စစ်တွေမြို့မှ စတင်ကာ တစ်ကျော့ပြန် ကူးစက်ပြန့်ပွားလာနေသည့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုသည် စိုးရိမ်ပူပန်စရာ ဖြစ်လာသည်။
ထိုသို့သော ကူးစက်ပြန့်ပွားမှုသတင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာလိုက်သည့်အခါ ဗိုင်းရပ်စ်ရောဂါပိုး ၏ အန္တရာယ်နှင့်ပတ်သက်၍ အတော်ပင် မေ့လျော့အေးစက်နေကြ သည့် လူထုမှာ ရုတ်တရက် လှန့်နှိုးလိုက်သကဲ့သို့ နိုးကြားသွား ကြပါသည်။ မြို့ကြီးများ၏ လမ်းမများထက်တွင် မျက်နှာဖုံး၊ နှာခေါင်းစည်းကိုယ်စီကိုယ်စီဖြင့် လူအများအပြားကို ပြန်လည် တွေ့မြင်လာရလေသည်။
ထိုသို့သော ကျန်းမာရေးသတိများ နိုးကြားလာသည်နှင့်အတူ မြန်မာလူမျိုးတို့၏ ဗြဟ္မစိုရ်တရားရှိမှုကို နိုင်ငံအနှံ့ တွေ့မြင်လာရ ပါသည်။ အထူးသဖြင့်မူ ကိုဗစ်ရောဂါ၏ ခြိမ်းခြောက်မှုပေါ်လာသည် နှင့် ယှဉ်တွဲလျက် ပြည်သူလူထု၏ မေတ္တာစေတနာ၊ ကရုဏာစိတ် တို့ လွှမ်းခြုံနေသည့် လူမှုဝန်းကျင်အဖြစ် ပြောင်းလဲသွားခြင်းပင်။
စေတနာ့ဝန်ထမ်း ဆရာဝန်များက ၎င်းတို့၏ သဘောဆန္ဒဖြင့် ရောဂါပိုးပြန့်ပွားနေသည့် ဒေသများသို့ သွားရောက်ရန် ဆုံးဖြတ် အဆိုပြုကြ၏။ ရောဂါပိုးကူးစက်မှု ဖြစ်နိုင်ခြေရှိသူများကို ဓာတ်ခွဲ စစ်ဆေးရန်၊ သီးခြားခွဲထားရာတွင် ကူညီလုပ်ကိုင်ဆောင်ရွက်ရန် အစရှိသည့် လုပ်ငန်းဆောင်တာများအတွက် စေတနာ့ဝန်ထမ်းအဖြစ် သွားရောက်ကူညီရန် စာရင်းပေးကြသူများကို နိုင်ငံတော်အစိုးရက စီစဉ်ပို့ဆောင်ပေးနေသည့် သတင်းများက လူတကာပါးစပ်ဖျားတွင် ရေပန်းစားနေသည်။
ကိုဗစ်ရောဂါပိုး စတင်ဝင်ရောက်လာစဉ်ကလည်း မြန်မာနိုင်ငံ သည် ပြည်သူလူထုထားရှိသည့် အသိစိတ်ဓာတ်၊ တာဝန်ရှိသူများ ထုတ်ပြန်သော စည်းကမ်းဥပဒေများကို လိုက်နာကြမှု၊ ကပ်ရောဂါ အရေးကို အများပြည်သူအရေး၊ မိမိတို့အားလုံး၏အရေးအဖြစ် သဘောထားကာ ပါဝင်ကူညီဝိုင်းဝန်းလိုမှုများကြောင့် နိုင်ငံတကာ ၌ ကူးစက်မှုအရှိန် များစွာမြင့်မားနေမှာပင် မြန်မာနိုင်ငံအတွင်း ရောဂါပိုးကူးစက်မှု နည်းပါးခဲ့ပါသည်။
