မစ္ဆိမ ဝစန မေတ္တရည်ဆောင် လဝါခေါင်

Type

ဆောင်းပါး

=====

မစ္ဆိမ ဝစန မေတ္တရည်ဆောင် လဝါခေါင်

========================

 

ရာမည-သွေးမွန်

 

မြန်မာမှု ပြက္ခဒိန်အရ ပဉ္စမမြောက်လဖြစ်၍ “မငြိမ့် တငြိမ် ရွာတိမ်ရောင့်သည့်၊ ပြာချိန်တမှောင့် မှောင်အလျှံ၊ ဗျာဂိန် တထောင့် တောင်ကမ်းပါးယံဝယ်၊ ဝါခေါင် ဝသန် ဖန်တော်ပျိုး၊ ပွေရုံဝင့်လို့ လွင့်မပြယ်တယ်၊ မဆင့် ချင့်ချင် ဆင်ကွဲဆင်တဲ့မိုး” ..ဟူ၍ စာရေးတော် ဦးမောင်ကလေး ၏ ရှစ်ဆယ်ပေါ်တေးထပ်ကို အမှတ်ရဖွယ် မိုးလေကဲချိန်၌ ဖြစ်၏။

“ဝါဆိုဝါခေါင် ရေဖောင်ဖောင်” ဆိုသည့်အတိုင်း မိမိတို့ လက်ရှိနိုင်ငံတစ်ဝန်းတွင် မိုးမင်းလွန်ကဲမှုကို သတင်းစာ စာမျက်နှာများထက်မှ နေ့စဉ်တွေ့မြင်နေရ ပေရာ မရှိမကောင်း၊ ရှိမကောင်း မိုးရေကို စနစ်တကျ ထိန်းကျောင်းကာ လူတို့အတွက် အကျိုးရှိစွာ အသုံးချ နိုင်ဖို့လိုပေသည်။ဤလကို ပုံမှန်အားဖြင့်ဆိုရသော်..

မိမိတို့ ထေရဝါဒ ဗုဒ္ဓဘာသာ မြန်မာမှုတွင် ဝါတွင်းကာလအဖြစ် ဝါဆိုလပြည့်နေ့မှ သီတင်းကျွတ် လပြည့်နေ့အထိ မိုးတွင်းသုံးလတာကာလကို သတ်မှတ် ၏။ ယင်းသုံးလတွင် ဝါခေါင်လသည် အလယ်ဗဟို ကျသဖြင့် ဝါ၏ အလယ်လ ဖြစ်သည်။ ကဝိလက္ခဏာ ဒီပနီကျမ်းတွင် “တကယ်ကဲ့ဟန်၊ အိပ်မက်ပြန်၊ ညဉ့် သန်းခေါင်အခါ၊..” ဟူ၍ ပြဆိုသကဲ့သို့ “ခေါင်” သည် “အလယ်ခေါင်”ကို ယူသည်။ သို့ဖြစ်၍ ဝါတို့၏ အလယ် ဗဟိုဖြစ်သော “ဝါလယ်” ဟူသော အဓိပ္ပာယ်ပင် ဖြစ်သည်။

သို့အတွက် ဝါခေါင်ဟူသော အဓိပ္ပာယ်သည် ရဟန်း သံဃာတို့၏ ကျောင်းအာရာမ်တွင်း၌ နေရသော မိုးတွင်းသုံးလ(ဝါတွင်းကာလ)၏ အလယ်လ၊ ဝါလယ် လပင် ဖြစ်သည်။ ဤသည်ကိုပင် “ဝါခေါင်” ဟု ဆိုခြင်း ဖြစ်သည်။ ထိုထက်မက ယင်းကျမ်းမှာပင် ဝါခေါင်လ ဟူသည်မှာ “မိုးခေါင်”သည်ဟူသော ဝေါဟာရကဲ့သို့ ရဟန်းသံဃာတိုင်း ဝါမဆို၊ ဝါမကပ်၊ ဝါနှင့်ဝေးသော လ..ဟူ၍ ဖော်ပြထားပြန်သည်။ ရဟန်းတော်များသည် ဝါဆိုလပြည့်ကျော် (၁)ရက်နေ့၌လည်း မစ္ဆိမဝါကပ်ဆိုကြ သည်။ ထို့ပြင် ဤနေရာ၌ “ခေါင်”ကို ဝေးကွာခြင်းဟု ယူဆခြင်းမှာလည်း မှားပါသည်။ မိမိတို့ ဗုဒ္ဓဘာသာဝင် မြန်မာများသည် “ဝါဆိုဝါခေါင် ထိန်းရင်လ သေကိန်းပ ဆွေကြင်ဖော်..”ဟူသော စာချိုးအရ အမျိုးကောင်းသား သမီးတို့ ဤဝါတွင်းသုံးလတွင် အပါအဝင်ဖြစ်သော ဝါခေါင်လတွင်လည်း လက်ထပ်ထိမ်းမြားခြင်း ပြုလေ့ မရှိပါ။

