
ယူအီးအက်ဖ်အေ အမျိုးသမီးချန်ပီယံ လိဂ် ကွာတားဖိုင်နယ်ပွဲစဉ်များကို ယမန်နေ့က မဲခွဲထုတ်ပြန်လိုက်ပြီဖြစ် ရာ လက်ရှိ ချန်ပီယံဘာစီလိုနာအသင်း သည် နာမည်ကြီး ရီးရဲမက်ဒရစ်အသင်း နှင့် တွေ့ဆုံနေသည်။ အင်္ဂလန် ကိုယ်စားပြု အာဆင်နယ်အသင်းက ဂျာမနီကိုယ်စားပြု ဝုဖ်ဘတ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အာဆင်နယ် အသင်းသည် အမျိုး သမီးချန်ပီယံလိဂ်ဖလားကို ဆွတ်ခူး ထားနိုင်သည့် တစ်သင်းတည်းသော အင်္ဂလန်ကိုယ်စားပြု အမျိုးသမီး အသင်းအဖြစ် ရှိနေပြီး ဝုဖ်ဘတ်အသင်း က အမျိုးသမီးချန်ပီယံလိဂ်ဖလားကို ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် နှစ်နှစ်ဆက် ဆွတ်ခူးထားသည့် အသင်း ဖြစ်သည်။
ဂျာမနီနာမည်ကြီး ဘိုင်ယန် မြူးနစ်အသင်းက ပြင်သစ်နာမည်ကြီး ပီအက်စ်ဂျီအသင်း၊ ဂျူဗင်တပ်စ် အသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အအောင်မြင်ဆုံး အသင်းဖြစ်သည့် လိုင်ယွန်အသင်းနှင့် ယှဉ်ပြိုင်ကစား ရမည်ဖြစ်သည်။ ပြင်သစ်ကလပ် လိုင်ယွန်အသင်းသည် အမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ခုနစ်ကြိမ် ဆွတ်ခူးထားပြီး အအောင်မြင်ဆုံး အသင်းအဖြစ် မှတ်တမ်းတင်ထားသည်။
အဆိုပါ အမျိုးသမီးချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ် များကို မတ် ၂၂ ရက်၊ ၂၃ ရက်တွင် ကစားမည်ဖြစ်ပြီး ဒုတိယအကျော့ကို မတ် ၃၀ ရက်၊ ၃၁ ရက်တွင် ကစား မည်ဖြစ်သည်။ ထို့အပြင် ဆီမီးဖိုင်နယ် ပွဲစဉ်များကိုပါ မဲခွဲထုတ်ပြန်လိုက် သောကြောင့် ရီးရဲမက်ဒရစ်အသင်းနှင့် ဘာစီလိုနာအသင်းတို့အထဲမှ အနိုင်ရရှိ မည့်အသင်းအနေဖြင့် အာဆင်နယ် အသင်းနှင့် ဝုဖ်ဘတ်အသင်းတို့ထဲမှ အနိုင်ရရှိမည့်အသင်းနှင့် ဆီမီးဖိုင်နယ် တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဂျူဗင်တပ်စ်အသင်းနှင့် လိုင်ယွန် အသင်းတို့ထဲမှ အနိုင်ရရှိလာမည့် အသင်းက ဘိုင်ယန်မြူးနစ်အသင်းနှင့် ပီအက်စ်ဂျီအသင်းတို့ထဲမှ အနိုင်ရရှိ မည့်အသင်းနှင့် ဆီမီးဖိုင်နယ်တွင် ကစားရမည်ဖြစ်သည်။
အဆိုပါ ဆီမီးဖိုင်နယ်ပွဲစဉ် ပထမ အကျော့ပွဲစဉ်များကို ဧပြီ ၂၃ ရက်၊ ၂၄ ရက်တွင် ကစားမည်ဖြစ်ပြီး ဒုတိယအကျော့ကို ဧပြီ ၃၀ ရက်၊ မေ ၁ ရက်တို့တွင် ကစားမည်ဖြစ်သည်။ ယခုနှစ်တွင် အမျိုးသမီးချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ကို အီတလီနိုင်ငံ တုရင်ရှိ ဂျူဗင်တပ်စ် အားကစားကွင်း၌ မေလ တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ယခုနှစ်ရာသီတွင် ၁၉၆၅ ခုနှစ် ကတည်းက ကျင့်သုံးလာခဲ့သော အဝေးဂိုးစည်းမျဉ်းကို ယူအီးအက်ဖ် အေက ပယ်ဖျက်လိုက်သောကြောင့် နှစ်ကျော့ပေါင်းရလဒ် တူညီနေပါက အချိန်ပိုမိနစ် ၃၀ ဆက်လက်ယှဉ်ပြိုင် ရမည်ဖြစ်သည်။ အချိန်ပို မိနစ် ၃၀ တွင်လည်း အနိုင်၊ အရှုံး အဖြေမပေါ် ခဲ့ပါက ပယ်နယ်တီဖြင့် ဆုံးဖြတ်သွား မည်ဖြစ်သည်။
အောင်ဇော်