
ရန်ကုန် ဒီဇင်ဘာ ၁၇
၂၀၂၂ ခုနှစ် မေလတွင် ပြန်လည်ကျင်းပမည့် (၃၁) ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲ (အရှေ့တောင်အာရှအားကစားပြိုင်ပွဲ)တွင် အားကစားနည်း ၄၀ ပါဝင်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းထားခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ် မေ ၁၂ ရက်မှ ၂၃ ရက်အထိ ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။
အိမ်ရှင်ဗီယက်နမ်နိုင်ငံအနေဖြင့် အားကစားနည်း ၄၀ မှ ပြိုင်ပွဲ အမျိုးအစား ၅၂၆ မျိုး ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို မေ ၁၂ ရက်၊ ပိတ်ပွဲအခမ်းအနားကို မေ ၂၃ ရက်တွင် ကျင်းပမည်ဖြစ်ကာ အားကစားနည်းအချို့ကိုမူ ဖွင့်ပွဲရက်မတိုင်မီ ပြုလုပ်သွားမည်ဖြစ်သည်။ (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ပြေးခုန်ပစ်၊ မြားပစ်၊ ရေကူး၊ ကြက်တောင်၊ ဗိုဗီနမ်၊ အလေးမ၊ နပန်း၊ ဝူရှူး၊ ဘတ်စကက်ဘော၊ ဘိလိယက်နှင့် စနူကာ၊ ကာယဗလ၊ ဘိုးလင်း၊ လက်ဝှေ့၊ ကနူးကယက်၊ စစ်တုရင်၊ စက်ဘီး၊ Dancesport ၊ ဘောလုံး/ဖူဆယ်၊ ဂေါ့ဖ်၊ ကျွမ်းဘား၊ Handball ၊ ဂျူဒို၊ ဂျူဂျစ်ဆု၊ Esports ၊ ဓားရေး၊ ကရာတေး၊ ကစ် ဘောင်ဆင်၊ Kurash ၊ မွေထိုင်း၊ ပန်ကြပ်ဆီလပ်၊ ပီတန်း၊ အပြည်ပြည် ဆိုင်ရာလှေ၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ Xiangqi၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ သုံးမျိုးစုံ၊ ဘော်လီဘောအားကစားနည်းများ ပါဝင်မည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ယင်းပြိုင်ပွဲတွင် အားကစား နည်း ၁၈ မျိုး ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။ မြန်မာအားကစားအဖွဲ့အနေဖြင့် ရန်ကုန်၊ နေပြည်တော်တို့တွင် အဓိကလေ့ကျင့်လျက်ရှိပြီး အားကစားအဖွဲ့အချို့ မှာမူ ပြည်ပနိုင်ငံ၌ လေ့ကျင့်လျက်ရှိသည်။
ယင်းပြိုင်ပွဲကို ပုံမှန်အရ ယခုနှစ် နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ကျင်းပရမည်ဖြစ်သော်လည်း ကပ်ရောဂါကြောင့် ရွှေ့ဆိုင်း ခဲ့ရခြင်းဖြစ်ပြီး လာမည့်နှစ် မေလတွင် ပြန်လည်ကျင်းပရန် ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။ (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို လာမည့်နှစ်သို့ ရွှေ့ဆိုင်းခဲ့သော်လည်း ထည့်သွင်းကျင်းပမည့် အားကစားနည်းများ ပြောင်းလဲခြင်းမရှိဘဲ ယခင်သတ်မှတ်ထားသည့်အတိုင်း အားကစား နည်း ၄၀ ထည့်သွင်းကျင်းပမည်ဖြစ်သည်။ ဗီယက်နမ်နိုင်ငံအနေဖြင့် ဆီးဂိမ်းပြိုင်ပွဲကို အိမ်ရှင်အဖြစ် ဒုတိယအကြိမ် လက်ခံကျင်းပခွင့်ရရှိ ခြင်းဖြစ်သည်။ ဗီယက်နမ်နိုင်ငံအနေဖြင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရထားသည့် ပြိုင်ပွဲများအနက် ဆီးဂိမ်းပြိုင်ပွဲကိုသာ ပြန်လည်ကျင်းပခြင်း ဖြစ်ပြီး အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲကိုမူ ဖျက်သိမ်းခဲ့သည်။
ရဲရင့်လွင်