုအပ်ချက်တွေကို အစိုးရတွေက ပြေလည်အောင် ဖြည့်ဆည်းမပေးနိုင်ခဲ့ကြတဲ့အပေါ် လူမျိုးဆိုင်ရာ ရပိုင်ခွင့်တွေကို အကြောင်းပြုပြီး လက်နက်ကိုင် အယူအဆက ခိုင်မြဲ လာခဲ့တယ်။ ဒီတော့ မြန်မာနိုင်ငံက လူမျိုးစုအသီးသီး လက်နက်ကိုယ်စီ နဲ့ ကိုယ့်အမိမြေပေါ်မှာ သွေးချင်းအချင်းချင်း ရန်ပြုစစ်ခင်းလာခဲ့တာ ခုဆို နှစ် ၇၀ တိုင်ခဲ့ပါပြီ။ ငြိမ်းချမ်းရေးက ဘယ်ဆီမှာလဲ၊ ဘာကြောင့် မငြိမ်းချမ်းနိုင်ရသေးတာလဲ၊   အဖြေကဘယ်မှာလဲ၊   ဖြစ်စဉ်တွေကို ပြန်ကြည့်ရင် အကြောင်းပြချက်အမျိုးမျိုးနဲ့ လက်နက်ကိုင်စွဲခဲ့ကြပေ မယ့် ဖြစ်ဆဲအကျိုးက ပြည်သူအချင်းချင်းကြား  စစ်ခင်းနေရတာပဲ ဖြစ်တယ်။ လက်နက်ကိုင်စွဲရတဲ့ မူလအကြောင်းတရားတွေကတော့ ကွယ်ပျောက်ခဲ့ပါပြီ။ 

 


နှစ်  ၇၀ လက်နက်နဲ့ အဖြေရှာခဲ့ကြတယ်။ ရကြပြီလား။ မရကြ ပါ။ တိုင်းရင်းသားလက်နက်ကိုင်တွေကို အပြတ်ရှင်းဖို့တဲ့လား မဖြစ် နိုင်ပါ။ ပြည်ထောင်စုဝင် မိသားစုအချင်းချင်း သူတို့လည်းပိုင်တဲ့ ဒီမြေ ပေါ်ကနေ လုံးဝပျောက်ကွယ်စေဖို့လည်း မဖြစ်နိုင်ပါ။ မဖြစ်သင့်ပါ။ ဒါကြောင့်  ပျက်စီးနေတဲ့   ယုံကြည်မှုတွေ၊  ပျောက်ဆုံးနေတယ်လို့ ယူဆကြတဲ့ လူမျိုးစု အမျိုးသားလက္ခဏာတွေနဲ့ ဥပဓိရုပ်တွေ၊ ဒီမို ကရေစီအခွင့်အရေးတွေနဲ့ နိုင်ငံရေးဆန္ဒတွေကို တစ်စုတစ်စည်းတည်း ဖြေရှင်းနိုင်ဖို့ ငြိမ်းချမ်းရေးစားပွဲက အသင့်ရှိနေဆဲပါ။ တွေ့ဆုံဆွေးနွေး အဖြေရှာရေးဆိုတာ နိုင်ငံရေးလူကြီးလူကောင်းဆန်မှုကို သဘောရိုးနဲ့ ပြကြရမယ့်နေရာ၊ အမျိုးသားရင်ကြားစေ့ရေး အစီအစဉ်ဆိုတာ အားလုံးသဘောပေါက်ကြပါတယ်။   သဘောပေါက်ခဲ့ကြလို့လည်း တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေး  NCA  သဘောတူချက်ကို တိုင်းရင်းသား လက်နက်ကိုင်အားလုံးနီးပါးက စကားလုံးတစ်လုံးချင်း၊ စာကြောင်း တစ်ကြောင်းချင်းကို ဖြုတ်ပယ်၊ ဖြည့်စွက်၊ အဓိပ္ပာယ်ဖွင့် အစားထိုး ပြင်ဆင်   ဆွေးနွေးသဘောတူခဲ့ကြတယ်။   ပြီးမှ   အားလုံးဆန္ဒနဲ့ အတည်ပြုခဲ့ကြတယ်။ ဒီလိုနဲ့ NCA တစ်နိုင်ငံလုံးပစ်ခတ်မှုရပ်စဲရေး သဘောတူချက်ကြီးဆိုတာ ပေါ်ပေါက်ခဲ့တယ်။ 
ဒါပေမယ့် ဘာကြောင့် ငြိမ်းချမ်းရေးစားပွဲမှာ အတူမထိုင်နိုင်ကြ သေးတာလဲ။ နိုင်ငံနဲ့လူမျိုးကို   အမှန်တကယ်ချစ်ရင်   ငြိမ်းချမ်းရေးဆီ မလျှောက်လှမ်းသင့်ပေဘူးလား။ 

