နိုင်ငံ့အရေးအတွက် ကိုယ်စီတာဝန်သိ

အယ်ဒီတာ့အာဘော်

===========

 

နိုင်ငံ့အရေးအတွက် ကိုယ်စီတာဝန်သိ

 

======================

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအား စုံစမ်းရှာဖွေ ဖော်ထုတ်ခြင်း၊ ကာကွယ်၊ ထိန်းချုပ်ရေး စီမံဆောင်ရွက်ခြင်းတို့နှင့် စပ်လျဉ်း၍ စက်တင်ဘာလ ၂ ရက်နေ့က တာဝန်ရှိသူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့သည်။ ဆွေးနွေးမှုတွင် ကိုဗစ်ရောဂါကူးစက်ခံရသည်ဟု မှန်းဆရ သည့်သူများ၏ အဆက်အသွယ်ကို လိုက်လံရှာဖွေခြင်းနှင့်ပတ်သက်ပြီး ပြည်သူများ၏ လက်ရှိအခြေအနေကို ထုတ်ဖော်ပြောကြားခဲ့သည်။

 

“ပြန့်ပွားသွားနိုင်သည့် အခြေအနေရှိသည့်အတွက် မည်မျှအရေးကြီး သည်ကို အများပြည်သူသိရှိရန် လိုအပ်ပါကြောင်း၊ ယခုကိစ္စသည် ပြည်သူ အားလုံးပူးပေါင်းဆောင်ရွက်မှ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ အဆက် အသွယ်များကို လိုက်လံရှာဖွေရသည်မှာ မည်မျှခက်ခဲပြီး ငွေအား၊ လူအားနှင့် အချိန်အား မည်မျှသုံးရသည်ကို ပြည်သူများနားလည်စေလိုပါကြောင်း၊ နောက်ဆုံးကိန်းဂဏန်းအရ ရန်ကုန်မြို့တွင် ပြန့်ပွားမှုပိုမိုများပြားနေပါ ကြောင်း၊ ရန်ကုန်မြို့တွင် လူဦးရေများပြားပါကြောင်း၊ ထို့အပြင် ရန်ကုန်တွင် နေထိုင်ကြသူများသည် ယခု သုံး၊ လေးလအတွင်း ပေါ့ဆလာကြပြီး စည်းမျဉ်း စည်းကမ်းများ လိုက်နာမှုအားနည်းလာကြပါကြောင်း” အသိပေးပြောကြား ခဲ့သည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ ရန်ကုန်မြို့၌ မှီတင်း နေထိုင်ကြသောပြည်သူများတွင် စည်းကမ်းလိုက်နာကြသော ပြည်သူများ ရှိသလို မလိုက်နာကြသော ပြည်သူများ များစွာရှိနေသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားစဉ်က ရန်ကုန်မြို့နေပြည်သူများမှာ စိုးရိမ် ထိတ်လန့်မှုဖြစ်ခဲ့ကြပြီး ထုတ်ပြန်ခဲ့သောအမိန့်နှင့် စည်းကမ်းများကို လိုက်နာခဲ့ကြပါသည်။ ထိုသို့လိုက်နာခဲ့ကြသောကြောင့်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ လျော့ကျလာခဲ့ပြီး နိုင်ငံတော်အစိုးရက ဖြေလျှော့မှုများ ပြုလုပ်ပေးခဲ့သည်။ ဖြေလျှော့မှုများ ပြုလုပ်ပေးပြီးနောက် ပြည်သူများမှာ ပုံမှန်အနေအထားသို့ ရောက်ရှိခဲ့ပြီး ပေါ့ပေါ့ဆဆ နေထိုင်လုပ်ကိုင်သွားလာ မှုများ ရှိလာခဲ့သည်။

ယခုအခါ ရခိုင်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုမြင့်မားလာ သည်ကို တွေ့ရမည်ဖြစ်သည်။ တစ်ဆက်တည်းတွင် ဝင်၊ ထွက်သွားလာမှု များပြားသော ရန်ကုန်မြို့တွင်လည်း ရောဂါကူးစက်မှုများ မြင့်မားလာခဲ့ရာ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့၌ အတည်ပြုပိုးတွေ့လူနာတွေ့ရှိ မှု စံချိန်တင်မြင့်မားလာခဲ့သည်။ ရောဂါပိုးကူးစက်မှုသည် စိုးရိမ်ဖွယ်ရာအခြေ အနေဖြစ်လာသောကြောင့် ကျန်းမာရေးနှင့် အားကစားဝန်းကြီးဌာနနှင့် ဆက်နွှယ်ရာဝန်ကြီးဌာနများက ရောဂါကာကွယ်တိုက်ဖျက်ရေးကို ဖိဖိစီးစီး အလေးထားဆောင်ရွက်နေချိန်တွင် ပြည်သူများမှာ ပူးပေါင်းပါဝင်ခြင်းမရှိဘဲ ပေါ့ပေါ့ဆဆပြုမူနေထိုင်မှုများ ပြုလုပ်လျက်ရှိသည်မှာ ထုတ်ပြန်ထားသော အမိန့်နှင့်စည်းကမ်းများကို ဖောက်ဖျက်ရာရောက်သဖြင့် ပြဋ္ဌာန်းထားသော ဥပဒေများနှင့်အညီ အရေးယူခံရနိုင်သည်ကို သတိချပ်ရမည် ဖြစ်သည်။

