အသက်နှင့်ယှဉ်၍ တန်ဖိုးထားအပ်သည့်အရာ

 

“လွတ်လပ်ရေးဟူသည် လွယ်လွယ်နှင့်ရသည့်အရာ မဟုတ်”ဟူ၍ လူကြီးသူမများက ဩဝါဒပေးလေ့ရှိကြသည်။ အထူးသဖြင့် မြန်မာ နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့ကဲ့သို့   ဗြိတိသျှကိုလိုနီဘဝဖြင့်  ရာစုနှစ်နှင့် ချီ၍   ကျရောက်ခဲ့ရသည့် နိုင်ငံများမှ မျိုးဆက်သစ်များကို သတိပေး ကြခြင်းဖြစ်သည်။ သူ့ကျွန်ဘဝကို မမီ၊ လွတ်လပ်ရေးကြိုးပမ်းမှု များကိုမသိ၊  လွတ်လပ်ရေး၏  တန်ဖိုးကို  နားမလည်သည့်အခါ     လွတ်လပ်ရေးခိုင်မြဲရန်   ထာဝစဉ်ထိန်းသိမ်း စောင့်ရှောက်သွားကြ ရမည့် တာဝန်ဝတ္တရားအပေါ် လေးနက်မှုမရှိ ဖြစ်လာတတ်သည်။

 


မိမိတို့နိုင်ငံ   ကျွန်သပေါက်ဘဝကျရာက်ခဲ့ရသည့်    ဗြိတိသျှ အင်ပါယာသည် ကမ္ဘာ့သမိုင်းတွင် အကြီးဆုံးအင်ပါယာကြီးဖြစ်ပြီး ရာစုနှစ်တစ်ခုကျော်ကြာအောင်   တည်တံ့ခဲ့သည်။    ယနေ့ခေတ် ကမ္ဘာ့နိုင်ငံပေါင်း   ၁၉၅  နိုင်ငံအနက်  ဗြိတိသျှတို့၏   နေမဝင် အင်ပါယာအောက်မကျခဲ့သည့် နိုင်ငံဟူ၍ ၂၂ နိုင်ငံမျှသာရှိသည်။  ယင်းအနက်မှ နိုင်ငံတစ်ဒါဇင်ခန့်သည် ဥရောပကိုလိုနီစနစ်အောက် ကျရောက်ခဲ့ရာ  ၁၀  နိုင်ငံခန့်သာ  လွတ်ခဲ့သည်။  ကိုလိုနီပြုခြင်း ဟူသည် နိုင်ငံတစ်နိုင်ငံက အခြားနိုင်ငံတစ်နိုင်ငံကို တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးဝထိန်းချုပ်ခြင်း၊ ယင်းနိုင်ငံတွင် ၎င်း၏ လူများဝင်ရောက် အခြေချနေထိုင် သိမ်းပိုက်ခြင်း သို့မဟုတ် စီးပွားရေးခေါင်းပုံဖြတ် ခြင်းတို့ဖြစ်သည်။ ကိုလိုနီနယ်မြေများကို အုပ်ချုပ်ရာတွင် တိုက်ရိုက် အုပ်ချုပ်ခြင်း၊    သွယ်ဝိုက်အုပ်ချုပ်ခြင်း၊    သွေးခွဲအုပ်ချုပ်ခြင်း နည်းလမ်းများကို    ကျင့်သုံးကြရာ   ကိုလိုနီဘဝမှ  လွတ်မြောက် လာသည့်အခါတွင်  နိုင်ငံ့သမိုင်းအပေါ် ကြီးမားလှစွာသော  အကျိုး သက်ရောက်မှုတို့  ဖြစ်ပေါ်စေခဲ့သည်ကို မြန်မာနှင့် အိန္ဒိယတို့၏ လွတ်လပ်ရေးဖြစ်စဉ်တွင် သင်ခန်းစာယူဖွယ် တွေ့မြင်နိုင်သည်။ 

 


