
ဆောင်းပါး
=======
ရှေ့နေနှင့် သတင်းမှား
==============
ဦးဟန်ညွန့် (ဥပဒေ)
နိဒါန်း
“ဆရာ”
“ဗျာ”
“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”
“ ရှေ့နေနှင့်သတင်းမှားပါတဲ့ ”
“ဪ ... ဆရာ ”
“ယခုတလော သတင်းမှားတွေအကြောင်း အမျိုးစုံ ကြားနေရတယ်ဆရာ။ ဘာကိုယုံရမှန်းမသိဘူး။”
“အေးဗျာ၊ မမှားသင့်တာမမှားရအောင် လေ့လာ သုံးသပ်ကြည့်ကြစို့ ...”
သတင်းဆိုသည်မှာ
“သတင်းဆိုသည်မှာ အချက်အလက် (Data)၊ မူရင်းစာ (Text) ၊ ပုံရိပ်သဏ္ဌာန် (Image) ၊ အသံ ၊ သင်္ကေတ (Code)၊ ကွန်ပျူတာပရိုဂရမ်ဆော့ဝဲနှင့် အချက်အလက်အစုအဝေး (Data Base) တို့ပါဝင်သည်” ဟု သတင်းမီဒီယာနည်း ဥပဒေများ ၂ (ခ) တွင် ဖော်ပြထားသည်။
သတင်းများဟုဆိုရာတွင် ယင်းတို့နှင့် စပ်လျဉ်းသော ရေးသားဖော်ပြမှုများအား ပုံမှန်ဖြန့်ချိ သော ထုတ်ဝေစာ ကို ဆိုသည်။ (သတင်းမီဒီယာ ဥပဒေပုဒ်မ ၂ (င) )
သတင်းထောက်ဆိုသည်မှာ
သတင်းထောက်ဆိုသည်မှာ သတင်းအချက်အလက် များ ရှာဖွေရယူ၍ သတင်းမီဒီယာတစ်ခုခုသို့ ပေးပို့သူကို ဆိုသည်။ (သတင်းမီဒီယာဥပဒေပုဒ်မ ၂ (စ) )
သတင်းမီဒီယာဆိုသည်မှာ
သတင်းမီဒီယာဆိုသည်မှာ သတင်းရှာဖွေခြင်း၊ ရယူ ခြင်း၊ ပိုင်ဆိုင်ခြင်း၊ မှတ်တမ်းတင်ခြင်း၊ သတင်းအချက် အလက်များကို ခွဲခြမ်းစိတ်ဖြာခြင်း၊ ဖြန့်ချိခြင်း အစရှိသည် တို့ကို စာ၊ အသံ၊ ရုပ် ၊ ရုပ်သံ၊ ကိန်းဂဏန်း၊ အချက်အလက်၊ ရုပ်ပုံဒီဇိုင်း စသည့်အသွင်သဏ္ဌာန်များ အသုံးပြုကာ ပုံနှိပ် မီဒီယာ၊ ရုပ်သံလွှင့်မီဒီယာ၊ အယ်ဒီတာ တာဝန်ယူမှုရှိသော အင်တာနက်မီဒီယာ သို့မဟုတ် အခြားနည်းလမ်းများဖြင့် လုပ်ကိုင်သည့် အများပြည်သူဆိုင်ရာ ပြန်ကြားဆက်သွယ် ရေး လုပ်ငန်းများကို ဆိုသည်။ (သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၂ (က) )
သတင်းအချက်အလက်
သတင်းအချက်အလက် (Information)ဆိုရာတွင် အချက်အလက်(Data)၊ မူရင်းစာ (Text)၊ ပုံရိပ်သဏ္ဌာန် (Image)၊ အသံ၊ သင်္ကေတ(Code)၊ ကွန်ပျူတာပရိုဂရမ်ဆော့ဝဲ(Software) နှင့် အချက်အလက်အစုအဝေး (Data Base) တို့ပါဝင်သည်။
(အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ- ၂ (က) )
သတင်းအေဂျင်စီ
သတင်းအေဂျင်စီဆိုသည်မှာ ပြည်တွင်းပြည်ပမှ သတင်းအချက်အလက်များကို စုဆောင်းရယူ၍ နည်း တစ်မျိုးမျိုးဖြင့် မီဒီယာများသို့ အခကြေးငွေဖြင့်ဖြစ်စေ၊ အခကြေးငွေမယူဘဲဖြစ်စေ ဖြန့်ဝေပေးသည့်လုပ်ငန်း ကော်ပိုရေးရှင်း၊ ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို ဆိုလို သည်။
(ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများ ၂ (စ))
သတင်းစာဆိုသည်မှာ
သတင်းစာဆိုသည်မှာ နေ့စဉ်ဖြစ်ပျက်နေသော ပြည်တွင်းပြည်ပ သတင်းများ၊ ယင်းတို့နှင့် စပ်လျဉ်းသော ရေးသားဖော်ပြမှုများကို နေ့စဉ် သို့မဟုတ် အပတ်စဉ် သို့မဟုတ် ပုံမှန်ကာလ အပိုင်းအခြားဖြင့် ထုတ်ဝေသည့် ထုတ်ဝေစာကိုဆိုသည်။
(ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေ များ ၂ (စ))
သတင်းအမှား/အမှန် မည်သို့ ခွဲခြားမည်နည်း
သတင်းတစ်ပုဒ်ကို အမှားအမှန် ခွဲခြားနိုင်ရန်အတွက် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်သင့် ကြောင်း မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာ နားလည်မှုစာစောင်(စာ-၂၉) တွင် ဖော်ပြသည်။
(က) သတင်းရင်းမြစ်ကိုရှာပါ
သတင်းတစ်ပုဒ်ကို ဖတ်ရှုခြင်းမပြုမီ သတင်းစတင်ရာ ရင်းမြစ်ကို ဦးစွာ လေ့လာသင့်သည်။
(ဥပမာ - သတင်းဌာန၏ ရည်ရွယ်ချက်၊ သတင်းဌာနသို့ ဆက်သွယ်ဆောင်ရွက်ရမည့် လိပ်စာ)
(ခ) သတင်းတစ်ပုဒ်လုံးကို ဖတ်ရှုပါ
သတင်းဌာနများအနေဖြင့် ယင်းတို့၏ သတင်းများကို ဖတ်ရှုသူများပြားစေရန်အတွက် သတင်းခေါင်းစဉ်များကို ပရိသတ်စိတ်ဝင်စားအောင် ရေးသားလေ့ရှိရာ သတင်း ခေါင်းစဉ်သာဖတ်ရှုပြီး သုံးသပ်ခြင်းမျိုးမလုပ်ဘဲ သတင်းတစ်ပုဒ်လုံးအား ဖတ်ရှုသင့်ပါသည်။
(ဂ) သတင်းရေးသူကို စစ်ဆေးပါ
သတင်းရေးသားသူ၏ယုံကြည်ရမှုကို စစ်ဆေးကြည့် သင့်သည်။(ဥပမာ - သတင်းမီဒီယာ ကျင့်ဝတ်နှင့်အညီ ရေးသားသူ ဟုတ်မဟုတ်၊ ပဋိပက္ခများကို ဖြစ်စေသည့် သတင်းများကို မကြာခဏ ရေးသားသူဟုတ်မဟုတ်။)
(ဃ) အကိုးအကားများကို စစ်ဆေးပါ
သတင်းတစ်ပုဒ်က အကိုးအကားပြုထားသည့် အရင်း အမြစ်များတွင် အချက်အလက်များ ကိုက်ညီမှုရှိမရှိ စစ်ဆေးသင့်ပါသည်။
(င) ထုတ်ဝေသည့်ရက်စွဲကို စစ်ဆေးပါ
အထူးသဖြင့်အွန်လိုင်းပေါ်တွင် ယခင်က ထုတ်ဝေ၊ ဖော်ပြခဲ့သည့် သတင်းဟောင်းများကို ပြန်လည်မျှဝေခြင်း၊ ဖော်ပြခြင်း ဟုတ် မဟုတ်နှင့် လက်ရှိအခြေအနေနှင့် ကိုက်ညီမှု ရှိမရှိ ကို စစ်ဆေးသင့်ပါသည်။
(စ) သရော်စာဟုတ်မဟုတ် စစ်ဆေးပါ
တစ်ခါတစ်ရံတွင် လက်ရှိ ဖြစ်ပျက်နေမှုများကို ဟာသ အမြင်ဖြင့် သရော်စာပုံစံ ရေးသားလေ့ရှိပြီး ယင်းကို အချက်အလက် အမှန်ဟု မှတ်ယူနိုင်သည်ကို သတိပြုကာ သရော်စာ ဟုတ် မဟုတ် လေ့လာ စစ်ဆေးရမည်။ ယင်းသို့ ခွဲခြားသိရှိရန်အတွက် စာရေးသူအကြောင်းနှင့် သတင်း ဌာနအကြောင်းကို လေ့လာစစ်ဆေးသင့်သည်။
(ဆ) အစွဲကင်းပါစေ
