မိုးရာသီကျော်လွန်၍ ဆောင်းအကုန် ပွင့်လင်းရာသီရောက်ရှိလာတော့မည် ဖြစ်သည်။ ပူပြင်းခြောက်သွေ့သောကာလတွင် ရေခန်းခြောက်လာတတ်၍ ရေအား လျှပ်စစ်ကဏ္ဍတွင် ဓာတ်အားလျော့နည်းလာတတ်သည်။ နိုင်ငံတော်အနေဖြင့် လျှပ်စစ်ကဏ္ဍကို အလေးထားဆောင်ရွက်ပေးမှုကြောင့် ရှေးကာလများနှင့်မတူ ပြည်သူများ လျှပ်စစ်ဓာတ်အားကို ပုံမှန်ရရှိနေသည်။ သို့သော် ယခုရက်ပိုင်းတွင် လျှပ်စစ်ဓာတ်အားများ ပြတ်တောက်မှုရှိသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ကို အဓိကအသုံးပြုပြီး ထပ်မံလိုအပ်သည့် ဓာတ်အားကို ပြည်ပမှတင်သွင်းသည့် ဓာတ်အားပေးစက်များနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများဖြင့် ဓာတ်အားအဆက်မပြတ်ထုတ်လွှတ်လျက်ရှိသည်။ အကြောင်း အမျိုးမျိုးကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုရှိပါကလည်း သက်ဆိုင်ရာ က ပွင့်လင်းမြင်သာစွာဖြင့် ပြည်သူများအား လေးလေးစားစား အသိပေးလျက်ရှိ သည်။ ပြည်သူများအနေဖြင့်လည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်ရခြင်း အကြောင်းရင်းအမှန်ကို မှန်မှန်ကန်ကန်သိမြင်ပြီး မိမိတို့၏ လူမှုစီးပွားဘဝများ အဆင်ပြေစေရန်အတွက် လျှပ်စစ်ကို ခြိုးခြံချွေတာသုံးစွဲကြရန် မေတ္တာရပ်ခံပါသည်။
နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ပုံမှန်အချိန်၌ မဂ္ဂါဝပ် ၄၂၀၀ အမြင့် ဆုံးထုတ်လုပ်နိုင်သည်။ လိုအပ်သောဓာတ်အားကို ပြည်ပမှမှာယူတင်သွင်းရသော ဓာတ်အားပေးစက်ရုံများမှ မဂ္ဂါဝပ် ၇၅၀ ထုတ်လုပ်သည်။ ယခုအခါ ပြည်ပမှ တင်သွင်းရသည့် ဓာတ်ငွေ့ဈေးနှုန်း လေးဆခန့် မြင့်တက်လာသည်။ ကမ်းလွန် သဘာဝဓာတ်ငွေ့စီမံကိန်းများကို ယခုကာလအတွင်း ပုံမှန်ထိန်းသိမ်းပြုပြင်ခြင်း ဆောင်ရွက်ခဲ့သဖြင့် ဓာတ်အားထုတ်လုပ်မှု မဂ္ဂါဝပ် ၅၄၀ လျော့နည်းနေသည်။ ထို့အပြင် ဘီလူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ အများပြည်သူ သုံးစွဲရန်အတွက် ပို့လွှတ်နေသော ၂၃၀ ကေဗွီ တာဝါတိုင်များကို အကြမ်းဖက်သမား များက အကြိမ်ကြိမ် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သောကြောင့် ဓာတ်အားမဂ္ဂါဝပ် ၁၈၀ လျော့နည်းနေသည်။
ဓာတ်အားထုတ်လုပ်မှု လျော့နည်းရခြင်း စသည့်အကြောင်းအမျိုးမျိုးကြောင့် စုစုပေါင်း ဓာတ်အားထုတ်လုပ်နိုင်မှုမှာ သုံးစွဲမှုထက် မဂ္ဂါဝပ် ၁၄၇၀ ခန့်အထိ လျော့နည်းနေသည်။ ပြုပြင်ထိန်းသိမ်းပြင်ဆင်ရေးလုပ်ငန်းများကို နိုင်ငံတော် အနေဖြင့် အလေးထားဆောင်ရွက်နေသော်လည်း အခြေအနေအမျိုးမျိုးကြောင့် ဓာတ်အားမဂ္ဂါဝပ် ၉၃၀ ခန့် ဆက်လက်လျော့နည်းနိုင်သည်ဟု သိရသည်။ ထို့ကြောင့် လျှပ်စစ်ဓာတ်အားထုတ်လွှတ်မှုကို ထိန်းညှိဆောင်ရွက်နေရသည့်အတွက် ဓာတ်အားသုံးစွဲမှုများပြားသော