
လျန်ကျင့်မန် (ခ)ငမ်ခိုင်ပါးပါး
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) အနေဖြင့် ဘေးကင်းလုံခြုံပြီး ဝန်ဆောင်မှုကောင်းသော YBS စနစ် ဖြစ်ရေးအတွက် YBS ယာဉ်လိုင်းများတွင် စပယ်ယာ ယာဉ်နောက်လိုက်တင်ပြီး ယာဉ်စီးခ ၅၀၀ နှင့်အထက် ကောက်ခံ နေမှုများ၊ စည်းကမ်းဖောက်ဖျက်မှုများကို CNG ပိတ်သိမ်းခြင်း၊ လုပ်ငန်းလိုင်စင်ယာယီရပ်ဆိုင်းခြင်း၊ ပြစ်ဒဏ်များ ချမှတ် ပြီး ထိရောက်စွာ အရေးယူဆောင်ရွက် လျက်ရှိပါတယ်။ ယင်းကဲ့သို့ အရေးယူမှု များအပြင် နည်းပညာဖြင့် ထိန်းချုပ်နိုင် သော YPS ကတ်ကိုလည်း ခရီးသွားမိဘ ပြည်သူများ တွင်ကျယ်စွာ အသုံးပြုနိုင် ရေးကိုလည်း အဓိကအလေးထား ဆောင်ရွက်လျက်ရှိပါတယ်။
အဆင်ပြေစေရန်အတွက်
ယခင်ကာလများက ယာဉ်စီးခကို ကတ်စနစ်ဖြင့် ပေးချေနိုင်ဖို့အတွက် YPS (Yangon Payment Service) ကို Yangon Payment Service Co., Ltd နှင့် Asia Starmar Transport Intelli-gent Co., Ltd တို့အကြား ၂၀၁၉ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် Yangon Payment Service (Build , Own, Operate, Transfer) သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ယာဉ်လိုင်းကုမ္ပဏီများ ဖြစ်တဲ့ YBPC ကုမ္ပဏီ၊ YUPT ကုမ္ပဏီ၊ ဗန္ဓူလကုမ္ပဏီ၊ လူထုမိတ်ဆွေကုမ္ပဏီ၊ GYCT ကုမ္ပဏီငါးခုမှ ယာဉ်လိုင်းပေါင်း ၃၆ လိုင်း ဘတ်စ်ကားစီးရေ ၁၉၀၂ စီးမှာ Bus Valiadator စက် POS စက်များ တပ်ဆင်ပြီး ခရီးသွားပြည်သူများ အဆင် ပြေစေရန်အတွက် ဆောင်ရွက်ပေးနိုင် ခဲ့ပါတယ်။ ယင်းသို့ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့မှုကြောင့် ခရီးသည် များရဲ့ ယာဉ်စီးခကို YPS ကတ်ဖြင့် အသုံးပြုနိုင်တဲ့ ယာဉ်အစီးရေ ၁၉၀၂ စီး အထိ အောင်မြင်ခဲ့ပါတယ်။
နေ့စဉ်ကြုံတွေ့နေရ
ခရီးသွားပြည်သူများအကြား YPS ကတ် ရောင်းချပေးနိုင်ခဲ့မှုမှာလည်း ၆၀၀၀၀ ကျော်ရှိခဲ့ပြီး Active ဖြစ်တဲ့ ကတ် ၃၀၀၀ ကျော်ရှိနေသော အခြေအနေမှာ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကြောင့် လည်းကောင်း၊ ဝန်ဆောင်မှုပေးနေသော Yangon Payment Service Co., Ltd ရပ်နားခဲ့မှုကြောင့်လည်းကောင်း၊ ယာဉ် စီးခများကို YPS ကတ်စနစ်ဖြင့် အသုံး ပြုသွားလာမှုမှာ YBS ခရီးသွားပြည်သူ များအကြား အရှိန်အဟုန်ပြတ်သွားခဲ့ရပြီး ယခင်မူလကကဲ့သို့ အပိုစပယ်ယာများ လိုက်ပါလာခြင်း၊ သတ်မှတ်နှုန်းထားများ ထက် ပိုမိုတောင်းခံနေခြင်း၊ စည်းကမ်း မဲ့စွာ မောင်းနှင်ခြင်း၊ လိုက်ပါလာ သည့် ခရီးသည်များအပေါ်တွင်လည်း ယဉ်ကျေးပျူငှာစွာ ဆက်ဆံမှုမရှိခြင်း စသည့်အခက်အခဲများစွာက ရန်ကုန် မြို့တွင်း၌ YBS ဖြင့် သွားလာနေသော ခရီးသွားပြည်သူများမှာ နေ့စဉ် ကြုံတွေ့ နေရပါတယ်။
အမြန်ဆုံးအသုံးပြုနိုင်ရေး