မိမိ၏ ယုံကြည်မှုအစွဲများက မိမိ၏ သုံးသပ်ဝေဖန်မှု များအပေါ် သက်ရောက်မှုရှိနိုင်သည့်အတွက် သတင်းများ အပေါ် ဝေဖန်သုံးသပ်ရာတွင် သမာသမတ်ကျစွာ၊ အစွဲ ကင်းစွာ သုံးသပ်သင့်သည်။
(ဇ) ကျွမ်းကျင်သူများအား မေးမြန်းပါ
သက်ဆိုင်ရာကျွမ်းကျင်သူများအား သတင်းအချက် အလက်ပါ အကြောင်းအရာများ၏ မှန်ကန်မှုအခြေအနေ ကို မေးမြန်းဆောင်ရွက်သင့်ပါသည်။ ထို့အပြင် အင်တာနက်စာမျက်နှာများတွင်လည်း သတင်းမှန်/သတင်းမှားများကို တိုက်ဆိုင်စစ်ဆေးနိုင်သည့် ဝက်ဘ် ဆိုက်များတွင် စစ်ဆေးဆောင်ရွက်သင့်ပါသည်။
ဖေ့စ်ဘွတ်ခ်နှင့်အမုန်းစကား
အမုန်းစကားဟူသည် ဥပဒေနှင့် မညီညွတ်ဘဲ လူ တစ်ဦး သို့မဟုတ် လူတစ်စုအပေါ် ခွဲခြားဆက်ဆံ၍ ပြောဆိုရေးသားခြင်းဖြစ်ပြီး အမုန်းတရားပြောခြင်းသည် စကားဖြင့်ဖြစ်စေ၊ ကိုယ်အမူအရာအရဖြစ်စေ၊ စာအရေး အသားဖြင့် ဖြစ်စေ၊ ပုံပြသခြင်းဖြင့်ဖြစ်စေ အဖွဲ့အစည်း သို့မဟုတ် လူတစ်ဦးကို ဥပဒေပြင်ပမှ တိုက်ခိုက်ခြင်း ဖြစ်သည်။
အမုန်းစကားများသည် မမှန်ကန်သော၊ ချဲ့ကားသော အချက်များပါဝင်သည့် မှားယွင်းသောအချက်အလက်များ၊ လူသားမဆန်သည့် တင်စားခိုင်းနှိုင်းမှုများ၊ နှစ်ဖက် အကြား စည်းခြားစေသည့် အသုံးအနှုန်းများ ပါဝင် သည်။
စစ်တမ်းများအရ မြန်မာနိုင်ငံတွင် ဆိုရှယ်မီဒီယာ အသုံးပြုမှုသည် ၂၀၁၅ ခုနှစ်က ခုနစ်သန်းခန့်သာ ရှိသော် လည်း ၂၀၂၀ ပြည့်နှစ်တွင် ၂၁ သန်းအထိ ရှိလာပြီဖြစ်သည်။ နိုင်ငံ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့် အသုံးပြုနေသော ဆိုရှယ်မီဒီယာသည် လူတိုင်း လွတ်လပ်စွာ ရေးသားလာ နိုင်သည်။ မိမိလိုအင်ဆန္ဒအတိုင်း ပြောဆိုနိုင်သည့် ဟစ်တိုင်ဖြစ်သည်။
Facebook မှ တစ်ဆင့် စက္ကန့်ပိုင်းအတွင်း ဖြန့်နိုင် သည်။ သတင်းကောင်းရော၊ သတင်းဆိုးပါ ကြိုက်ရာရေး နိုင်သည်။ သတင်းမှန်လား။ သတင်းမှားလား။ ပိုင်းခြားကြ ပါကုန်။ အမုန်းစကား ပြောကြသူများ၊ သတင်းအတု၊ သတင်းအမှားဖြန့်ဝေကြသူများ ဒုနှင့်ဒေးရှိနေဆဲ။ ဝေခွဲသုံးသပ်ဖို့က အများပြည်သူတို့၏တာဝန်ဖြစ်ပေသည်။ ဆန်းစစ်ပိုင်းခြားနိုင်မှ တော်ကာကျပေမည်။
ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအဖွဲ့
ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအဖွဲ့က ဘာသာရေး၊ လူမျိုးရေး၊ ပဋိပက္ခဖြစ်စေရန် လှုံ့ဆော်ခြင်းနှင့် အမုန်း