ရာသီပွဲများ

ရာသီပွဲများမှာ “စာရေးတံမဲအလှူပွဲ” ဖြစ်၏။ ဤပွဲ မှာ ဂေါတမမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကပင် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးစဉ် ဖြစ်၏။ တစ်ပြည်လုံးတွင် အစာရေစာ ငတ်မွတ် ခေါင်းပါးလာသော ဘေးဒုက္ခကြီး ဆိုက်ရောက်လာသည်။ ထိုအခါ အလှူ့ဒါယကာများသည် ကျောင်းတိုက် တစ်တိုက်လုံးရှိ သံဃာတော်တို့အား ဆွမ်းခဲဖွယ် လှူဒါန်းရန်ခက်ခဲမှုရှိလာသည်။ သို့ဖြင့်သံဃာတော်များ ထဲမှ တစ်ပါး၊ နှစ်ပါး ၊ ငါးပါး၊ ၁၀ ပါး စသည်ဖြင့် ရည်ညွှန်း ခွဲဝေ ရွေးချယ်ကာ လှူဒါန်းလိုကြောင်း ဘုရားရှင်ထံ လျှောက်ထားတောင်းပန်ကြရာ ဘုရားရှင်က ခွင့်ပြုတော် မူ၏။

ထိုအခါမှစ၍ စာရေးတံမဲချ လှူဒါန်းရသော အစဉ်အလာတစ်ရပ် ပေါ်ပေါက်လာခဲ့သည်။ ရည်ညွှန်း ရဟန်းသည် စာရေးတံမဲဆွမ်းကိစ္စကို ဆောင်ရွက်သည့် အခါ ဒါယကာ၏အမည်ကို သစ်သား၊ ဝါးခြမ်းပြား၊ နှီးပြား၊ ထန်းရွက်၊ ပေရွက် စသည်တစ်ခုခုတွင် ရေးသား ရ၏။ ဤသည်ကို မဲအဖြစ် အသုံးပြုကြရသည်။ မထေရ်ကြီးမှ စ၍ဖြစ်စေ၊ အလှည့်ကျ ရဟန်းမှဖြစ်စေ စာရေးတံမဲကို နှိုက်ကြရသည်။ မဲကျသည့် ဆွမ်းဒါယကာ၏ နေအိမ်သို့ ပင့်လျှောက်ချက်အရ ကြွရောက်ဆွမ်းဘုန်းပေးကြ ရသည်။

ယင်းသို့ဖြင့် ဘုရားရှင်လက်ထက်တော်တစ်လျှောက် ဆောင်ရွက်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ သံဃာတော် များ၏ ဘွဲ့အမည်ကို စာရေးတံမဲတွင်ရေးသားကာ ဆွမ်းဒါယကာတို့က မဲနှိုက်၍ ကျရာသံဃာကို နေအိမ်သို့ ပင့်ဆောင်ပြီး ဘောဇဉ်ကို ဆက်ကပ်လှူဒါန်းကြသည်။ အချို့က ဆွမ်းအုပ်ပို့ခြင်းဖြင့်လည်း ဆွမ်းကိစ္စပြီးစေ ကြသည်။ ပုဂ္ဂိုလ်စွဲမရှိ။ စေတနာသန့်သန့် သဒ္ဓါတရား ထက်သန်စွာဖြင့် လှူဒါန်းကြရသော ထေရဝါဒဗုဒ္ဓဘာသာ သာသနာဝင်မြန်မာများ၏ “စာရေးတံမဲ အလှူပွဲကြီး” ပါပေတည်း။

