
ရန်ကုန် ဒီဇင်ဘာ ၂၁
မြန်မာ MMA ကစားသမား အောင်လအန်ဆန်နှင့် ထပ်မံထိုးသတ် ရမည့် ပြိုင်ဘက်ကစားသမားကို မကြာမီ ထုတ်ပြန်မည်ဖြစ်သည်။ အောင်လအန်ဆန်သည် ဒီဇင်ဘာ ၂၁ ရက်တွင် ၎င်း၏ ဖေ့စ်ဘွတ် စာမျက်နှာမှတစ်ဆင့် ပရိသတ်များကို အသိပေးခဲ့ခြင်းဖြစ်ပြီး ပြိုင်ဘက်ကစားသမားကို ၂၀၂၂ နှစ်ဆန်းပိုင်းတွင် ထုတ်ပြန်မည် ဖြစ်သည်။
ONE Championship သည် လာမည့်နှစ် ဇန်နဝါရီမှ မတ်လအထိ ကျင်းပမည့် ပြိုင်ပွဲများကို ထုတ်ပြန်ထားသော်လည်း ဇန်နဝါရီ ၁၄ ရက်တွင်ပြုလုပ်မည့် ပြိုင်ပွဲတစ်ခုတည်းသာ တွဲဆိုင်းများ ထွက်ပေါ် သေးပြီး ကျန်ပြိုင်ပွဲများအတွက် တွဲဆိုင်းများ ထုတ်ပြန်ခြင်း မရှိသေး ပေ။ ထို့ကြောင့် အောင်လအန်ဆန်အနေဖြင့် ဖေဖော်ဝါရီနှင့် မတ်လ တွင်ကျင်းပမည့် ပြိုင်ပွဲများတွင် ထိုးသတ်ရဖွယ်ရှိနေသည်။ အောင်လအန်ဆန်သည် ဇူလိုင်လကုန်ပိုင်းတွင် ပြိုင်ပွဲထိုးသတ် ပြီးကတည်းက MMA ပွဲစဉ်များနှင့် ဝေးကွာနေသူဖြစ်ပြီး နောက်ဆုံး ထိုးသတ်ထား သည့်ပွဲတွင် ဘရာဇီးနိုင်ငံသား လီအန်ဒရိုကို ပထမအချီတွင် အလဲထိုး အနိုင်ရရှိထားသည်။ အောင်လအန်ဆန်သည် ဧပြီလကုန်တွင် လိုက် ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲ၊ ဇူလိုင်လကုန် တွင် မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲတို့ ထိုးသတ်ခဲ့ပြီး လာမည့်နှစ်ဆန်းပိုင်းတွင် ထိုးသတ်မည့် ပြိုင်ဘက် ကစားသမားကို ထုတ်ပြန်ရာတွင် စိန်ခေါ်ပွဲ သို့မဟုတ် ချန်ပီယံလု ပွဲ ထိုးသတ်ရမည်ဖြစ်ကြောင်း ကိုပါ တစ်ပေါင်းတည်း ထုတ်ပြန်ဖွယ်ရှိနေသည်။ ONE Championship အနေဖြင့် အောင်လအန်ဆန် ၏ ပြိုင်ဘက်ကို ထုတ်ပြန်ခြင်းမရှိသေးသော်လည်း လက်ရှိမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဒီရစ်ဒါ (နယ်သာလန်)အပါအဝင် ကမ္ဘာ့ချန်ပီယံဟောင်း ရုရှားနိုင်ငံသား ဘစ်ဒက်ရှ်၊ ဂျပန်နိုင်ငံသား အိုကာမီတို့ ဖြစ်ဖွယ်ရှိနေသည်။
အောင်လအန်ဆန်သည် ဝိတ်တန်းနှစ်ခု ကမ္ဘာ့ ချန်ပီယံဆုများ လက်လွှတ်ခဲ့ရပြီးနောက်ပိုင်း မစ်ဒယ်ဝိတ်တန်းပွဲစဉ်များသာ ထိုးသတ်ရန် ဆုံးဖြတ်ထားသူဖြစ်သည်။
သတင်း-ရဲရင့်လွင်
ဓာတ်ပုံ-ONE Championship