 


-     နိုင်ငံရေးလောဘတွေ၊ နိုင်ငံရေးမာနတွေ၊ နိုင်ငံရေးမယုံသင်္ကာမှု တွေကို ဖြေလျှော့ဖို့ အားလုံးစုံညီ ငြိမ်းချမ်းရေးစကားဝိုင်းဆီ လာသင့်ပါပြီ။
-     မိမိတို့ဒေသပြည်သူတွေ၊   မိမိတို့လူမျိုးစုတွေ   ခံစားနေရတဲ့ လက်နက်ကိုင်ပဋိပက္ခရဲ့   ဆိုးကျိုးတွေကို   ထည့်သွင်းမစဉ်းစား တော့ဘူးလား။ 
-     မိမိကိုယ်ကျိုးစီးပွား၊ အဖွဲ့အစည်း အကျိုးစီးပွားထက် မိမိတို့ ဒေသရှိ လူမျိုးတွေရဲ့  အသက်အိုးအိမ်နဲ့  လူမှုဘဝတွေကို မထိခိုက်စေဖို့ ရှေးရှုတဲ့ဆန္ဒတွေ မထားရှိသင့်ပေဘူးလား။ 
-     ဖက်ဒရယ်စနစ်အရ  လူမျိုးစုတွေရဲ့  ဥပဒေနဲ့အညီ ရပ်တည်ခွင့် အချုပ်အခြာအာဏာအတွင်းက နိုင်ငံသားတွေရဲ့  နိုင်ငံရေး၊ စီးပွားရေး၊ သယံဇာတခွဲဝေကျင့်သုံးရေးနဲ့အုပ်ချုပ်ရေး၊ တရား စီရင်ပိုင်ခွင့်တွေမှာ   ပါဝင်ခွင့်တွေရှိဖို့    တွေ့ဆုံဆွေးနွေး အဖြေရှာရေး လမ်းမှတစ်ပါး မရှိပါလို့ ပြောချင်တယ်။ 
-     ကိုယ့်လူမျိုး၊ ကိုယ့်ပြည်သူ၊ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်နိုင်ငံ အရေးကို ပြင်ပ ပယောဂမပါ  အချင်းချင်း ဖြေရှင်းနိုင်ကြရင်ဖြင့် ငြိမ်းချမ်းရေးခရီးဟာ မဝေးလှဘူးလို့ ဆိုချင်ပါတယ်။  

 


ဒါကြောင့် ငြိမ်းချမ်းရေးအတွက် စေတနာမှန်ရင် တွေ့ဆုံဆွေးနွေး အဖြေရှာရေးဆီ လှမ်းကြဖို့လိုပါတယ်။ အပြစ်မဲ့ပြည်သူတွေရဲ့ မျက်နှာ ကိုမထောက်ဘဲ လက်နက်အင်အားနဲ့ ငါတကော ကောရာမရောက် အောင် မိမိတို့စိုက်ခဲ့တဲ့ NCA ပင်ပျိုကို ရှင်သန်ခွင့်   ပေးလိုက်ကြဖို့ တိုက်တွန်းချင်ပါတယ်။ 

 