ယခုခေတ်တွင်မူ “ဝါခေါင်”လ၏ အထူးပြုရာသီပွဲ ဖြစ်သော “စာရေးတံမဲအလှူပွဲ”ကား တိမ်မြုပ် ပျောက်ကွယ်လုနီးပါးဖြစ်နေသည်။ သို့သော်လည်း ဝါခေါင် လပြည့်နေ့ “မေတ္တာအခါတော်နေ့”ကိုမူ ရဟန်းတော်များက အမှတ်တရ ကျင်းပနေပေသေးသည်။ ဤသည်မှာလည်း ဘုရားရှင် လက်ထက်တော်အခါကပင် ကမ္မဋ္ဌာန်းစီးဖြန်း လိုကြသော ရဟန်းတော်များကို အကြောင်းပြုကာ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။

အကြောင်းကို အကျဉ်းမျှဆိုရသော် .. ဗုဒ္ဓမြတ်စွာ ဂေါတမဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းငါးရာတို့သည် ဝါဆိုဦး တစ်နေ့တွင် ဘုရားရှင်ထံမှ ကမ္မဋ္ဌာန်းတရား တောင်းရန် အလို့ငှာ လာရောက်ကြ၏။ ဘုရားရှင်မှ ကိုယ်စီကိုယ်င ကမ္မဋ္ဌာန်းတရားများ ရရှိကြ၍ ဝါတွင်းဝါဆိုဝါကပ်ရန် သင့်တော်မည့်နေရာကို ရှာကြရာ ဆွမ်းခံရွာနှင့်လည်း မနီးမဝေး အရိပ်ဆာရာအာဝါသ ငြိမ်းချမ်းရှင်းသန့်သည့် ဟိမဝန္တာတောင်ခြေ တောအုပ်တစ်နေရာကို ရွေးချယ် လိုက်ကြသည်။

ယင်းတောအုပ်အတွင်း သစ်ပင်များအောက်၌ အသီးသီးနေရာယူ တရားအားထုတ်ကြသည်။ ဤသစ်ပင် ကိုအမှီပြု၍ ဘုံဗိမာန်တည်ဆောက်နေထိုင်ကြသော ရုက္ခစိုးနတ်များက ရဟန်းတော်များ၏ မြင့်မြတ်သော တန်ခိုးရှိန်စော်ကြောင့် မနေနိုင်အောင် ဖြစ်ကြရ၏။ ဤရဟန်းတော်များသည် တစ်နေ့တစ်ည တစ်ခဏမျှမဟုတ် ဝါတွင်းသုံးလပတ်လုံး နေထိုင်ကြမည်ကို သိရသောအခါ ရုက္ခစိုးနတ်များက ရဟန်းတော်များ မနေနိုင်အောင် အမျိုးမျိုး ခြောက်လှန့်နှောင့်ယှက်ကြ၏။ ကြောက်မက်ဖွယ် အသံ၊ ဆိုးရွားသည့် အနံ့အသက်များ၊ မသတီဖွယ် ရုပ်ဆင်း တို့ဖြင့် ဖန်တီးမောင်းနှင်ကြ၏။ ပုထုဇဉ်မျှသာ ဖြစ်ကြသည့် ရဟန်းသံဃာတော်များမှာ အာရုံပျက်ယွင်း၊ နှလုံးမသာ၊ သမာဓိမရ ဖြစ်ကြရကာ ကျန်းမာရေးပါ ယိုယွင်းလာကြ တော့သည်။

