
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)
=======================
အညာဒေသကား ပူပြင်းခြောက်သွေ့ပြီး နှစ်စဉ်ရွာသွန်းသော မိုးကလည်းနည်း၍ သစ်ပင်တောတောင်တို့မှာ စိမ်းလန်းမှုမရှိပါ။ ထို့ကြောင့် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်က (၉)ခရိုင် စိမ်းလန်းစိုပြည်ရေးဖြင့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် သစ်ပင်များ နှစ်စဉ် စိုက်ပျိုးခဲ့ကြသည်။
ညောင်ဦးမြို့နယ်သည် အပူပိုင်းဇုန်တွင် ပါဝင် သောမြို့နယ်ဖြစ်၍ ပူပြင်းခြောက်သွေ့ကာ ရေရှားပါးလျက်ရှိပြီး ဧရာဝတီမြစ်ရေကို လျှပ်စစ် ရေတင်စနစ် အဆင့်ဆင့်ဖြင့် ကျေးရွာများသို့ ရေဖြန့်ဝေပေးနေသော်လည်း ကျေးရွာများပြားလှ သဖြင့် ရေလုံလောက်မှု အလွန်နည်းပါးနေသော မြို့ဖြစ်နေလေသည်။ ထိုရေရှားပါးမှုပြဿနာကို ပညာရှင်တို့ အဖြေရှာနေရသည်။
မြေအောက်တမံ
မြေအောက်ရေကို တူးဖော်ပေးသော်လည်း တွင်းနက်တူးရခြင်း၊ တစ်နှစ်၊ နှစ်နှစ်ဖြင့် မြေအောက် ရေခန်းသွားခြင်း၊ စက်ပျက်ခြင်းများ မကြာခဏ ဖြစ်ခြင်း၊ ရေထွက်နှုန်း နည်းပါးခြင်း၊ တူးဖော်ခါစ ရေချိုဖြစ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ထုံးဓာတ်ပါဝင်မှု များပြားလာခြင်းကြောင့် ထမင်း၊ ဟင်းချက်ရန် အသုံးပြု၍ မရတော့ခြင်းနှင့် ငွေကုန် ကြေးကျများသလောက် အကျိုးနည်းပါးခြင်းများကို ကာမိစေပြီး တစ်နှစ်ပတ်လုံး ရေချိုရရှိစေမည့် နည်းလမ်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ပညာရှင်များက မြေအောက်တမံများ ကာဆီး၍ ရေသိုလှောင်နိုင် မည့်နည်းလမ်းကို လက်တွေ့စမ်းသပ်၍ ရေရရှိရေး အတွက် နိုင်ငံတော်အကြီးအကဲများထံ ခွင့်ပြုချက် ရယူကာ မြေအောက်တမံ စတင်တည်ဆောက်ခဲ့ကြ သည်။
မြေအောက်တမံသည် မိုးရွာသည့်အခါ ချောင်း အတွင်း စီးဆင်းသည့်ရေကို မြေအောက်တွင် ဖမ်းထိန်းနိုင်ရန် ချောင်းမြေမျက်နှာပြင်နှင့် တစ်ပြေးညီဖြစ်ပြီး မြေအောက်တွင် တူးဖော်၍ အဆင့်ဆင့်ကာဆီးပြီး ရေကို မြေအောက်တွင် သိုလှောင်ဖော်ယူအသုံးပြုနိုင်ကြောင်းနှင့် ရေတူး ဖော်မရခဲ့သည့်ဒေသများ မြေအောက်တမံ အနီး အနားတစ်ဝိုက် ဖော်ယူသုံးစွဲနိုင်ကြောင်း လက်တွေ့ သိခဲ့ရသည်။
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ချောင်းဝကျေးရွာအုပ်စု ငါ့လင်းပုတ်ကျေးရွာ အုပ်ချုပ်ရေးမှူးက “မြေအောက်တမံဆိုတာ ကျွန်တော်တို့ဘက်မှာ အခုမှ ကြားဖူးကြတာ။ ဆည်မြောင်းကနေ လာရောက်လုပ်ကိုင်နေကြလို့ သာ တဖြည်းဖြည်းသိလာရတာ။ တမံဆိုတာ မြေပေါ်မှာသာ မြင်ဖူး၊ တွေ့ဖူးကြတာ။ မိုးခေါင် ရေရှားရပ်ဝန်းမှာ ဝါခင်းကြီးချောင်း မြေအောက် တမံ အောင်မြင်ပြီး ရေရရှိအောင် တည်ဆောက်နိုင် ခဲ့လို့ ယခင်က ရေကိုခက်ခဲပင်ပန်းစွာ စုဆောင်းရ တဲ့ ဝဋ်ဒုက္ခကနေ လွတ်မြောက်ခဲ့ရပါတယ်” ဟု ပြောသည်။