 

အထူးသဖြင့် လူဦးရေအထူထပ်ဆုံးဖြစ်သည့် ရန်ကုန်မြို့တွင် ယခုထက် ရောဂါပိုမိုပြန့်ပွားသွားပါက ရောဂါပိုးကူးစက်ရန် ပိုမိုမြန်ဆန်လာပြီး ကုသ ပေးနိုင်ရန် အခက်အခဲများ ပိုမိုရှိသွားနိုင်သည်ကို ပြည်သူများအနေဖြင့် သိရှိထားကြရန် လိုအပ်ပေသည်။ ရန်ကုန်မြို့သည် အလုပ်အကိုင်စီးပွားရေး အဓိကကျသော မြို့တော်ဖြစ်၍ လက်ရှိလုပ်ကိုင်လည်ပတ်နေမှုများ တုံ့ဆိုင်း သွားနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ ယခုလက်ရှိတွင် နိုင်ငံတော်က အမိန့်၊ ညွှန်ကြားချက်၊ စည်းကမ်းများ ထပ်မံထုတ်ပြန်ထားသော်လည်း လိုက်နာမှုတွင် အားနည်းနေသေးသည်ကို အမိန့်ထုတ်ပြန်ပြီးနေ့တွင် မြင်တွေ့ ခဲ့ရသည်။ စည်းကမ်းသည် လိုက်နာရန်ဖြစ်ပြီး မလိုက်နာပါက အရေးယူခံရ ဖွယ်ရှိသည်။ မိမိတို့တစ်ဦးတစ်ယောက်ချင်း စည်းကမ်းမလိုက်နာမှုသည် နိုင်ငံတစ်နိုင်ငံလုံးအတွက် ဒုက္ခအခက်အခဲများ ကျရောက်နိုင်သည်ကို နားလည်ရမည်ဖြစ်သည်။

ယခုအခါ မြို့နေပြည်သူများ ကျန်းမာရေးဆိုင်ရာ စည်းကမ်းလိုက်နာ ရေး၊ ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ ရောက်ရှိလာသူများ သတင်းပို့ရေးတို့ကို အလေးထားဆောင်ရွက်နေသည်။ ကျန်းမာရေးဘက်ဆိုင်ရာက ရခိုင် ပြည်နယ်မှ ရန်ကုန်သို့ပြန်လာကြသူများနှင့် နေ့စဉ်ဆက်သွယ်မှုရယူနေသော် လည်း ဖုန်းလက်ခံမဖြေကြားခြင်း၊ ဖုန်းချပစ်ခြင်းတို့ကို တာဝန်မဲ့စွာပြုမူ ကြသည်ကို ကြားသိရ၍ စိတ်မကောင်းဖြစ်မိသည်။ မိမိတို့ တစ်ဦးချင်း တာဝန်သိမှုသည် မိမိနှင့်တကွ မိမိ မိသားစု၊ မိမိအသိုင်းအဝိုင်း၊ မိမိတို့ နိုင်ငံသူ နိုင်ငံသားများ ရောဂါဘေးကင်းဝေးစေရန် ဆောင်ရွက်ပေးလိုက်ခြင်း ဖြစ်သည်ကို နားလည်လက်ခံထားသင့်သည်။

 

သို့ဖြစ်ရာ ထုတ်ပြန်ထားသော အမိန့်၊ စည်းကမ်းများကို မလိုက်နာခြင်း သည် နိုင်ငံတော်အတွက် အန္တရာယ်ကြီးကြီးမားမားဖြစ်ပေါ်လာနိုင်သည်ကို သတိမူဆင်ခြင်၍ တစ်ဦးချင်း၊ တစ်ယောက်ချင်း တာဝန်သိသိ လုပ်ဆောင်ပေးပါမှ ကိုဗစ်-၁၉ ရောဂါဘေးမှ လျော့နည်းကင်းဝေးစေမည် ဖြစ်သည်။ အဓိကမှာ ပြည်သူများဖြစ်၍ ပြည်သူများ ပူးပေါင်းပါဝင်ပါမှ ကြုံတွေ့နေရသော အခက်အခဲများကို ကျော်လွှားသွားနိုင်မည် ဖြစ်သည်။ တစ်ဦးချင်း တစ်ဦးချင်းတာဝန်သိမှုမှသည် မိမိပတ်ဝန်းကျင် မိမိနိုင်ငံကို ကာကွယ်ပေးရမည်ဖြစ်ပါကြောင်း။ ။