ပြက္ခဒိန်တစ်နှစ်အတွင်း ဘွန်ဒက်စ်လီဂါသွင်းဂိုးအများဆုံး ဂတ်မူလာ၏စံချိန်ကို လီဝမ်ဒေါစကီးကျော်ဖြတ်

 

တိုက်စစ်မှူး  ရောဘတ် လီဝမ်ဒေါစကီးသည်  ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက ဘွန်ဒက်စ်လီဂါပွဲစဉ် (၁၇) တွင် ဘိုင်ယန်မြူးနစ်အသင်း က ဝုဖ်ဘတ်အသင်းကို လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သောပွဲစဉ်၌ ပွဲချိန် ၈၇ မိနစ်တွင် တစ်ဂိုးသွင်းယူနိုင်ခဲ့သောကြောင့် ပြက္ခဒိန်တစ်နှစ် အတွင်း   ဘွန်ဒက်စ်လီဂါ  သွင်းဂိုးအများဆုံး  သွင်းယူနိုင်ခဲ့သည့် ဂတ်မူလာ၏ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်သည်။ 

 


လီဝမ်ဒေါစကီးသည် ၁၉၇၂ ခုနှစ်က ဂတ်မူလာစံချိန်တင်ထားရှိ ခဲ့သော    ပြက္ခဒိန်တစ်နှစ်အတွင်း    ဘွန်ဒက်စ်လီဂါဂိုး    အများဆုံး ၄၂  ဂိုးကို    ကျော်ဖြတ်ကာ  ၄၃  ဂိုးဖြင့်    စံချိန်သစ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် လီဝမ်ဒေါစကီးသည် ဘလွန်းဒီအောဆု ငါးကြိမ် ဆွတ်ခူးထားသော      စီရော်နယ်ဒို၏      ပြက္ခဒိန်တစ်နှစ်အတွင်း ဂိုးအများဆုံးသွင်းယူနိုင်သည့်    ၆၉ ဂိုး  စံချိန်ကိုလည်း  လိုက်မီခဲ့ပြီ ဖြစ်သည်။  သို့သော်  ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက ဝုဖ်ဘတ်အသင်း ကို ဂိုးပြတ်အနိုင်ရရှိခဲ့သောပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၂၀၂၁  ခုနှစ်၏   နောက်ဆုံးပွဲစဉ်ဖြစ်သောကြောင့်  လီဝမ်ဒေါစကီး အနေဖြင့်   ပြက္ခဒိန်တစ်နှစ်အတွင်း  မက်ဆီသွင်းယူခဲ့သော   ၉၁ ဂိုး စံချိန်ကိုချိုးဖျက်ရန် ပျက်ပြယ်သွားခဲ့ပြီဖြစ်သည်။ 

 


ဂိုးအများဆုံးသွင်းယူထားသူစာရင်း


ပြက္ခဒိန်တစ်နှစ်အတွင်း ဂိုးအများဆုံး သွင်းယူထားသူစာရင်းတွင် မက်ဆီက ၂၀၁၂ ခုနှစ်တွင် ၉၁ ဂိုးဖြင့် ဦးဆောင်လျက်ရှိပြီး ၎င်းနောက် တွင် ဂတ်မူလာက  ၁၉၇၂ ခုနှစ်တွင် ၈၅ ဂိုး၊ ပီလီက ၁၉၅၈ ခုနှစ်တွင် ၇၅ ဂိုး၊ ရိုမာရီယိုက ၂၀၀၀ ပြည့်နှစ်တွင် ၇၂ ဂိုး၊ ပီလီက ၁၉၆၅ ခုနှစ် တွင်   ၇၂  ဂိုး၊    ဇီကိုက   ၁၉၇၉ ခုနှစ်တွင်   ၇၂  ဂိုး၊   စီရော်နယ်ဒိုက ၂၀၁၃ ခုနှစ်တွင် ၆၉ ဂိုးဖြင့် အစဉ်လိုက်ရပ်တည်နေသည်။  

 


ပြက္ခဒိန်တစ်နှစ်အတွင်း   ဘွန်ဒက်စ်လီဂါသွင်းဂိုးများ  အဆုံး စာရင်းတွင်  လီဝမ်ဒေါစကီးက  ယခုနှစ်တွင်  ၄၃ ဂိုးဖြင့်  ဦးဆောင် လျက်ရှိပြီး ဂတ်မူလာက ၁၉၇၂ ခုနှစ်တွင် ၄၂ ဂိုး၊ ဒီယေတာမူလာက ၁၉၇၇ ခုနှစ်တွင် ၃၉ ဂိုး၊ ဂတ်မူလာက ၁၉၇၆ ခုနှစ်တွင် ၃၆ ဂိုးဖြင့် အစဉ်လိုက် ရပ်တည်နေသည်။ 

 


ဘိုင်ယန်မြူးနစ်အသင်းသည်  ဝုဖ်ဘတ်ကို အနိုင်ရရှိခဲ့သောကြောင့် ဒုတိယနေရာမှ      ဒေါ့မွန်အသင်းထက်    တစ်ပွဲပိုကစားထားပြီး ကိုးမှတ်အသာဖြင့်    အမှတ်ပေးဇယားကို   ဦးဆောင်ထားသည်။ ဘိုင်ယန်မြူးနစ်အသင်းသည်     လာမည့်   ဇန်နဝါရီ ၈  ရက်တွင်    မိုချန်ဂလာဘတ်အသင်းနှင့်  ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

 


၃၂၄ ဂိုး သွင်းယူပေးထား


အသက် ၃၃ နှစ်အရွယ်ရှိ လီဝမ်ဒေါစကီးသည် ဘိုင်ယန်မြူးနစ် အသင်းသို့ ၂၀၁၃ ခုနှစ်တွင် ပြိုင်ဘက်ဒေါ့မွန်အသင်းမှ ပြောင်းရွှေ့ ရောက်ရှိလာသူဖြစ်ပြီး   အသင်းအတွက်  ပြိုင်ပွဲအရပ်ရပ် ၃၅၄ ပွဲ ပါဝင်ကစားထားပြီး ၃၂၄ ဂိုး သွင်းယူပေးထားသည်။   


  အောင်ဇော်