အမျိုးသားညီညွတ်ရေး 


နောက်တစ်ချက်ကတော့  အမျိုးသားညီညွတ်ရေးပါ။   လူမျိုး တစ်မျိုးတည်းရှိတဲ့ ဂျပန်၊ အစ္စရေးလို နိုင်ငံတွေမှာတောင် တစ်မျိုးသား လုံးညီညွတ်ရေးဟာ အရေးကြီးပါတယ်။  ကိုယ့်မြေ၊   ကိုယ့်ရေကို ထိပါးရင် နာတတ်တယ်။ ဒါဟာ တိုင်းချစ်ပြည်ချစ် မျိုးချစ်စိတ် မွေးမြူ ကြလို့ပဲဖြစ်တယ်။ မြန်မာနိုင်ငံမှာ လူမျိုးပေါင်းစုံရှိတယ်။ ဒါကြောင့် လူမျိုးပေါင်းစုံ ညီညွတ်ရေးဟာ လူမျိုးစုံ ပြည်ထောင်စုဖြစ်တဲ့ မြန်မာ ပြည်အတွက် အသက်ပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းက ပြောဖူးတယ်။ “ လူမျိုးဆိုတာ နှစ်ပရိစ္ဆေဒကြာမြင့်စွာ ရေမြေပိုင်နက်တစ်ခုတည်းပေါ် မှာ တစ်မြေတည်းနေ တစ်ရေတည်းသောက် အတူနေကြသူတွေ၊ ဒီမြေ၊ ဒီရေရဲ့ အကျိုးစီးပွားကို ကောင်းတူဆိုးဖက်ခံစားပြီး ဒီမြေ၊ ဒီရေကို ပူးပေါင်းကာကွယ်စောင့်ရှောက်နေထိုင်တဲ့  လူအစုအဝေးဟာ  လူမျိုးတွေပဲဖြစ်တယ်လို့” အဓိပ္ပာယ်ဖွင့်ဆိုခဲ့တယ်။ အဲဒီတော့ ဒီလူအစု အဝေးဖြစ်တဲ့  ဒီလူမျိုးတွေရဲ့အရေးဟာ  ပြည်ထောင်စုအမျိုးသားရေး ပါပဲ။ ဒီတော့ ဒီမြေ၊ ဒီရေကို ကာကွယ်ကြဖို့ဆိုတဲ့  အမျိုးသားရေး တာဝန်ဟာ လူမျိုးတိုင်းမှာ ရှိတယ်ဆိုတာ ငြင်းမရတဲ့အချက်ပဲ  ဖြစ်ပါ တယ်။

 


အမျိုးသားရေးဆိုတာနဲ့  ပြည်ထောင်စုမြန်မာနိုင်ငံသားအားလုံးရဲ့ အရေးပဲဖြစ်ရမယ်။ ဒါကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံသား အမျိုး သားရေး ဒါမှမဟုတ် မြန်မာပြည်ထောင်စုအမျိုးသားရေးပဲဖြစ်တယ်။ ကျွန်တော်တို့နိုင်ငံဟာ တောင်တန်းနဲ့ မြေပြန့်ပထဝီအနေအထားအရ လူမျိုးပေါင်းစုံ နေထိုင်ပြီး တည်ရှိမှုအရ ဆက်စပ်နေတယ်။ အကျိုး စီးပွားချင်းလည်း ဆက်စပ်နေတယ်။ သမိုင်းနောက်ခံအရလည်း ခွဲမရ အောင် စပ်ဆက်ပတ်သက်နေတယ်။ ဒါကို  ခွဲခြားရှုမြင်လို့ မရဘူး။ မြန်မာတွေဟာ အချုပ်အခြာအာဏာဆုံးရှုံးပြီး ကျွန်သပေါက်ဘဝ ရောက်ခဲ့ကြဖူးပြီ။ ဒါကြောင့် လွတ်လပ်တဲ့ ကိုယ့်မြေ၊ ကိုယ့်ရေပေါ်မှာ အင်အားတောင့်တင်းစွာ   လူမျိုးပေါင်းစုံအားနဲ့  စည်းလုံးညီညွတ်စွာ နေမလား၊ ဒါမှမဟုတ် မိမိနိုင်ငံမှာ ပထမတန်းစား မြန်မာနိုင်ငံသား အဖြစ်နေမလား။ နိုင်ငံကြီးတွေရဲ့ လက်ဝေခံ၊   ဩဇာခံ၊  သူတို့နိုင်ငံရဲ့ အခြံအရံ တိုင်းငယ်၊ ပြည်ငယ်တွေအဖြစ် နေချင်သလား။ အဖြေက တော့ ဒုတိယတန်းစား နိုင်ငံသားတွေအဖြစ် ဘယ်လူမျိုးမှ မနေလို၊ မရောက်လိုကြပါ။ အဲဒီတော့ တစ်မျိုးသားလုံးညီညွတ်ရေးဆီ လှမ်းကြ ဖို့ပဲရှိတယ်။ ဒါဆိုရင် ညီညွတ်ရေးရဲ့  အခြေခံတွေကို ရယူဆုပ်ကိုင်ဖို့ တော့ လိုပါလိမ့်မယ်။ အဲဒါတွေက-