သို့ဖြင့် ကြိတ်မှိတ်သည်းခံ မနေနိုင်ကြတော့ဘဲ ဦးဆောင်မထေရ်ကြီးမှတစ်ဆင့် ဘုရားရှင်ထံ ဖြစ်ပျက်ပုံ အလုံးစုံကို လျှောက်ထားကြသည်။ ဘုရားရှင်မှာ ရဟန်း တော်များအတွက် ဤသို့သောတောအုပ်တွင်သာ ကောင်းမွန် သင့်လျော်ဆုံးဖြစ်၍ မူလတောအုပ်သို့သာ ပြန်လည် သွားရောက် နေထိုင်အားထုတ်ကြရန် တိုက်တွန်းကာ ဤသို့ဆို၏.. “ရဟန်းတို့ သင်တို့အတွက် တရားထူးရရန် ဤနေရာသည်သာ ကောင်းမွန်သင့်မြတ်ဆုံးဖြစ်၏။ သင်တို့ အား နှောင့်ယှက်ကြသော ရုက္ခစိုးနတ်တို့အား မေတ္တာ ကရုဏာဖြင့် ဤမေတ္တသုတ် ပရိတ်တော်ကို နာယူမှတ်သား ကာ ရွတ်ဖတ်သရဇ္ဈာယ်ကြကုန်လော့ ..”ဟု မိန့်မြွက်၍ မေတ္တသုတ္တန်တရားတော်ကို ဟောကြားတော်မူ၏။

ရဟန်းတော် ငါးရာတို့သည်လည်း ဘုရားရှင်၏ စီစဉ်ညွှန်ပြမှုဖြင့် တောအုပ်သို့ပြန်လည်ရောက်ရှိကာ မေတ္တာ၊ ကရုဏာလွှမ်းသောနှလုံးဖြင့် မေတ္တသုတ် ပရိတ်တော်ကို နိစ္စဓူဝရွတ်ဖတ်သရဇ္ဈာယ်ကြ၊ ကမ္မဋ္ဌာန်း စီးဖြန်းကြသည်။ ထို့ကြောင့် ရုက္ခစိုးနတ်တို့မှာ ရဟန်း တော်တို့အား မေတ္တာသက်ဝင် ခင်မင်ရင်းနှီးစွာ ဆက်ဆံ လာရုံမျှမက အကူအညီများပင် ပေးလာကြသဖြင့် နှလုံး ချမ်းသာစွာ တရားဓမ္မများ ကျင့်ကြံအားထုတ်နိုင်သည် ဖြစ်ရာ ဝါလကုန်ဆုံးသည်နှင့် ရဟန်းတော်များ အာသဝေါ တရား ကင်းစင်ကြကာ ရဟန္တာများဖြစ်ကြရလေသည်။

မေတ္တသုတ်တော်ကို ဘုရားရှင်က ရဟန်းငါးရာ တို့အား ဟောကြားတော်မူသည့် ဝါခေါင်လပြည့်နေ့ ဝန်းကျင်ကိုပင် ရည်ကာ “ဝါခေါင်လပြည့် မေတ္တာအခါ တော်နေ့”ဟူ၍ အမှတ်သညာ ပြုခဲ့ကြလေသည်မှာ ယနေ့တိုင် ဖြစ်လေသည်။

မေတ္တသုတ်တရားတော်ဟူသည်ကား အခြား မဟုတ် မိမိတို့ ဗုဒ္ဓဘာသာဝင် မြန်မာများ နေ့စဉ်နှင့်အမျှ ပါဠိကထာဖြင့် ဘုရားရှိခိုးလေတိုင်း ရွတ်ဆိုသရဇ္ဈာယ် နေကြသော သုတ္တန်တရားတော်ပင် ဖြစ်သည်။ ပရိတ်ကြီး ၁၁ သုတ်တွင် မင်္ဂလသုတ်၊ ရတနသုတ်ပြီးလျှင် တတိယမြောက်သုတ်မှာ “မေတ္တသုတ်”ပင် ဖြစ်သည်။ ပရိတ်တော်ရွတ်ဖတ်ရခြင်း အကျိုးသွားလင်္ကာတွင်  မေတ္တသုတ်ရွတ်ဖတ်ခြင်းဖြင့်.. “ဒေဝါနတ်များ၊ ချစ်ခင် ပွား၍၊ ဆိုးဝါးအိပ်မက်၊ မမြင်မက်ဘဲ၊ အိပ်စက်နိုးထ၊ ချမ်းသာရလျက်၊ ရန်စရန်ငြောင့်၊ ပြန်ပျောက်လိုက၊ ရွတ်ကြအဟုတ်၊ ခုနစ်အုပ်တည်း။”ဟူ၍ အကျိုးရသည်ကို အကျဉ်းမျှဖော်ပြထားသည်။

