
နေပြည်တော် ဇန်နဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ပလူဇာဝ တိုက်နယ်ဆေးရုံမှ ဘုတလင်မြို့နယ် ပြည်သူ့ ဆေးရုံသို့ ဆေးဝါးများသယ်ဆောင်လာသည့် လူနာ တင်ယာဉ်နှစ်စီးကို PDF အမည်ခံ အကြမ်းဖက် သမားများက မိုင်းဆွဲတိုက်ခိုက်သဖြင့် လူနာ တင်ယာဉ် တစ်စီး ပျက်စီးကာ ကျန်းမာရေးဝန်ထမ်း နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်လုပ်မိုင်းနှစ်လုံးဖြင့်ဖောက်ခွဲ
ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF အမည်ခံအကြမ်းဖက်သမားများ၏ အစွန်း ရောက် အယူဝါဒများဖြင့် လုပ်ကြံသတ်ဖြတ်မှု များကြောင့် ပလူဇာဝတိုက်နယ်ဆေးရုံကို ယာယီ ရုပ်သိမ်းခဲ့ပြီး အဆိုပါဆေးရုံရှိ ဆေးဝါးများကို ရေဦးမြို့ ပြည်သူ့ဆေးရုံသို့ ဇန်နဝါရီ ၂ ရက်တွင် ကုန်တင်ကားတစ်စီးဖြင့် တင်ဆောင်၍ ကနီ-ကနဲ ကားလမ်းအတိုင်း ပို့ဆောင်ပေးခဲ့ရာ ရေဦးမြို့နယ် ပြည်သူ့ဆေးရုံမှ ယာဉ်မောင်းများဖြစ်ကြသည့် ရေဦးမြို့ အောင်ဆန်းရပ်ကွက်၊ ဆေးရုံဝန်ထမ်း အိမ်ရာနေသူများဖြစ်သည့် ဦးလှိုင်ဝင်းယု(၄၄)နှစ် (ဘ)ဦးအာယုနှင့် ဦးပြည့်စုံမောင် (၂၂)နှစ် (ဘ)ဦးကံဝင်းမောင်၊ ဆေးရုံလုပ်သားများဖြစ်သည့် ဦးပေါရှမ်းမှောင်(၃၉)နှစ် (ဘ)ဦးထန်ဇာတွဲ၊ ဦးဖြိုးဝေဇော်(၂၅)နှစ် (ဘ)ဦးဇော်ထွန်းဦးတို့ လေးဦးသည် ဆေးရုံပိုင် လူနာတင်ယာဉ် နှစ်စီးဖြင့် ဘုတလင်မြို့နယ် လွဲတဲကျေးရွာ “မင်းကျော်အောင်” ဆီဆိုင်အနီး၌ ညနေ ၆ နာရီ ၅ မိနစ်တွင် သွားရောက် လွှဲပြောင်းတင်ဆောင်၍ ရေဦးမြို့နယ် ပြည်သူ့ ဆေးရုံသို့ ထွက်ခွာလာစဉ် ညနေ ၆ နာရီ ၂၅ မိနစ် တွင် ဘုတလင်မြို့နယ် မြောက်ကျီကျေးရွာကျော် အရောက်၌ PDF အမည်ခံအကြမ်းဖက်သမားများက လမ်းဘေးမှ လက်လုပ်မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သဖြင့် ဦးလှိုင်ဝင်းယု မောင်းနှင်လာသည့် SGG 3K-4613 နံပါတ်ပါ လူနာတင်ယာဉ်၏ ယာဘက်ခြမ်း ရှေ့/နောက်ကားဘီးများ ထိမှန် ပျက်စီးခဲ့ပြီး အဆိုပါယာဉ်ပေါ်ပါ ဦးလှိုင်ဝင်းယု၏ နှာခေါင်းရိုးနှင့် ယာပါးတွင်လည်းကောင်း၊ ဦးပေါရှမ်းမှောင်၏ ယာလက်ဖျံ၊ ဦးခေါင်းနောက်စေ့ နှင့် ဝဲရင်အုံတို့တွင်လည်းကောင်း မိုင်းစထိမှန်ဒဏ်ရာ များရရှိခဲ့သဖြင့် ပျက်စီးသွားသည့် လူနာတင်ယာဉ် အား အဆိုပါနေရာ၌ ထားရစ် ခဲ့ကာ ၎င်း၏အနောက်မှ လိုက်ပါလာသည့် ဦးပြည့်စုံမောင် မောင်းနှင်သည့် လူနာတင်ယာဉ်ဖြင့် ဘုတလင်မြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ကာ ဆေးကုသမှုခံယူခဲ့သည်။
ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး
ဖြစ်စဉ်တွင် အကြမ်းဖက်သမားများ၏ မိုင်းဆွဲ တိုက်ခိုက်ခဲ့မှုကြောင့် ပျက်စီးကာ ကျန်ရှိခဲ့သည့် ဆေးဝါးများတင်ဆောင်ထားသည့် လူနာတင်ယာဉ် ပြန်လည်ပြင်ဆင် သယ်ဆောင်နိုင်ရေးနှင့် အကြမ်းဖက်သမားများကို ဖော်ထုတ်ဖမ်းဆီးရမိ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်