နိုင်ငံတစ်နိုင်ငံ တည်ထောင်ရန်သည်လည်းကောင်း၊ တည်ထောင် ပြီးသည့်နိုင်ငံ ကမ္ဘာမြေပေါ်တွင် အရှည်တည်တံ့ခိုင်မြဲစေရေး ထိန်းသိမ်းကာကွယ်ရခြင်းသည်လည်းကောင်း လွန်စွာခက်ခဲ ကြမ်းတမ်းလှသည်။ လွတ်လပ်၍ အချုပ်အခြာ အာဏာပိုင်စိုးသော နိုင်ငံကို ကာကွယ်စောင့်ရှောက်ခြင်းသည် ယင်းနိုင်ငံတွင် မှီတင်း နေထိုင်ကြသည့် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သော်လည်း နိုင်ငံသား တို့အနက် တာဝန်မသိသူ၊ တာဝန် ငြင်းဆန်သူတို့အပြင် မိမိမွေးဖွားရာ၊ မိမိနေထိုင်ရာ ဇာတိနိုင်ငံကိုပင် ဆန့်ကျင်သူ၊ ဖျက်ဆီးသူတို့လည်း ရှိကြသည်ကို တွေ့နိုင်သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ်တွင် ပါလက် စတိုင်းဒေသ၌လည်း နိုင်ငံသစ်တစ်ခုပေါ်ပေါက်လာသည်။ ယင်းနှစ် မေလ ၁၄ ရက်တွင် ဂျူးလူမျိုးတို့က အစ္စရေးနိုင်ငံကို ထူထောင်လိုက် ကြခြင်း ဖြစ်သည်။ မြေထဲပင်လယ် အရှေ့ဘက်ရှိ ပါလက်စတိုင်းကို စွန့်ခွာကာ နှစ်ပေါင်း ၂၀၀၀ ကျော် ကမ္ဘာ့နိုင်ငံ အသီးသီးသို့ ရောက်ရှိ နေထိုင်ခဲ့ကြရသည့် ဂျူးလူမျိုးတို့က ၎င်းတို့၏ ဇာတိနေရာဆီသို့ ပြန်လည်ဝင်ရောက် နေထိုင်၍ ကိုယ်ပိုင်နိုင်ငံ ထူထောင်ရေးအတွက် မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် ကြိုးပမ်းခဲ့ကြရခြင်းဖြစ်သည်။ အစ္စရေးနိုင်ငံဟူ၍ ထူထောင်လိုက်သည်နှင့် ဘေးပတ်လည်တွင် ရှိနေသည့် အာရပ်တို့က ချက်ချင်းပင် ကျူးကျော်ဝင်ရောက်တိုက်ခိုက်ကြသည်။ ထိုစဉ်က ဧရိယာစတုရန်းမိုင် ၈၀၀၀ ခန့်နှင့်လူဦးရေ နှစ်သန်းခန့်သာ ရှိသော အစ္စရေးကို သူ့ထက်အဆပေါင်း ၂၀၀ ခန့် ပိုမိုကြီးမားကျယ်ဝန်း ပြီး လူဦးရေ အဆ ၂၀ ခန့် ပိုမိုများပြားသည့် အာရပ်တို့က ဝိုင်းဝန်းတိုက်ခိုက်ကြခြင်းဖြစ်သည်။
အစ္စရေးကို ကမ္ဘာမြေပေါ်တွင် မရှိအပ်သော နိုင်ငံအဖြစ် သတ်မှတ်ကာ စတင်တည်ထောင်ချိန်မှစ၍ မရပ်မနား တိုက်ခိုက်ခဲ့ သည့် အိမ်နီးချင်းနိုင်ငံများနှင့် စစ်ပွဲကို ဂျူးလူမျိုးတို့ မဖြစ်မနေ ဆင်နွှဲ ခဲ့ရသည်။ တစ်နည်းအားဖြင့် နိုင်ငံအဓွန့်ရှည်တည်တံ့ရေးအတွက် တိုက်ပွဲဝင်ရခြင်းဖြစ်သည်။ ဆယ်စုနှစ်များနှင့်ချီ၍ စစ်ပွဲကြီးများ ဆင်နွှဲခဲ့ရခြင်းဖြစ်ပြီး ၁၉၆၇ ခုနှစ် ဇွန်လတွင် အင်အားချင်း ဘက်မညီ သည့် ခြောက်ရက်စစ်ပွဲ၌ ပြတ်ပြတ်သားသား အနိုင်ရခဲ့ခြင်းနှင့်အတူ အစ္စရေးနိုင်ငံမှာလည်း ခိုင်ခိုင်မြဲမြဲ ရပ်တည်လာနိုင်ခဲ့သည်။ ခြောက်ရက်စစ်ပွဲတွင် အစ္စရေးကို ပင်လယ်ထဲသို့ မောင်းချမည်ဟု ကြိမ်းဝါးလာသည့် အီဂျစ်၊ ဆီးရီးယား၊ ဂျော်ဒန် နိုင်ငံတို့အပြင် အီရတ်၊ မော်ရိုကို၊ အယ်ဂျီးရီးယား၊ လစ်ဗျား၊ ကူဝိတ်၊ တူနီးရှား၊ ဆူဒန်နှင့် ပါလက်စတိုင်းတို့ကလည်း တပ်များစေလွှတ်ကာ ဝိုင်း၍ ဆွမ်းကြီး လောင်းခဲ့ကြခြင်းဖြစ်သော်လည်း ခြောက်ရက်စစ်ပွဲအပြီးတွင် အီဂျစ် ထံမှ ဂါဇာကမ်းမြှောင်ဒေသနှင့် ဆိုင်းနိုင်းကျွန်းဆွယ်၊ ဂျော်ဒန်ထံမှ ဂျေရုဆလင် အရှေ့ပိုင်းပါဝင်သည့် အနောက်ဘက်ကမ်းဒေသ၊ ဆီးရီးယားထံမှ ဂိုလန်ကုန်းမြင့်တို့ အစ္စရေး၏ သိမ်းပိုက်ခြင်းကို ခံလိုက်ရပြီး အစ္စရေး၏ပိုင်နက်နယ်နိမိတ် သုံးဆခန့် ပိုမိုကျယ်ဝန်း သွားခဲ့သည်။ အစ္စရေးနိုင်ငံ၏ ဂုဏ်သိက္ခာ၊ ဂျူးလူမျိုးတို့အတွက် လုံခြုံရေးနှင့် ဇာတိပုညဂုဏ်မာနတို့ကို မြင့်မားစွာ လွှင့်ထူနိုင်ခဲ့သည်။
ဆယ်စုနှစ်များစွာ ကြာပြီးသည့်နောက်တွင် အစ္စရေးနိုင်ငံကို အသက်သွေးချွေးတို့ဖြင့် ရင်းနှီးတည်ထောင်ခဲ့သည့်၊ ကာကွယ် ထိန်းသိမ်းခဲ့သည့် မျိုးဆက်များ မရှိတော့။ မျိုးဆက်သစ်လူငယ်များ အနေဖြင့် နိုင်ငံကို ခက်ခဲကြမ်းတမ်းစွာ ထူထောင်ခဲ့ရသည့် ဘိုးဘွား မိဘတို့၏ ခံစားချက်မျိုး မရှိကြတော့သည့်အပြင် နားလည်းမလည်၊ ခံယူချက်များလည်း အလျှင်းမရှိကြတော့ဟု ဆိုသည်။ ထို့အပြင် ဘိုးဘွားမိဘတို့၏ မျိုးချစ်စိတ်ကိုပင် မျက်ကန်းမျိုးချစ်ဟူ၍ ဝေဖန်မှု များနှင့် ဆန့်ကျင်မှုများလည်း ပေါ်ထွက်လာသည်ဟု ဆိုသည်။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့်သက်တမ်းတူဖြစ်သော အစ္စရေးနိုင်ငံ တည်ထောင်မှုမှ မိမိတို့သင်ခန်းစာယူဖွယ်ရာ အများအပြားပင်ရှိသည်။ အထူးသဖြင့် အခက်အခဲ၊ အကျပ်အတည်းများကို တုံ့ပြန်ရင်ဆိုင်ကာ လူမျိုးများ ရှင်သန်ရေးနှင့် နိုင်ငံထာဝရတည်တံ့ရေးအတွက် တစ်မျိုး သားလုံး၏ ဇွဲ၊ သတ္တိ၊ စွန့်လွှတ်စွန့်စားမှုနှင့် စုစည်းညီညွတ်မှုတို့ပင် ဖြစ်ရာ မြန်မာနိုင်ငံ၏ စိန်ခေါ်မှုများ၊ အခက်အခဲ၊ အကျပ်အတည်းများ တွင်လည်း သင်ခန်းစာယူ၊ အတုယူ၍ ရင်ဆိုင်ကျော်လွှားနိုင်ပါ စေကြောင်း။ ။