လွတ်လပ်ရေးနှင့်ထိုက်တန်သည့်နိုင်ငံတည်ဆောက်

၂၀၂၁ ခုနှစ် နှစ်ဟောင်းကုန်ဆုံး၍ ၂၀၂၂ ခုနှစ် နှစ်သစ်ကို ကူးပြောင်းရောက်ရှိတော့မည် ဖြစ်သည်။ နှစ်သစ်တွင် တိုင်းသူပြည်သား ပြည်သူအများ ကြည်ဖြူစည်းလုံး ရွှင်ပြုံး ကြပါစေ၊ သာယာချမ်းမြေ့ကြပါစေ၊ ဘေးဘယာမခဘဲ သာစွဌာနေ ပြည်ထောင်စုကြီး  ညီနောင်ပြု၍ ရိုင်းပင်းနိုင်ပါစေ။ ဂုဏ်ရည်မြင့်သည့် တိုင်းရင်းသားစုံညီ အမိမြေတွင် သတိတွေမပြတ်၊ တစ်တပ်တစ်အားနှင့် ယှဉ်တွဲကာလေ လွတ်လပ်ရေးကြီး အစဉ်ခိုင်မြဲ ဖို့ ကြိုးပမ်းကြစို့ဟု နှိုးဆော်တိုက်တွန်းအပ်ပါသည်။


လွတ်လပ်ရေးကို အထွတ်အမြတ်တွေးပြီး ဦးထိပ်ပန်ဆင်သည့် အထူးစိတ်အကြံ ဖြင့် ကာကွယ်စောင့်ရှောက်ကြရပါမည်။  တို့သွေး၊ တို့သား  သွေးချင်းများ၏ စည်းလုံးမှုသည် လွတ်လပ်ရေးကြီး တည်တံ့ခိုင်မြဲရေးအတွက် အသက်တမျှ အရေးကြီး ပါသည်။ တို့ပြေ(ပြည်)၊ တို့မြေ၊ တို့ဘိုးဘွားများအမွေကို တို့တစ်တွေ လက်တွဲစည်းရုံး တိုက်ပွဲဝင်ကာ လွတ်လပ်ရေးကို အရယူခဲ့ကြပါသည်။ တို့ဘိုးဘွားများ ရယူပေးခဲ့ သော လွတ်လပ်ရေးကို မယိုင်မလဲ ခိုင်မြဲစေရေး တို့တစ်တွေ ထိန်းသိမ်းစောင့်ရှောက် ရပါပေမည်။ ကလီကမာ ဆိုးညစ်ယုတ်မာစိတ်နှင့် အကြမ်းလည်းဖက်၊ သွေးခွဲ၍ တစ်ဖုံ နည်းမျိုးစုံဖြင့် ကြံစည်အားထုတ်နေရာ မညီညွတ်လျှင် ဝါးအစည်းပြေပြီး  တိုင်းပြည်ကျွန်ဖြစ်၊ နွံမနစ်ရအောင်  ဆိုးညစ်သည့်အကြံကို  အရှင်းလက်မခံဘဲ လက်တွဲဟန့်တားကြပါစို့။


ဒီမိုကရေစီသည် အဖိုးတန်မွန်မြတ်ပြီး ပြည်သူတွေမြတ်နိုးလှပါလျက် ပြည်ပ က သွတ်သွင်း၊ ပြည်တွင်းက ဆိုးညစ်သည့်အကြံဖြင့် အာဏာကို မရအရအဓမ္မယူရန်  မရိုးမသားလုပ်ဆောင်လာကြသည်။ ဒီမိုကရေစီစစ်မှန်ရေး၊ ဒီမိုကရေစီခရီးလမ်း တည့်မတ်ဖြောင့်တန်းရေးအတွက် ဥပဒေနှင့်အညီ ထိန်းသိမ်းတားဆီး  ကြိုးပမ်းခဲ့ ရသည်။ ထိုအခါ ဥပဒေကိုကျောခိုင်း၊  ပြည်ပကိုအားကိုး၊  အကြမ်းဖက်အဖွဲ့ဖွဲ့၊ ပြည်တွင်းမှာ ဆူပူအကြမ်းဖက်၊ လူသတ်မီးရှို့၊ နှောင့်ယှက်ဖျက်ဆီး၊ ရက်စက်မှု ကမ်းကုန် တိုင်းပြည်ပျက်စီးရေး  လုပ်ရပ်အစုံတို့သည်  ဒီမိုကရေစီလား၊ ပြည်သူ့ အကျိုးလား ခွဲခြားကြည့်နိုင်ပါသည်။