ညောင်ဦးမြို့နယ်အတွင်း ရေရှားပါးမှုနှင့် ကျေးလက်ပြည်သူများ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ မြေအောက်တမံများ တည်ဆောက်ရေး လမ်းညွှန်မှုအပေါ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်းရှိ “ဝါခင်းကြီးမြေအောက် တမံ” အား အကောင်အထည်ဖော် တည်ဆောက်နိုင် ရေးအတွက် တိုင်းဒေသကြီး အထွေထွေပိုလျှံရန်ပုံငွေ ဖြင့် လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်ခဲ့
ချောင်းဝကျေးရွာနှင့် ငါ့လင်းပုတ်ကျေးရွာအနီး ဖြတ်သန်းစီးဆင်းသွားသော ရေဆင်းဧရိယာ ၁၆ စတုရန်းမိုင် ကျယ်ဝန်းသည့် ဝါခင်းကြီးချောင်း အား ၂၀၂၁ ခုနှစ် မေလ ၁၀ ရက်မှစတင်ပြီး မြေအောက်တမံတည်ဆောက်ရာတွင် ရေလုံလွှာ အောက်ခံကျောက်သား (Bed Rock) ရရှိစေရန် ချောင်းကြမ်းပြင်အောက် အနက် ပေ ၄၀ သဲလွှာဒု အား တူးထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အောက်ခံကျောက်သားပြင် (Bed Rock) မျက်နှာပြင် ညီညာမှုရှိစေရန် (Dental Treatment) ပြုလုပ် ခြင်းနှင့် တမံ၏ အောက်ခံအုတ်မြစ် (Foundation) ရရှိစေရန် အောက်ခံကွန်ကရစ်လောင်းခြင်း၊ အလျား ပေ ၄၅၀၊ အကျယ် ခြောက်ပေ၊ အမြင့် ၂၃ ပေရှိ ကျောက်ကြီးစီကွန်ကရစ်လောင်းခြင်းနှင့် ရေလုံမှု ရှိစေရန် ရွှံ့စေးမြေ (Clay Ball) ကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းများ ပြီးစီးပြီးနောက် ရေလုံ မြေစေး (Selected Soil) ဖို့ခြင်းနှင့် သဲမြေဖြင့် မြေပြန်ဖို့ခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၃၁ ရက်တွင် မြေအောက်တမံ တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့သည်။
မြေအောက်ရေမျက်နှာပြင် မြင့်တက်လာ
မြေအောက်တမံများ တည်ဆောက်ခြင်း ကြောင့် မြေအောက်ရေမျက်နှာပြင် မြင့်တက်လာ ပြီး ရေကိုရာသီမရွေး လွယ်ကူစွာ ထုတ်ယူ၍ သန့်ရှင်းသော သောက်သုံးရေဖူလုံစွာ ရရှိစေမည်ဖြစ် သည်။ ဒေသခံပြည်သူများအနေဖြင့် တစ်ချိန်က သောက်သုံးရေရရှိရန် ရေတွင်းအနက် ပေ ၃၀ လျှင် ရေနေ တစ်ပေခွဲခန့်အား ရေခပ်သူအမြောက်အမြား တန်းစီစောင့်ဆိုင်းခဲ့ရာမှ ယခုကဲ့သို့ မြေအောက်တမံ တည်ဆောက်ခြင်းဖြင့် မြေအောက်ရေများ မြင့်တက်လာပြီး မြေအောက်တမံအထက်ဘက်တွင် ယခုအခါ လက်ယက်တွင်း (၄-၅)ပေခန့် တူးရုံမျှဖြင့် ရေထွက်ရှိကာ ကျေးရွာအတွင်းရှိ ရေတွင်းများမှာ လည်း ယခင်က