မြန်မာစကားဝေါဟာရဖြင့် မေတ္တသုတ်၏ဆိုလိုရင်း အဓိပ္ပာယ်ကို သိသူ၊ သတိပြုမိသူ နည်းပါးနိုင်ပါသည်။ နားလည်သဘောပေါက် သိမြင်ထားလျှင် ကမ္မဋ္ဌာန်း တရားအားထုတ်ရာ၌ ပို၍လွယ်ကူအောင်မြင်နိုင်ပါသည်။ ငြိမ်းအေးသောနိဗ္ဗာန်သို့ ဆိုက်ရောက်လိုသော အကျိုး စီးပွားဖြစ်ခြင်း၌ ကျွမ်းကျင်လိမ္မာသော သူသည် ဤမေတ္တသုတ်လာ နည်းမှန်၊ လမ်းမှန်၊ အကျင့်မှန်တို့ကိုလက်တွေ့ကျင့်ကြံအားထုတ်သင့်ကြောင်း ဆရာတော် ဓမ္မ ဒူတ အရှင်ဆေကိန္ဒက တရားစဉ်တစ်ပုဒ်တွင် ညွှန်းဆို ထားသည်။

ဤသို့လျှင် တစ်ဦးတည်းသောသား၏မိခင်သည် သားငယ်အပေါ်ထားသည့်မေတ္တာဖြင့် စောင့်ရှောက်သကဲ့ သို့ များလှစွာသော သတ္တဝါဝေနေယျတို့အပေါ်၌ ကြီးမြတ် သော ဖြူစင်စိတ်ထား မေတ္တာတရားပွားများကြရာ၏။ ယင်းသို့သော မေတ္တာတရားသည်သာလျှင် နှလုံးအငြိမ်း တရားကို ဆောင်ယူနိုင်မည်လည်းဖြစ်သည်။ မိမိတို့သည် မဖောက်မပြန် တကယ်မှန်သော ရုပ်နာမ်အစုဖြစ်သည့် ခန္ဓာကို မသိမနေ ကြိုးစားရမည်ဖြစ်၏။ ကြိုးစား၍ တကယ်အမှန်အတိုင်း သိလာသည်နှင့်တစ်ပြိုင်နက်  အတိုင်း မသိသောချမ်းသာကို တကယ်ကိုယ်တွေ့ မျက်မှောက်ပြုရ၏။ ယင်းသို့သော ချမ်းသာကို နိဗ္ဗာန် ချမ်းသာဟူ၍ လည်းကောင်း၊ သန္တိသုခဟူ၍လည်းကောင်း မည်ပါ၏။

သို့ဖြစ်၍လည်း ဗုဒ္ဓဘုရားရှင်၏ မစ္ဆိမဝစနမည်သော ပရိနိဗ္ဗာန် စံဝင်လုဆဲဆဲ နောက်ဆုံးမြွက်ကြားသော “သင်တို့ကို ငါဘုရား နောက်ဆုံးစကားမှာကြားခဲ့မည်။ သင်္ခါရ ဓမ္မမှန်သမျှ ပျက်စီးခြင်း သဘောရှိကုန်၏။ သင်တို့သည် ယင်းသို့သော ရုပ်နာမ် ဓမ္မသင်္ခါရတို့အပေါ်၌ အနိစ္စဟူ၍ မပြတ်သောသတိဖြင့် ဒုက္ခဟူ၍ ရှုခြင်း အပ္ပမာဒတရား ပြည့်စုံ ကြကုန်လော့..”ဟူ၍ အရေး တကြီးမိန့်မှာခဲ့ခြင်း ဖြစ်သည်။ မိမိတို့၏ ရုပ်နာမ်အစုကို မပြတ်သောသတိဖြင့် ရှုနေရမည် ဖြစ်ရာ ကိလေသာ ရေစုံရေဆန် ကူးခတ်နေကြသော မိမိတို့ ပုထုဇဉ်များကို အစဉ်သတိပေး တပ်လှန့်လျက်ရှိသည်။

