အယ်ဒီတာ့အာဘော်
=============
ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့
===========================
မြန်မာတို့၏ ၁၂ လရာသီပွဲတော်များအနက် ဝါခေါင်လတွင် ဘာသာရေး ယဉ်ကျေးမှုအစဉ်အလာ စာရေးတံပွဲကို ကြည်ညိုသဒ္ဓါပွားဖွယ် ပြုလုပ်ကြ သည်။ ကာလရွေ့လျောလာသည်နှင့်အမျှ စာရေးတံပွဲကို သိနားလည်သူ နည်းပါးလာ၍ ထိုဘာသာရေးအစဉ်အလာကို မမေ့ပျောက်အောင် ထိန်းသိမ်း ထားသင့်သည်။ ဝါခေါင်လပြည့်နေ့တွင် ရဟန်းသံဃာတို့ကိုရည်မှန်း၍ စာရေး တံပွဲအပါအဝင် ကုသိုလ်အပေါင်းစုတို့ကို နိုင်ငံတစ်ဝန်း ပြုလုပ်ကြသည်။
စာရေးတံမဲဟူသည်ကား မဟာဒုက်ပွဲပင် ဖြစ်သည်။ ပွင့်လင်းရာသီချိန် တွင် အလှူရှင်များက ရဟန်းတော်တို့အား သံဃာ့ဂုဏ်ကိုရည်မှန်းကာ အားရဝမ်းသာပင့်ဆောင် ဆက်ကပ်လှူဒါန်းကြသည်။ ရဟန်းသံဃာဘက်မှ ဆင်းရဲချမ်းသာမရွေး လာဘ်လာဘကို မငဲ့ကွက်ဘဲ မဲကျရာနေအိမ်သို့ ကြွရောက်၍ ဆွမ်းအလှူခံခြင်း ဖြစ်သည်။ ဆွမ်းအလှူခံသည့် မြတ်စွာဘုရား၏ အစဉ်အလာကောင်းကိုယူ၍ မဟာဒုက်ပွဲကျင်းပခြင်းဖြစ်၍ ထိုအစဉ်အလာ ကောင်းကို အချိန်အခါသင့်သောကာလ၌ ပြုလုပ်သင့်ပါသည်။
မျက်မှောက်ကာလတွင် အလှူအတန်းပွဲလမ်းများကို ကိုဗစ်-၁၉ ကြောင့် ကန့်သတ်ထားသဖြင့် ဝါခေါင်လစာရေးတံပွဲကို ခေတ္တထား၍ ဤဝါခေါင်လပြည့်မေတ္တာအခါတော်တွင် မေတ္တာတရားများ မိမိတို့နေအိမ် များအလိုက် ပွားများအားထုတ်သင့်သည်။ ယခင်ကလည်း မေတ္တာအခါတော် အဖွဲ့များသည် ဝါခေါင်လပြည့်နေ့အပါအဝင် နေ့စဉ်လစဉ်မပျက် မေတ္တ သုတ်တော်လာ နည်းအသွယ်သွယ်ဖြင့် ပို့လွှတ်ကြပြီး ဇူလိုင်လမှ နှစ်ကုန် သည်အထိ ပဋိသမ္ဘိဒါမဂ်နည်းပေါင်း ၅၂၈ သွယ်ဖြင့် ဝေနေယျသတ္တဝါတို့အပေါ် မေတ္တာဓာတ်များ ဖြန့်ဝေကြသည်။ မေတ္တာအခါတော်နေ့ကို တစ်ပြည်လုံး အတိုင်းအတာဖြင့် ပြုလုပ်ခြင်းမဟုတ်သော်လည်း ယခုကဲ့သို့ ဘေးဘယာများ တွေ့ကြုံနေသောအခါကာလတွင် မိသားစုအလိုက် တတ်နိုင်သမျှ ပြုလုပ် ခြင်းဖြင့် ရောဂါဘေးဘယာ ကင်းဝေးစေမည်ဖြစ်သည်။
ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့သည် မြတ်ဗုဒ္ဓ၏ မေတ္တသုတ် တော် ဟောကြားခြင်းနှင့် ဆက်စပ်ပေသည်။ မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ရဟန်း ငါးရာတို့သည် မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းယူ၍ တောအုပ်အတွင်း ပုရိမဝါဆို တရား အားထုတ်ကြသည်။ ထိုအခါ ရဟန်းတို့၏သီလကြောင့် သစ်ပင်ဗိမာန်မှ နတ်တို့ဆင်းပေးရလေရာ ရဟန်းတော်များ မနေနိုင်အောင် ခြောက်လှန့်ခြင်း ကို ပြုလုပ်ကြသည်။ ထိုအခါ ရဟန်းတို့တရားရှုမှတ်၍ မရသဖြင့် ဝါခေါင်လပြည့်နေ့တွင် ကြုံတွေ့ရသော အခက်အခဲကို မြတ်စွာဘုရားအား လျှောက်ထားရာ မြတ်စွာဘုရားက မေတ္တာကမ္မဋ္ဌာန်းကို မပွားများကြသည့် အတွက် နှင်ထုတ်ခံရခြင်းဖြစ်ကြောင်း ဟောပြောပြီး မေတ္တာကမ္မဋ္ဌာန်းကို သင်ပြလေသည်။
ထို့နောက် ရဟန်း ငါးရာ မူလတောအုပ်သို့ ပြန်လာကြပြီး ဝါခေါင် လပြည့်ကျော် ၁ ရက်နေ့မှစ၍ ဒုတိယဝါကပ်ကြပြီး မြတ်စွာဘုရားသင်ပြသည့် အတိုင်း နတ်တို့နှင့်တကွ အားလုံးသော သတ္တဝါဝေနေယျတို့အပေါ် မေတ္တာ ဖြန့်ကြက်ပို့လွှတ်သောအခါ နတ်များက ကြည်ညိုချစ်ခင်လာကြသည်။ နတ်အပေါင်းတို့ စောင့်ရှောက်မှုဖြင့် ဝါတွင်းကာလ၌ တရားအားထုတ်ကြရာ ရဟန်း ငါးရာစလုံး ရဟန္တာဖြစ်လာကြသည်။ ရဟန်းငါးရာတို့ ဝါခေါင်လပြည့် နေ့တွင် မြတ်စွာဘုရားရှင် မေတ္တသုတ်ဟောကြားတော်မူသည်ကို ရည်မှန်း ၍ ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့အဖြစ် ပြုလုပ်ကြသည်။
မျက်မှောက်ကာလတွင် ဝေနေယျသတ္တဝါအပေါင်းတို့မှာ ကိုဗစ်-၁၉ ရောဂါဘေးနှင့်ကြုံတွေ့နေရသဖြင့် စိုးရိမ်ကြောင့်ကြမှုများဖြင့် အလုပ်ပျက် အကိုင်ပျက်ဖြစ်ကြရသည်။ ဝေနေယျသတ္တဝါအားလုံး အနှောင့်အယှက် ကင်းဝေး ဘေးအန္တရာယ်ကင်းစင်စေရေးအတွက် တစ်ဦးချင်းတစ်ယောက်ချင်းမှ အစ ကမ္ဘာသူကမ္ဘာသားအားလုံးအပေါ် မေတ္တာလွှမ်းခြုံပေးဖို့ လိုအပ် နေသောအချိန်အခါ ဖြစ်သည်။ မေတ္တာဓာတ်သည် အေးမြခြင်းကိုဖြစ်စေ သဖြင့် ကြုံတွေ့နေရသော ပူလောင်မှုဘေးဒုက္ခများမှ ကင်းဝေးစေနိုင်သည်။ မေတ္တာခြုံလျှင်လုံ၊ မေတ္တာလွှမ်းလျှင် အေးချမ်းသည်ဖြစ်၍ မေတ္တာတရားကို နိုင်နိုင်ကြီးပွားကြရမည် ဖြစ်သည်။
သို့ဖြစ်ရာ ဝါခေါင်လပြည့် ထူးမြတ်သော မေတ္တာအခါတော်နေ့ ကျရောက်သည့် ယနေ့အချိန်အခါသမယမှစတင်၍ ပြည်သူပြည်သား ဝေနေယျသတ္တဝါအများ ငြိမ်းအေးချမ်းသာစေရေးအတွက် မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော မေတ္တသုတ်တရားတော်မြတ်ကို ရွတ်ဖတ် ပူဇော်ခြင်း၊ ပွားများနာယူခြင်းဖြင့် ကောင်းကျိုးများကို အားလုံးဆောင်ကြဉ်း နိုင်ကြပါစေကြောင်း။ ။