(က)    လူမျိုးကြီး၊ လူမျိုးငယ် မခွဲခြားဘဲ အဆင့်အတန်းနဲ့ အခွင့် အလမ်းမှာ အမျိုးသားတန်းတူညီမျှမှု ရှိစေရပါမယ်။ 
(ခ)     လူမျိုးတိုင်းရဲ့ အမျိုးသားလက္ခဏာနဲ့ စာပေယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ ထိန်းသိမ်းရရှိနိုင်ရေး ရှိစေရပါမယ်။
(ဂ)     နိုင်ငံတော်လုံခြုံရေး၊ နိုင်ငံတော်ကာကွယ်ရေးနဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊   ဥပဒေပြုရေး၊   တရားစီရင်ရေးတွေမှာ ဖက်ဒရယ်အခြေခံဥပဒေအရ    နိုင်ငံသားတိုင်း   ပါဝင် ဆောင်ရွက်ခွင့် ရှိစေရမယ် စသည်တို့ဖြစ်ပါတယ်။

 


ဒါဟာ အချုပ်အခြာအာဏာကို နိုင်ငံသားတိုင်း ကိုယ်စားပြုခွင့်ဆီ ရောက်ရေး လမ်းဖွင့်စေတာပါပဲ။ မြန်မာနိုင်ငံဟာ လူမျိုးတိုင်းရဲ့ နိုင်ငံ ဖြစ်တယ်။ ကိုယ်တိုင်ပါဝင်  ထိတွေ့ကိုင်တွယ်  အုပ်ချုပ်နိုင်ခွင့်တွေ ရှိတဲ့အဆင့်ရောက်ရင်   အမျိုးသားစည်းလုံးညီညွတ်မှု (National Solidanrity)ကို ရောက်ပါပြီ။ တိုင်းချစ် ပြည်ချစ်၊ နိုင်ငံနဲ့ လူမျိုးချစ်စိတ် တွေ ရှင်သန်အောင် စိတ်တူကိုယ်တူ စုပေါင်းမွေးမြူကြနိုင်မယ်ဆိုရင် တစ်မျိုးသားလုံး သွေးစည်းညီညွတ်ရေး (National Fraternity)နဲ့ ဖက်ဒရယ်ပြည်ထောင်စု အသစ်ဆီ ဦးတည်နိုင်ပြီလို့ ပြောချင်ပါတယ်။ 

 


ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး 


ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးကို စဉ်းစားရင် နိုင်ငံရဲ့ သမိုင်းဖြစ်စဉ်ကိုပါ ပြန်ကြည့်ဖို့ လိုမှာဖြစ်တယ်။ ပထမမြန်မာနိုင်ငံ တော်ဟာ အနော်ရထာခေတ်၊ ဒုတိယမြန်မာနိုင်ငံတော်ဟာ ဘုရင့် နောင်ခေတ်၊ တတိယမြန်မာနိုင်ငံတော်ဟာ အလောင်းဘုရားခေတ် ဖြစ်ပါတယ်။ ဒီနိုင်ငံတော်ကြီးတွေဟာ လက်နက်နိုင်ငံတော်တွေဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းကို လွှမ်းခြုံစိုးမိုးနိုင်ခဲ့တဲ့ ဘုရင့်နိုင်ငံတော်တွေ ဖြစ်ပါတယ်။ နိုင်ငံတစ်နံတစ်လျား လက်နက်နဲ့ လွှမ်းမိုးအုပ်ချုပ်နိုင် ခဲ့ကြတယ်။   ဗိုလ်ချုပ်အောင်ဆန်းနဲ့   လွတ်လပ်ရေးဖခင်ကြီးတွေ တည်ထောင်တဲ့ မြန်မာနိုင်ငံကတော့ လက်နက်နဲ့လွှမ်းမိုးတာ မဟုတ် ဘဲ  အမျိုးသားစည်းလုံးမှုနဲ့စခဲ့တဲ့  ပြည်ထောင်စုပုံသဏ္ဌာန်နိုင်ငံ ဖြစ်တယ်။ ပင်လုံသဘောတူညီမှု အငွေ့အသက်တွေပါတဲ့ တိုင်းရင်း သားလူမျိုးများရဲ့ သမ္မတမြန်မာနိုင်ငံတော် ဖြစ်ပါတယ်။ ဒါကြောင့် ပထမပြည်ထောင်စုသမ္မတနိုင်ငံတော်လို့ခေါ်မှ မှန်ကန်ပါမယ်။ ဒါဆို ရင် မြန်မာ့သမိုင်းမှာ ဘုရင့် နိုင်ငံတော်သုံးခုနဲ့ ပြည်ထောင်စုသမ္မတနိုင်ငံ တစ်ခုကို ဖြတ်သန်းခဲ့ပြီလို့ ဆိုရပါမယ်။ 