တိုင်းပြည်ဖျက်ဆီးရေးလုပ်ရပ်များသည်    ဒီမိုကရေစီလား၊    တိုင်းပြည် တည်ဆောက်ရေးလုပ်ရပ်များသည် ဒီမိုကရေစီလား ပြည်သူများက ခွဲခြားနားလည် လာကြသည်။ အချိန်တန်လျှင် နေလာနှင်းပျောက်၊ တိမ်ဖုံးသည့်ည  တိမ်စင်၍  လသာသကဲ့သို့ နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်း ပွင့်လန်းသာယာ အေးချမ်းလာပြီ။ ၂၀၂၀ -၂၀၂၁ တွင် ခါးသီးအဖြစ်အပျက်များကို ပြည်သူများကြုံတွေ့ခဲ့ရသည်။ နှစ်ဟောင်းမှ ညစ်ထေးမှုများ နှစ်သစ်တွင် ပါမလာရေးအတွက် ဆေးကြောသုတ်သင် ဖယ်ရှားခဲ့ပြီ။   နှစ်သစ်တွင်  သန့်ရှင်းစင်ကြယ်သည့် ကောင်းမြတ်ခရီးလမ်း၌ လျှောက်လှမ်းနိုင်ကြရန် ဝိုင်းဝန်းကြိုးပမ်းအားထုတ်ကြရမည်။ 


စည်းကမ်းတွေရှိ၊ မျိုးချစ်စိတ်ရှိ၊ တိုင်းပြည်ချစ်စိတ် နိုးကြား၊  အသိမှန်ကန်၊ အမိနိုင်ငံ   စည်းလုံးညီညွတ်ရေးကို   တစည်းတလုံးတည်းဟု   အတွေးမှန်ဖြင့် သွေးစည်းညီညာ၊ သာယာအေးချမ်း၊ ရောင်းပန်းဝယ်ပန်း၊ ပွင့်လန်းဝေဆာ၊ သာယာ စည်ပင်၊ ကြည်ရွှင်နှလုံးဖြင့်   ပြည်သူအားလုံး  စိတ်နှလုံးမွေ့လျော်ရေးအတွက် နှစ်သစ်တွင် မမေ့မလျော့ ကြိုးစားကြပါကုန်လော့၊ နိုးကြားကြပါကုန်လော့၊ ရိုးသားကြပါကုန်လော့။   ပြည်သူများ   မျှော်မှန်းထားသည့်၊  လိုလားကြသည့် ဒီမိုကရေစီခရီးပန်းတိုင်ကို စည်းကမ်းရှိရှိ၊ မှန်မှန်ကန်ကန်၊ ညီညီညွတ်ညွတ်၊ ဖြောင့်ဖြောင့်တန်းတန်း၊ မျှမျှတတ၊ အေးအေးချမ်းချမ်း ဘေးမသန်းဘဲ တပေါင်း တစည်းတည်း စိတ်နှလုံးပျော်ရွှင်ချမ်းမြေ့ခြင်းဖြင့် မရောက်အရောက် လျှောက်လှမ်း  ကြပါစို့။


တို့သွေး၊ တို့သား၊ ကယား၊ ကချင်၊ ကရင်နှင့် ချင်း၊ ရိုင်းပင်း မွန်၊ ဗမာ၊ ရှမ်း၊ ရခိုင်ပါလက်တွဲပြီး ခိုင်ခိုင်မြဲမြဲ တစ်ခဲနက်ညီမှ ပြည်ပအန္တရာယ် တွန်းလှန်ဖယ်ရှား၊  ပြည်တွင်းအဖျက်အမှောင့်   နှောင့်ယှက်ဖျက်ဆီးမှုများကို  တွန်းလှန်ဖယ်ရှား၊  ကျော်လွှားနိုင်လိမ့်မည်။ တို့တိုင်းတို့ပြည် လွတ်လပ်မှုနှင့်တူတန် သာယာအေးချမ်း မည်ကို မလိုလားသည့် စွက်ဖက်နှောင့်ယှက် ဖျက်ဆီးမှုများသည် အချုပ်အခြာနှင့် လွတ်လပ်ရေးကို ဖျက်ဆီးဖို့ရန် ကြံစည်ခြင်းဖြစ်သည်။ ဘာသာသာသနာ ဓလေ့ ထုံးစံ ယဉ်ကျေးမှုအစဉ်အလာကောင်းများ  ပျောက်ကွယ်လျှင်  စည်းလုံးမှုလည်း ပြိုကွဲပျက်စီး   တိုင်းတစ်ပါးလက်ဝေခံ   သူတစ်ပါးနှာခေါင်းနှင့်   အသက်ရှူရသလို ဖြစ်ပေလိမ့်မည်။


သို့ဖြစ်ပါ၍ တိုင်းပြည်အတွင်း ကြုံတွေ့ခဲ့ရသော  နှစ်ဟောင်းမှ   ခါးသီး ဆိုးရွားခဲ့သည့်  ညစ်ထေးမှုများကို   ဆေးကြောသုတ်သင်ခဲ့ပြီဖြစ်ရာ    နှစ်သစ်တွင် တို့ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူအားလုံး ညီညွတ်စည်းလုံး လက်တွဲ ခိုင်မြဲပြီး လွတ်လပ်ရေးနှင့်ထိုက်တန်သည့် စည်းကမ်းရှိသော ဒီမိုကရေစီနိုင်ငံသစ်ကို  တည်ဆောက်ကြရန် တိုက်တွန်းပါကြောင်း။    ။