မိမိတို့ မြန်မာများ၏ ၁၂ လ ရာသီပွဲတော်များသည် ဘာသာရေးနှင့် နှီးနွှယ်နေသော ပွဲများဖြစ်ပေရာ အချို့ သော ပွဲတော်များသည် ဘုရားရှင်အား ဦးထိပ်ထား၍ လည်းကောင်း၊ အချို့သောပွဲတို့မှာ တရားဒေသနာမြတ် တို့အား ဦးထိပ်ထား၍လည်းကောင်း၊ အချို့သောပွဲတို့ သည်ကား ရဟန်းသံဃာတို့အား ဦးထိပ်ထား၍ လည်းကောင်း အဓိကထား ဦးတည်ဆောင်ရွက်ရသော ပွဲတော်များဖြစ်ကြ သည်။ သို့ဖြင့် မြန်မာနိုင်ငံတိုင်းရင်း သား လူမျိုးများတို့သည် ကိုယ့်ပြည်ကိုယ့်မြေ ရာသီဥတု အခြေအနေအလိုက် ပြုကြရသော ကောင်းမှုကုသိုလ် များမှာ လောကီလောကုတ်အကျိုးငှာ ပါဝင်ဆင်နွှဲ သင့်သော ကောင်းမြတ်သည့် ဓလေ့ထုံးစံများဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။

ကမ္ဘာပေါ်တွင် မည်သို့သော နိုင်ငံများတွင်မှ မိမိတို့ မြန်မာနိုင်ငံလောက် ရိုးရာယဉ်ကျေးမှု ပွဲလမ်းသဘင်များ ရှိကြမည်မထင်ပါ။ ဆယ့်နှစ်ရာသီပတ်လုံး အစဉ်အလာ မပျက် လစဉ်ရိုးရာယဉ်ကျေးမှု ရာသီပွဲတော်များ တစ်ခု မဟုတ်တစ်ခု ရှိနေ၊ ကျင်းပနေခဲ့သည်မှာ ရှေးပဝေသဏီ ကပင်ဟု ဆိုရပါမည်။ ကိုလိုနီခေတ်ဦးက မြန်မာနိုင်ငံ သို့ရောက်ရှိလာသော နိုင်ငံခြားသားများသည် မြန်မာ တို့၏ များပြားလှသော ရိုးရာယဉ်ကျေးမှု ပွဲတော်များကို တွေ့မြင် ကြုံကြိုက်ကြရသောအခါ တအံ့တဩဖြစ်ခဲ့ ကြသည်။ ထိုအခါ ကိုလိုနီအစိုးရလက်ထက် ရောက်လာ သောအခါ အချို့သောပွဲလမ်းသဘင်များ ပါးလျား ပျောက်ကွယ်ခဲ့ကြရသည်။

ကိုယ့်မင်းကိုယ့်ချင်း ကိုယ့်နိုင်ငံ ကိုယ့်ခြေ ကိုယ့်လက်များ ဖြစ်လာရသောအခါမှ အစဉ်အလာ မြန်မာ့ရိုးရာ ဓလေ့ထုံးစံများအတိုင်း ပြန်လည်ကျင်းပ လာခဲ့ကြရာ ယနေ့တိုင်မပျောက်ပျက်အောင် ဆက်လက် ထိန်းသိမ်းကြရမည် ဖြစ်ပါသည်။ ။

ကိုးကား - မြန်မာ့ဆယ့်နှစ်လ၏အဓိပ္ပာယ်

သတိုးသောင်း။

- မြတ်ဗုဒ္ဓပါဝစနအဘိဓာန်

ဦးမြတ်ကျော်(မြန်မာစာအဖွဲ့)။