ယခု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ပေးချက်အရ ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က Yangon Payment Service (BOT)ကို ဒုတိယခြေလှမ်းအနေဖြင့် သဘောတူ စာချုပ် ချုပ်ဆိုရန် Asia Starmar Transport Intelligent Co., Ltd နှင့် YRTC တို့ ချုပ်ဆိုရန် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ YRTC အနေဖြင့် ခရီးသွား မိဘပြည်သူများ ခရီးသွားလာရာတွင် စပယ်ယာများနှင့် ဆက်ဆံရသောအခက် အခဲ၊ ငွေအကြွေရှာရသော အခက်အခဲ၊ ငွေစက္ကူများမှတစ်ဆင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကြုံတွေ့ရမည့် အခက်အခဲ များမှကင်းဝေးပြီး စိတ်ချမ်းသာစွာဖြင့် ဘတ်စ်ကားများ နိုင်ငံတကာအဆင့်မီ စီးနင်းနိုင်ရန်အတွက် ယာဉ်စီးခပေးရာ တွင် YPS ကတ်စနစ်တွင် ကျယ်ပြန့်စွာ အမြန်ဆုံး အသုံးပြုနိုင်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ညှိနှိုင်းသဘောတူဆောင်ရွက်
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ရုံးချုပ်အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ၊ YBPC ကုမ္ပဏီ၊ Asia Starmar Transport Intelligent Co., Ltd ၊ IGE Co., Ltd ၊ Bank နှင့် YBPC ကုမ္ပဏီယာဉ်လိုင်းတွင် ယာဉ်စီးခများကို YPS ငွေချေကတ်စနစ် ဖြင့် ငွေပေးချေနိုင်ရေး ညှိနှိုင်းဆောင်ရွက် ခဲ့ပါတယ်။ အပတ်စဉ်တိုင်းမှာလည်း ကျန်ယာဉ်လိုင်းကုမ္ပဏီများနှင့် ကတ် စနစ်ဖြင့် ယာဉ်စီးခပေးချေနိုင်ရေး ညှိနှိုင်း သဘောတူဆောင်ရွက်မှုများကို YRTC မှ ဦးဆောင်ပြီး ကျင်းပသွားမှာ ဖြစ်ပါ တယ်။
တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ရန်
ကတ်ဈေးနှုန်းမှာလည်း တစ်ကတ် လျှင် ငွေကျပ် ၂၀၀၀ သတ်မှတ်ထားပြီး အနည်းဆုံး ငွေကျပ် ၁၀၀၀ မှ အများဆုံး ငွေကျပ် ၃၀၀၀၀ အထိ ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ အထူးအစီအစဉ်အနေဖြင့် ကတ်အသုံးပြုသူများ လွယ်ကူသက်သာ စိတ်ချမ်းသာစွာ အသုံးပြုနိုင်ရန်အတွက် ကနဦးငွေကျပ် ၃၀၀၀ စတင်ဖြည့်သွင်း သည်နှင့်တစ်ပြိုင်နက် ကတ်ကိုအခမဲ့ထုတ်ပေးသွားမှာဖြစ်ပါတယ်။ ကတ် ဖြန့်ဖြူးရောင်းချခြင်းနှင့် ငွေဖြည့်သွင်း ခြင်း ဆောင်ရွက်နိုင်သော နေရာများမှာ YPS အမှတ်တံဆိပ်ရှိသော G & G ဆိုင် များ၊ ဆူးလေမြို့တော်ခန်းမရှေ့ YPS Kiost ဆိုင်၊ မြန်မာပလာဇာရှေ့မှတ်တိုင် YPS Kiost ဆိုင်၊ ယုဇနပလာဇာရှေ့ မှတ်တိုင်၊ လှည်းတန်းမှတ်တိုင်၊ အင်းစိန် လမ်း၊ သခင်မြပန်းခြံ၊ တာမွေအဝိုင်း မှတ်တိုင်၊ စံပြဈေးမှတ်တိုင်၊ YPS Stores(YUPT) ၊ YPS stores(Bandola) နေရာများတွင်ရရှိနိုင်ပြီး တိုးချဲ့ဝန်ဆောင် မှုပေးနိုင်ရန်လည်း YRTC အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) အနေဖြင့် ခရီးသွားမိဘပြည်သူ များကို မိမိတို့ ကျေးဇူးရှင်များအဖြစ် သတ်မှတ်ကာ ဝန်ဆောင်မှုအကောင်း ဆုံးပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွား မှာဖြစ်ပါတယ်။ ခရီးသွားပြည်သူများ စိတ်ချမ်းသာစွာဖြင့် လိုရာပန်းတိုင်သို့ အရောက်လှမ်းနိုင်ရန် နိုင်ငံတကာ အဆင့်မီ YPS ကတ် အသုံးပြုပြီး YBS ဘတ်စ်ကားများ စီးနင်းကြပါစို့လို့ တိုက်တွန်းနှိုးဆော် ရေးသားလိုက်ရ ပါတယ်။ ။
- Log in to post comments