ငါးပေအနက်ခန့် ရေအများ ဆုံးရှိရာမှ ယခုအခါ ၁၈ ပေမှ ၂၅ ပေခန့်အထိ မြင့်တက်လာကာ အချိန်မရွေး ရေခပ်ယူနိုင်ကြောင်း၊ မြေအောက်တမံတွင် ရေသိုလှောင် ထိန်းသိမ်းထား ခြင်းဖြင့် နောင်လာမည့်နှစ်အနည်းငယ်အတွင်း တွင်းတိမ်ရေတွင်းများဖြင့် တူးဖော်ကာ ရေအမြဲ ရရှိစေပြီး သောက်သုံးရေအပြင် စိုက်ပျိုးရေးလုပ်ငန်း များ လုပ်ကိုင်လာနိုင်မည်ဖြစ်သောကြောင့် ဒေသခံ ပြည်သူများမှာ ပျော်မဆုံးဖြစ်နေကြသည်ကို မြင်ခဲ့ ရ၍ စာရေးသူအနေဖြင့်လည်း ဝမ်းသာပီတိဖြစ်ခဲ့ ရသည်။
ရေဖူလုံစွာသုံးစွဲနိုင်မည်
“ဝါခင်းကြီးမြေအောက်တမံ” သည် မန္တလေး တိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ချောင်းဝကျေးရွာနှင့် ငါ့လင်းပုတ်ကျေးရွာအနီး ဝါခင်းကြီးချောင်းအား မြေအောက်တမံ တူးဖော်၍ တည်ဆောက်ထားခြင်းဖြစ်ပြီး အကျိုးပြုကျေးရွာ ရှစ်ရွာ၊ အိမ်ထောင်စု ၉၆၀ နှင့် လူဦးရေ ၄၀၀၀ အား ရေဖူလုံစွာသုံးစွဲနိုင်မည်ဖြစ်သည်။ ထို့ပြင် သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုနိုင်မည်ဖြစ်၍ ဒေသပေါက်ပင်များ ရှင်သန်ကြီးထွားခြင်းအားဖြင့် မြေအောက်ရေ၊ မြေပေါ်သစ်ပင်များ ဟန်ချက်ညီစွာ ပေါင်းစပ်ဖြစ်ထွန်းပြီး ကျေးငှက်များဖြင့် အမြဲ မြင်တွေ့ရရှိတော့ မည်ဖြစ်ပေသည်။
မြေအောက်တမံတည်ဆောက်ခြင်း၏ နှစ်အစ မှာပင် ဒေသခံပြည်သူများ အောင်မြင်သည့် အသီး အပွင့်ခံစားနေရပြီဖြစ်ပြီး ညောင်ဦးမြို့နယ်အတွင်းရှိ ပြည်သူများလည်း လာရောက်လေ့လာကြည့်ရှုမှု များလာခြင်းကြောင့် မြေအောက်တမံ တစ်ခေတ် ဆန်း ကျေးလက်နေပြည်သူများ တောင့်တသည့် ရေကြည်ရာမြက်နုရာဆိုသည့်အတိုင်း မိုးခေါင် ရေရှားရပ်ဝန်းများတွင် မြေအောက်တမံများ တည်ဆောက်ပြီး သောက်သုံးရေမှသည် စိုက်ပျိုးရေ အထိ ထုတ်ယူသုံးစွဲနိုင်တော့မည်ဖြစ်၍ အဆိုပါ “ဝါခင်းကြီးချောင်း မြေအောက်တမံ” မှသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေ ပြည်သူများ လိုလားတောင့်တသည့် “ရွှေကိုမလို ငွေကိုမလို ရေကိုသာလိုသည်” ဆိုသော ကျေးလက် နေ ပြည်သူများ၏ဆန္ဒ ပြည့်ခဲ့လေပြီ။ ။
ဝါခင်းကြီးချောင်းမြေအောက်တမံလုပ်ငန်းဆိုင်ရာအချက်အလက်များ
(က) တည်နေရာ - ညောင်ဦးမြို့နယ် ချောင်းဝကျေးရွာအနီး
( ခ ) ရေဆင်းဧရိယာ - ၁၆ စတုရန်းမိုင်
( ဂ ) ပျမ်းမျှမိုးရေချိန် - ၂၆ လက်မ
(ဃ) မြေပုံအညွှန်း - ၁ လက်မ = ၁မိုင် ( 84 K/16-502314)
( င ) မြေအောက်တမံအလျား - ၄၅၀ ပေ
( စ ) မြေအောက်တမံ အနက် - ၄၀ ပေ
(ဆ) တမံ အမျိုးအစား - ကျောက်စီ ကွန်ကရစ်နံရံနှင့် ရေလုံမြေစေး တမံ
( ဇ ) ရေလှောင်ပမာဏ - ၁၀၀၀ ဧကပေ/ ဂါလန်(၂၇၀.၀၀ သန်း)