အချိန်ကာလများနှင့် အချို့နေရာဒေသများတွင် အချိန်ပိုင်းဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်နေမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပြည်သူများ လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိရေးကို မျှော်မှန်းဆောင်ရွက်လျက်ရှိရာ အိမ်ထောင်စုပေါင်း ၁၀ ဒသမ ၉ သန်း ရှိသည့်အနက် လက်ရှိတွင် အိမ်ထောင်စု ၆ ဒသမ ၆ သန်းခန့် နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားများ သုံးစွဲလျက်ရှိသည်။ ယခုဖြစ်ပေါ်နေသော လျှပ်စစ်ဓာတ်အား မဖြစ်မနေ လျှော့ချခဲ့ရမှုကြောင့် ပြည်သူများအနေဖြင့် နည်းလမ်းအမျိုးမျိုးဖြင့် လျှပ်စစ်ကို ခြိုးခြံချွေတာသုံးစွဲကြရန် လိုအပ်ပါသည်။ လျှပ်စစ်မီးသုံးစွဲမှုများသော အိမ်ထောင်စု များအနေဖြင့် မလိုအပ်သောနေရာများရှိ မီးခလုတ်များပိတ်ထားလျှင် အိမ်ထောင်စု တစ်စု ဝပ် ၁၀၀ ခန့် ချွေတာရာရောက်ပြီး အိမ်ထောင်စု သုံးသန်းအတွက် မဂ္ဂါဝပ် ၃၀၀ ခန့်သက်သာမည်ဖြစ်သည်။ ထိုအခါ စုစုပေါင်း ၄၃၂ မဂ္ဂါဝပ်ခန့် လျော့နည်းမှု ကို ပြန်လည်ဖြည့်တင်းနိုင်မည့်အပြင် အိမ်ထောင်စုတစ်စုချင်းစီအလိုက် မီတာခ ပေးဆောင်ရမှုမှာလည်း လျော့နည်းသက်သာလာမည် ဖြစ်သည်။
မိမိတို့နေအိမ်အသီးသီးတွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို အတတ်နိုင်ဆုံး လျှော့ချကြရာ၌ မီးအလင်းအားတူ၍ ဓာတ်အားသုံးစွဲမှု လျော့နည်းနိုင်သော LED မီးသီး/ မီးချောင်းများကို အစားထိုးသုံးစွဲမည်ဆိုပါက အိမ်ထောင်စုတစ်စုလျှင် ဝပ် ၂၀ ခန့် ချွေတာနိုင်မည်ဖြစ်ပြီး အိမ်ထောင်စု စုစုပေါင်း ၆ ဒသမ ၆ သန်းမှ ဓာတ်အား ပမာဏ ၁၃၂ မဂ္ဂါဝပ် ချွေတာနိုင်မည်ဖြစ်သည်။ လေအေးပေးစက်၊ ပန်ကာများကို အသုံးပြုခြင်းထက် သဘာဝလေကိုအသုံးပြုခြင်း၊ ထမင်းဟင်းများကို လျှပ်စစ်ဖြင့် ချက်ပြုတ်ခြင်းကို လျှော့ချပြီး အခြားနည်းလမ်းများဖြင့် အသုံးပြုခြင်း စသည်ဖြင့် လျှပ်စစ်ဓာတ်အား အသုံးပြုမှု လျော့နည်းသက်သာအောင် နည်းလမ်းရှာဖွေ ဆောင်ရွက်သင့်သည်။
သို့ဖြစ်ရာ နိုင်ငံတော်မှ ပြည်သူများ လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိရေး အတွက် နှစ်စဉ်စီမံကိန်းများဖြင့် အလေးထားဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ အကြောင်းအမျိုးမျိုးဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လျော့နည်းကျဆင်းနေ သဖြင့် ထိုသို့ကျဆင်းနေမှုကို နိုင်ငံတော်က အမြန်ဆုံး ပြန်လည်ပြင်ဆင်ဆောင်ရွက် နေပြီး ပြည်သူများအနေဖြင့်လည်း လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို အားလုံးရရှိ နိုင်ရေး၊ အချိန်မှန်ရရှိရေးနှင့် ကုန်ကျစရိတ်လျော့နည်းသက်သာရေးအတွက် လျှပ်စစ်ကို ခြိုးခြံချွေတာသုံးစွဲကြရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါကြောင်း။ ။