၁၈ ရာစု ခေတ်လယ်ကာလ ၁၇၅၇ ခုနှစ်တွင် အင်္ဂလိပ်အရှေ့  အိန္ဒိယကုမ္ပဏီ၏ ကျူးကျော်ဝင်ရောက်မှုမှ စတင်ကာ ၁၈၅၈ တွင် အင်္ဂလိပ်လက်အောက်သို့ လုံးလုံးလျားလျား ကျရောက်သွားခဲ့သည့် အိန္ဒိယနိုင်ငံသည် ၁၉၄၇ ခုနှစ် ဩဂုတ်လ ၁၅ ရက်တွင် လွတ်လပ်ရေး ရသည့်အခါ  နယ်ချဲ့တို့၏စနက်ဖြင့် တောင်နှင့်မြောက် နှစ်ပိုင်းကွဲ ခဲ့သည်။ အိန္ဒိယကို လွတ်လပ်ရေးပေးလိုက်သည့်အခါ ဘာသာရေး လူများစုက ဘာသာရေးလူနည်းစုအပေါ် ညှဉ်းပန်းနှိပ်စက်မှုများ   ပြုလုပ်မည်ကို   စိုးရိမ်ကြောင်း    အစဆွဲထုတ်  နှတ်ကြောင်းပေးကာ   ဗြိတိသျှလူမျိုး  ဥပဒေပညာရှင်တစ်ဦးက နေ့လယ်စာ  စားနေချိန်တွင် တစ်ထိုင်တည်း ရေးဆွဲခဲ့သည့် မျဉ်းကြောင်းတစ်ကြောင်း၏ တစ်ဖက် တစ်ချက်တွင် ပါကစ္စတန်နှင့်အိန္ဒိယဟူ၍ နိုင်ငံနှစ်နိုင်ငံ ဖြစ်လာသည်။ စင်စစ်အားဖြင့် ဘာသာမတူသူများ တစ်မြေတည်းနေ တစ်ရေတည်း သောက်ခဲ့ကြရာမှ   နယ်မြေပိုင်းခြားလိုက်သည့်အပေါ်     လူပေါင်း သန်းနှင့်ချီ၍   နယ်မြေပြောင်းရွှေ့    နိုင်ငံကူးပြောင်းခဲ့ကြရသလို ဧရာမအဓိကရုဏ်းကြီးလည်း ပေါ်ပေါက်ခဲ့ကာ လူသန်းနှင့်ချီ၍ သေဆုံးခဲ့ကြရသည်။ ဤဖြစ်စဉ်များသည်  မြန်မာနိုင်ငံနှင့် နိုင်ငံရေး ကံကြမ္မာဆက်စပ်နေသော  အိမ်နီးချင်းနိုင်ငံကြီး၏ မဝေးလှသေး သည့် အတိတ်ဆီမှ ဖြစ်ရပ်များပင်ဖြစ်သည်။

 


၂၁ ရာစုသို့ရောက်လာသည့်အခါ နယ်ချဲ့ဝါဒသည်  ခေတ်မစား တော့ဘဲ ပုံစံပြောင်းလဲသွားပြီဖြစ်သည်။ နေမဝင်အင်ပါယာ အထွတ် အထိပ်ရောက်ခဲ့စဉ်က လူဖြူများ လျှောက်သည့် ပလက်ဖောင်းကို အသားအရောင်မည်းသူများ မလျှောက်ရ၊ ဥရောပတိုက်သားများသာ စီးရမည့် ရထားတွဲကို ဌာနေတိုင်းရင်းသားများ မတက်ရ၊  လူဖြူ များသာဝင်ရသည့် ကလပ်ကို ဌာနေတိုင်းရင်းသားများနှင့် ခွေးများ မဝင်ရ စသည်ဖြင့်ခွဲခြားနှိမ့်ချဆက်ဆံခဲ့သော်လည်း မျက်မှောက် ကာလတွင်မူ ၎င်းတို့က လူ့အခွင့်အရေး၊ အသားအရောင် မခွဲခြားရေး စသည်တို့ကို လက်နက်အဖြစ်ကိုင်စွဲကာ ကိုလိုနီစနစ်၏ အမွေဆိုး များမှ  လွတ်မြောက်အောင်  ရုန်းကန်နေရသည့်  နိုင်ငံများအပေါ် စွက်ဖက်နည်းမျိုးစုံဖြင့် ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေကြပြီဖြစ်သည်။

 


သူ့ကျွန်ဘဝသို့ရောက်စဉ်က နိုင်ငံအတွင်း ဝါးအစည်းပြေသကဲ့သို့ စည်းလုံးညီညွတ်မှုကင်းမဲ့နေချိန်တွင် အလွယ်တကူ ကျရောက်သွား ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံကို နယ်ချဲ့တို့က သုံးကြိမ်စစ်ပြုခဲ့ရာတွင် ပထမအကြိမ်သည် မြန်မာတို့ ကမ္ဘာ့အပြောင်းအလဲများကို သိမြင် နားလည်မှုမရှိခြင်း၊ ဒုတိယအကြိမ်သည် မြန်မာတို့ပြည်တွင်းရေး ရှုပ်ထွေးနေခြင်းနှင့် တတိယအကြိမ်သည် မြန်မာတို့ စည်းလုံးညီညွတ် မှုမရှိခြင်းဟူသော အားနည်းချက်များကို သမိုင်းသင်ခန်းစာယူဖွယ် တွေ့ရှိရမည်ဖြစ်သည်။ သူ့ကျွန်ဘဝမှ လွတ်မြောက်ပြီး လွတ်လပ် သည့် ဘဝရောက်ရန်အတွက်မူ တိုက်ပွဲပေါင်းများစွာ၊ အသက်ပေါင်း များစွာ     ရင်းနှီးရယူခဲ့ရခြင်းဖြစ်သည့်အတွက်       လွတ်လပ်ရေး ဟူသည်    အသက်   သွေးတို့နှင့်ယှဉ်၍   တန်ဖိုးထားအပ်သည်သာ ဖြစ်ပါကြောင်း။          ။