 


လွတ်လပ်ရေးရခဲ့ပေမယ့် မြန်မာနိုင်ငံဟာ နိုင်ငံရေးအထိုင် မကျ သေးပါဘူး။ မညီညွတ်မှုတွေ၊  မယုံသင်္ကာမှုတွေ၊ စစ်ခင်းနေရမှုတွေနဲ့ မြန်မာ့မြေဟာ   သွေးလူးနေဆဲပဲဖြစ်တယ်။   ဒါဟာ ဘာကြောင့်လဲ၊ ခေတ်အဆက်ဆက်  နိုင်ငံရေးလိုအင်ဆန္ဒတွေ မပြည့်ခဲ့ကြလို့ဖြစ်တယ်။ ဒီလိုမပြည့်ကြတဲ့အတွက် ငြိမ်းချမ်းရေးဟာ လက်တစ်ကမ်းအကွာမှာ ဖမ်းဆုပ်မရ  ဖြစ်နေဆဲဖြစ်ပါတယ်။   ဒါကြောင့်   ပြည်သူတွေဟာ ဖက်ဒရယ်ပြည်ထောင်စုတစ်ခုပေါ်ပေါက်ရေးကို မျှော်မှန်းတမ်းတကြ တယ်။ ဖက်ဒရယ်က ညီညွတ်ရေးအတွက် ဆိုခဲ့ပါ အဟန့်အတားတွေကို ဖြိုချနိုင်မလားပေါ့။  

 


ဒီမှာတင် မေးခွန်းက ရှိနေပါတယ်။ ပါဝင်သူအားလုံးဟာ -
-     မြန်မာပြည်ကြီးကို  တကယ်ပဲ မပြိုမကွဲ  ငြိမ်းချမ်းချင်ပါသလား။ 

 


-     ဖက်ဒရယ်စနစ်က   တန်းတူညီမျှအခွင့်အရေးတွေ၊  ကိုယ်ပိုင် အုပ်ချုပ်ခွင့်တွေနဲ့    မယိုင်မလဲခိုင်မြဲတဲ့     ပြည်ထောင်စုမှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုတွေကို  ရနိုင်ပါသလား။ နောက်ပြီး ဖက်ဒရယ်ပြည်ထောင်စုအတွင်းမှာ ဥပဒေနဲ့အညီ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ကျင့်သုံးနိုင်မယ့် အနေအထားလား။

 


-     တိုင်းရင်းသား ပြည်သူအားလုံးဟာ ဖက်ဒရယ်ပြည်ထောင်စုကို တကယ်လိုချင်ကြပြီး  အဲဒီပြည်ထောင်စုရဲ့ အချုပ်အခြာအာဏာ ကို စုပေါင်းကာကွယ်ကြမယ့်  အဓိဋ္ဌာန်ကော ပြုကြမှာလား ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ မေးခွန်းတွေရဲ့ အဖြေက စိတ်ဝမ်း ညီညွတ်စွာ ဖက်ဒရယ်စနစ်ကို ထူထောင်မယ်ဆိုရင် အမျိုး သားညီညွတ်ရေးကြီးကို ဖက်ဒရယ်ပြည်ထောင်စုအတွင်းမှာ ဧကန်ရှာတွေ့မှာ မလွဲပါလို့ ပြောချင်ပါတယ်။

 


အမေရိကန်ပြည်ထောင်စုဟာ ၁၃ ပြည်နယ်နဲ့ စခဲ့တယ်။ ပြည်နယ် တွေရဲ့ လူဦးရေ၊  စီးပွားရေးအလားအလော၊   ကုန်ထုတ်လုပ်နိုင်မှု၊ ပြည်နယ်အတွင်း ရိက္ခာဖူလုံမှုအတိုင်းအတာ၊ လမ်းပန်းဆက်သွယ်ရေး နဲ့ နောက်ပြီး  ပြည်နယ်တစ်ခုချင်းဟာ   နိုင်ငံရေးအရအရေးပါတဲ့ အနေအထားရှိမှု စသည်တို့အပေါ် မူတည်ပြီး သူတို့ ပြည်နယ်အသစ် တွေ တိုးချဲ့ခဲ့ကြတယ်။ ခုဆို ပြည်နယ်  ၅၀ အထိ ရှိနေပြီဖြစ်ပါတယ်။ မြန်မာပြည်ထောင်စုမှာလည်း  အထက်ကလို ပြည်နယ်ဆိုင်ရာ အရည် အချင်းတွေ ပြည့်မီရင် လက်ရှိ  Federal Unit  ပြည်နယ် ၁၄ ခုကို မဏ္ဍိုင်ပြုပြီး -


