အားလုံးပါဝင်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖော်ဆောင်

ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင်        လွတ်လပ်ရေးရရှိပြီးသည့်အချိန်မှစ၍ အမျိုးသားခေါင်းဆောင်ကြီးများ လမ်းညွှန်ပေးခဲ့သည့်၊ ပြည်သူများလိုလားသည့်၊ နိုင်ငံတကာလက်ခံသည့်   ဒီမိုကရေစီနိုင်ငံရေးစနစ်ကို    ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ကျင့်သုံးခဲ့သည်။ ဒီမိုကရေစီစနစ်တွင် အများဆန္ဒကိုဦးစားပေးသော လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲစနစ်ကို အကောင်အထည်ဖော်ပြီး နိုင်ငံနှင့်ပြည်သူ အကျိုးစီးပွားဖြစ်ထွန်းရေးကို ဖော်ဆောင်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေး မဏ္ဍိုင်ကြီး (၃) ရပ်ဖြင့် ထိန်းညှိဆောင်ရွက်ကြသည်။


ပါလီမန်ဒီမိုကရေစီခေတ်တွင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ  သုံးကြိမ်ကျင်းပခဲ့သည်။ ဆိုရှယ်လစ်ခေတ်တွင် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တစ်ပါတီစနစ်ကို ကျင့်သုံးခဲ့ရာ ပြည်သူများ လက်မခံဘဲ ၁၉၈၈ ခုနှစ်တွင် ရပ်ဆိုင်းသွားသည်။ ထို့နောက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင်  ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ သုံးကြိမ်ကျင်းပခဲ့သည့်အပြင် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တွင် ကြားဖြတ်ရွေးကောက်ပွဲ နှစ်ကြိမ်ကျင်းပခဲ့သည်။ မြန်မာနိုင်ငံတွင် နိုင်ငံနှင့်ပြည်သူအတွက် ရွေးကောက်ပွဲများကျင်းပခဲ့သော်လည်း လိုရာခရီးပန်းတိုင် သို့ ချောမောစွာမရောက်ရှိသေးသည်ကို တွေ့ရမည်ဖြစ်သည်။


ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာတွင် တရားမျှတမှုနှင့် ပြည်သူအားလုံး၏ဆန္ဒနှင့် လိုက်လျောညီထွေမရှိလျှင် မျှော်မှန်းထားသောပန်းတိုင်နှင့် အလှမ်းဝေးနေမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ များကို မဲအများဆုံးရသူ အနိုင်ယူစနစ်ကျင့်သုံးခဲ့ရာ တရားမျှတခြင်းမရှိမှု၊ ပြဿနာ ဖြစ်မှု၊ မရိုးသားမှုများလည်းရှိခဲ့သည်။ ထို့ကြောင့် ပြောင်းလဲလာသောအခြေအနေအရ မြန်မာနိုင်ငံ၏လူမှုဘဝနှင့် ဆီလျော်ကိုက်ညီမည့်ရွေးကောက်ပွဲစနစ်မျိုး ပြောင်းလဲ ကျင့်သုံးရန်လိုအပ်လာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီ များ၊ စိတ်ဝင်စားသူများ လေးကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး အချိုးကျကိုယ်စား ပြုစနစ်ကို ပြောင်းလဲကျင့်သုံးရန် ရည်မှန်းဆောင်ရွက်နေကြသည်။


မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီအမြောက်အမြားရှိရာ အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်သည် နိုင်ငံရေးပါတီအားလုံးနှင့်သင့်လျော်သည့် ရွေးကောက်ပွဲ စနစ်ဖြစ်သည်ကိုတွေ့ရသည်။ ကမ္ဘာပေါ်ရှိနိုင်ငံများတွင်လည်း အချိုးကျကိုယ်စားပြု စနစ်ဖြင့် လွှတ်တော်ရွေးကောက်ပွဲများကျင်းပသည့် နိုင်ငံပေါင်း ၁၁၁ နိုင်ငံ  ရှိနေ သည်ကိုတွေ့ရသည်။ အဆိုပါနိုင်ငံများ၏ နိုင်ငံရေးစနစ်မှာ တည်ငြိမ်နေသည်ကို တွေ့ရသည်။ ပြုလုပ်ခဲ့သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများတွင် ပါတီတစ်ခုတည်းကသာ ရွေးကောက်ပွဲတွင် အနိုင်ရလိုပြီး နိုင်ငံ့အာဏာရရှိရေး အတွက် ရှေ့တန်းတင်လာခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် မဖြစ်သင့်မဖြစ်ထိုက် သောပြုလုပ်မှုများ၊ နိုင်ငံအတွက်   နိုင်ငံရေးအရ   သင်ခန်းစာယူစရာအဖြစ်များ တွေ့ရှိလာခဲ့သည်။