ယခုလို ပြည်သူလူထုက နှာခေါင်းစည်းများ ဝတ်ဆင်လာကြ ခြင်း၊ ဆေးရုံသုံး နှာခေါင်းစည်းများကို ဝိုင်းဝန်းလှူဒါန်းကြခြင်း၊ စေတနာ့ဝန်ထမ်းကူညီလိုသူတို့ များစွာပေါ်ထွက်လာခြင်းတို့က ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်လျှော့ချနိုင်လိမ့်မည်ဟု ယူဆပါ သည်။ တာဝန်ယူဆောင်ရွက်နေသူများ၏ စိတ်စေတနာကို ယုံကြည် ကြသော ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကလည်း ရောဂါထိန်းချုပ် ကာကွယ်ရာတွင် များစွာတာသွားသည်ကို တွေ့ရပါမည်။
လူသားတစ်ယောက်အဖြစ် လူ့အသိုက်အမြုံအတွင်း၌ ရှင်သန် ကြသည့်အခါ မိမိတို့လူ့လောက ပိုမိုတိုးတက်မြင့်မားရေး၊ ငြိမ်းအေး သာယာရေးတို့အတွက် ပါဝင်ဆောင်ရွက်ရန် တာဝန်များ၊ ဝတ္တရားများ ရှိနေသည်ဟု နားလည်စိတ်ရှိကြပါသည်။
မိမိအကျိုး၊ မိမိ မိသားစုအသိုင်းအဝိုင်း၏ အကျိုး၊ လူ့လောက ၏ အကျိုးကို ဝိုင်းဝန်းဆောင်ရွက်ကြမည်ဟူသည့် အသိစိတ်က လူတို့၏ရင်တွင်း၌ ကိန်းဝပ်နေလေ့ရှိပါသည်။ အတ္တဟိတ၊ ပရဟိတ၊ လောကဟိတဟု ဆိုလေ့ရှိ၏။
ဤသို့သော လူမှုဝန်းကျင်နှင့် လောကကောင်းကျိုးကို ဝိုင်းဝန်း ဆောင်ရွက်သည်ဆိုခြင်းမှာ လူမျိုး၊ ဘာသာ၊ ကိုးကွယ်ယုံကြည်မှုတို့ နှင့်မဆိုင်ပါချေ။ လူသားချင်းစာနာထောက်ထားခြင်း၊ ကူညီဝိုင်းဝန်း ကာ ကောင်းကျိုးဆောင်ခြင်းဆိုသည်မှာ လူမျိုးဘာသာယုံကြည်မှု တို့နှင့် ဆက်နွှယ်ပတ်သက်စရာ အကြောင်းမရှိ။ မြန်မာနိုင်ငံသား တို့၏ ဓလေ့အရ လူသားချင်းကူညီဆောင်မခြင်းဆိုသည်မှာ အထူး အဆန်းမဟုတ်။ ရိုးရာယဉ်ကျေးမှု လုပ်ရိုးလုပ်စဉ်ဟုပင် ဆိုနိုင် ပါသည်။
ထိုသို့သော လူ့တာဝန် ကျေပွန်လိုစိတ်တို့ဖြင့် စနစ်တကျ လက်ဆေးခြင်း၊ လူစုလူဝေးမဖြစ်ပွားအောင်နေထိုင်ခြင်း၊ မဖြစ်မနေ အပြင်ထွက်ရလျှင် နှာခေါင်းစည်းမျက်နှာဖုံးများ ဝတ်ဆင်ခြင်း၊ လူချင်းဆက်ဆံပြောဆိုရာတွင် ခြောက်ပေအနည်းဆုံးခွာ၍ နေခြင်း စသည့် နေထိုင်မှုပုံစံဖြင့် ရောဂါပိုးကာကွယ်ကြမည်။ လိုအပ်သည့် အကူအညီများကို ဝိုင်းဝန်းတာဝန်ယူကြသည့် ဗြဟ္မစိုရ်တရားဖြင့် ကိုဗစ်ရောဂါပိုးပြန့်ပွားမှု ဒုတိယလှိုင်းကို ကျော်ဖြတ်နိုင်ကြပါစေ သတည်း။ ။