(၁) အမျိုးသားပြည်နယ်၊
(၂) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ 
(၃) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
(၄) လူမျိုးစုဧရိယာ အစရှိသဖြင့် လူမျိုးတွေရဲ့ နိုင်ငံရေး၊ စီးပွား ရေး၊ အုပ်ချုပ်ရေးစတဲ့ အခွင့်အလမ်းဆိုင်ရာ ဒီမိုကရေစီ လွတ်လပ်ခွင့် တွေနဲ့ အမျိုးသားညီညွတ်ရေးခိုင်မာရေးကို   ရှေးရှုပြီး    ဖက်ဒရယ် ပြည်ထောင်စုယူနစ်တွေကို   တိုးချဲ့ဖွဲ့စည်းပေးဖို့     အချိန်တန်ပြီဖြစ် ကြောင်း ပြောလိုပါတယ်။ ဒါဟာ စုစည်းညီညွတ်ခိုင်မာတဲ့ ပြည်နယ် ပေါင်းစု ဖက်ဒရယ်ပြည်ထောင်စုကြီးအဖြစ် မြင်လိုတွေ့လိုတဲ့ နိုင်ငံရေး ဆန္ဒဖြစ်ပါတယ်။

 


ပြည်ပ ပယောဂတွေဟာ တစ်နေ့တခြား များလာသလို တိုင်းရင်း သား လက်နက်ကိုင်တွေဆီ သပ်လျှိုသွေးခွဲ ဝင်ရောက်နေတာ မြင်နေရ ပါပြီ။ မြန်မာပြည်ကြီးပြိုကွဲပြီး နယ်မြေဖဲ့ယူလိုတဲ့အကြံဟာ ရပ်မနေပါ ဘူး။ သားစဉ်မြေးဆက် ကာကွယ်နေရဦးမှာကို သတိချပ်ရပါမယ်။ ဒီအကြံကို နောက်ကနေပြောင်ပြောင်တင်းတင်း   နိုင်ငံကြီးတွေရဲ့ အားပေးမှုဟာ မြန်မာတွေ ပိုမိုသွေးစည်းဖို့လိုကြောင်း ပြနေပါတယ်။ နိုင်ငံကြီးတွေရဲ့ ဒေသတွင်းပဋိပက္ခ၊ ပထဝီနိုင်ငံရေး အသာစီးယူလိုမှု အတွက် စစ်ရေး၊ နိုင်ငံရေး ချိန်ခွင်လျှာကို တမင်ရှုပ်ထွေးအောင် ဖန်တီး နေမှုကို   မျက်ဝါးထင်ထင် မြန်မာတွေမြင်အောင် ကြည့်ကြစေချင်ပါ တယ်။

 

သံလွင်၊ စစ်တောင်း၊ ပေါင်းလောင်း၊ ဧရာဝတီ၊ မြန်မာ့မြေဆီ ပေါ်မှာ ကျခဲ့တဲ့သွေးတွေ သမိုင်းတစ်ခေတ်မှာ  ကျန်ရစ်ပါစေတော့။ တောင်ပေါ်၊ မြေပြန့်၊ ချိုင့်ဝှမ်း၊  လွင်ပြင်  လယ်ကွင်းပြင်တွေဆီက စလို့ အမျိုးသားသွေးစည်းညီညွတ်မှုကြီးကို ရှာဖွေဖို့ အချိန်တန်ပါပြီ။  ဒါကြောင့် “နာစရာရှိရင် လွမ်းစရာနဲ့ဖြေကြပါစို့” လို့  တိုက်တွန်းလိုက်ပါ တယ်။

 


နိုင်ငံရေးဒေါသ၊ မာန်မာနနဲ့ မစ္ဆရိယစိတ်တွေကင်းစင်ပြီး နိုင်ငံနဲ့ ပြည်သူကိုချစ်တဲ့   စိတ်ထားတွေနဲ့  အမျိုးသားရင်ကြားစေ့ရေးကို အရောက်လှမ်းနိုင်ကြပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။      ။