မျက်မှောက်ကာလတွင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီအသွင်ကူးပြောင်းလာခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်သာရှိသေးသည်။ ဒီမိုကရေစီ တစ်ပါတီအနိုင်ရမှုကို အကြောင်းပြု၍   ရှုထောင့်အမျိုးမျိုးမှ  ဝင်ရောက်ခြယ်လှယ်လွှမ်းမိုးချုပ်ကိုင်ရန် ဆောင်ရွက်မှုများရှိလာသည်။ ဒီမိုကရေစီစနစ်၏ အနှစ်သာရဖြစ်သည့် မတူကွဲပြား သူများနှင့်အတူ လက်တွဲဆောင်ရွက်ခြင်းမရှိဘဲ တစ်ပါတီအာဏာရရှိရေးကို မရိုး မသားဆောင်ရွက်ခဲ့သည့်အတွက် ၂၀၂၀ ရွေးကောက်ပွဲကို ဖျက်သိမ်းရသည်အထိ သင်ခန်းစာယူဖွယ်ဖြစ်ခဲ့သည်။ ပြောင်းလဲလာသော ပထဝီဝင်နိုင်ငံရေး၏အရေးပါမှု အရ  အင်အားကြီးနိုင်ငံများ၏ ဝင်ရောက်စွက်ဖက်မှုများကိုလည်း သတိပြုရမည် ဖြစ်သည်။


ဒီမိုကရေစီစနစ်ကိုကျင့်သုံးရာတွင်  အများဆန္ဒဖြင့် ဆောင်ရွက်ရသော်လည်း အခြေခံအကျဆုံးဖြစ်သည့် အနည်းစုဆန္ဒကိုလည်း အလေးထားခြင်း၊ တရားဥပဒေ ကို စောင့်ထိန်းလိုက်နာကျင့်သုံးခြင်း၊  စည်းကမ်းလိုက်နာခြင်း၊  အမှန်တရားကို လက်ခံပြီး  ဖြောင့်မတ်တည်ကြည်ခြင်း   စသည်တို့ကိုလိုက်နာရမည်ဖြစ်သည်။ ထို့ကြောင့်  ပါတီနိုင်ငံရေးကို   ဆောင်ရွက်ရာတွင်   ဖွဲ့စည်းပုံအခြေခံဥပဒေကို အလေးထားဆောင်ရွက်ကြရန်၊  တည်ဆဲဥပဒေများကို လိုက်နာဆောင်ရွက်ကြရန်နှင့် မိမိတိုင်းပြည်၊ မိမိလူမျိုး၊ မိမိယဉ်ကျေးမှု၊ ဓလေ့ထုံးစံများနှင့် ဆီလျော်ကိုက်ညီ သည့် ရွေးကောက်ပွဲစနစ်မျိုးကို ဖော်ဆောင်နိုင်ရန် အရေးကြီးသည်။
သို့ဖြစ်ရာ  မြန်မာနိုင်ငံ၏    ယဉ်ကျေးမှုဓလေ့ထုံးစံ    လူမှုဘဝအခြေအနေ များနှင့်      ပထဝီဝင်နိုင်ငံရေးအခြေအနေများအရ     မဲအများဆုံးရသူအနိုင်ယူ စနစ်၏    သင်ခန်းစာယူစရာများကို   တွေ့ရှိရပြီးဖြစ်ရာ  အားလုံးပါဝင်ဆောင်ရွက် နိုင်သော   ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေးကို   ရှေးရှု သည့်ရွေးကောက်ပွဲစနစ်ကို  စည်းလုံးညီညွတ်စွာ   ဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း။        ။