စကားဖြန့်ဝေသည့်အကောင့်နှင့် ပေ့ချ်စုစုပေါင်း ၃၀၀၀ ကျော်ကို Facebook Team နှင့်ဆက်သွယ်၍ ဖြုတ်ချခဲ့ ကြောင်း သိရသည်။ အဆိုပါ ပေ့ချ်များတွင် လူမှုကွန်ရက် ကို အသုံးပြု၍ မူးယစ်ဆေးဝါးရောင်းချမှု၊ လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှု၊ လူတစ်ဦး၊ အသင်းအဖွဲ့ဂုဏ်သိက္ခာကျဆင်း စေရန်လုပ်ကြံဖန်တီးမှု၊ သတင်းအတု၊ သတင်းမှားများ ဖြန့်ဝေသည့်အကောင့် ၁၅၈၁ ခု၊ ပေ့ချ်ပေါင်း ၃၃၀၊ ချက် ဂရု ၈၃ ခု၊ ပို့စ်ပေါင်း ၁၂၈၈ ခု စုစုပေါင်း ၃၂၈၂ ခုပါဝင်သည်။
သတင်းမီဒီယာကျင့်ဝတ်
သတင်းမီဒီယာကျင့်ဝတ် အပိုင်း(၁)တွင် ချမှတ်ထား သည့်အတိုင်း ရွေးကောက်ပွဲ၌ သတင်းနှင့် မျက်မှောက် ရေးရာ အစီရင်ခံရာတွင် ဘက်မျှအောင်ထိန်းညှိရေး၊ ဘက် မလိုက်ရေး၊ မျှတရေးနှင့် တိကျမှန်ကန်ရေးတို့ကို မီဒီယာ များက တင်းကျပ်စွာစောင့်ထိန်းလေးစားရမည်။
သတင်းအချက်အလက်မှန်ကန်ပြီး မျှတ၍ ဟန်ချက် ညီသောသတင်းနှင့် မျက်မှောက်ရေးရာ ထုတ်လွှင့်ရေးသား မှုများကို အမြဲတမ်းဖော်ပြတင်ဆက်ရန် “မြန်မာသတင်း မီဒီယာသမားများအတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲလမ်းညွှန်” စာအုပ် စာမျက်နှာ (၁၄) တွင် ဖော်ပြထားသည်။
မမှန်သတင်းပေးခြင်း( ရာဇသတ်ကြီးပုဒ်မ ၁၇၇)
ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် ထိုပြည်သူ့ဝန်ထမ်းသို့ အကြောင်းအရာတစ်ခုခုနှင့်စပ်လျဉ်း၍ ဥပဒေအရ သတင်းပေးရန် တာဝန်ရှိသူသည် ထိုအကြောင်းအရာနှင့် စပ်လျဉ်း၍ မမှန်ဟု မိမိသိသော သတင်းကိုဖြစ်စေ၊ မမှန်ဟု မိမိယုံကြည်ရန်အကြောင်းရှိသော သတင်းကိုဖြစ်စေ၊ မှန်သောသတင်း အဖြစ်ဖြင့် သတင်းပေးလျှင် ထိုသူကို ခြောက်လအထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ကျပ် တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ် ရမည်။
သို့မဟုတ် ဥပဒေအရ ပေးရန်လိုအပ်သောသတင်းသည် ပြစ်မှုကျူးလွန်ခြင်းနှင့် သက်ဆိုင်လျှင် သို့မဟုတ် ပြစ်မှု ကျူးလွန်ခြင်းကို တားဆီးရန်အလို့ငှာ သော်လည်းကောင်း၊ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရန်အလို့ငှာ သော်လည်းကောင်း ဖြစ်လျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ဖြစ် စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ (ရာဇသတ်ကြီးကို ပြင်ဆင်သည့် ဥပဒေအမှတ် ၆/၂၀၁၆)
နိဂုံး
(၁) သတင်းမှားကြောင့် အခင်းမများချင်ပါ။ အတု အယောင်၊ အမှားအယွင်းဟူသည် ကြာရှည်မခံ ပါ။
(၂) လွတ်လပ်ပွင့်လင်း၍ အမှားအယွင်းကင်းစင် ကြပါစေကြောင်း၊ စေတနာကောင်းဖြင့် အကြံပြုအပ်ပါကြောင်း . . . ။ ။
- Log in to post comments