
နေပြည်တော် ဇန်နဝါရီ ၉
နေပြည်တော်ပြည်ထောင်စုနယ်မြေ တပ်ကုန်းမြို့ မြို့နယ်စည်ပင် သာယာရေးရုံးရှေ့၌ အကြမ်းဖက်သမားတစ်ဦး လက်လုပ်မိုင်းထောင် နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ သေဆုံးခဲ့ပြီး ၎င်းထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ နံနက် ၅ နာရီတွင် တပ်ကုန်းမြို့ မြဝတီရပ်ကွက် ရှိ မြို့နယ်စည်ပင်သာယာရေးရုံးရှေ့၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါစည်ပင်ရုံးရှေ့နှင့် ရန်ကုန်-မန္တလေးကားလမ်းမကြီး(လမ်းဟောင်း) အကြားတွင် အမျိုးသားတစ်ဦးကို ၎င်း၏လက်နှစ်ဖက်ရှိ လက်ချောင်း များပြတ်ကာ မျက်နှာ၌ မိုင်းစထိမှန်ဒဏ်ရာများဖြင့် တွေ့ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါအမျိုးသားကို ဆေးကုမှုခံယူနိုင်ရေး တပ်ကုန်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စည်ပင်ရုံးပတ်ဝန်းကျင် ကို လိုက်လံစစ်ဆေးခဲ့ရာ စည်ပင်ရုံးဝင်ပေါက်ယာဘက်ခြမ်း ပန်းချုံအတွင်းမှ ကီးပက်ဖုန်းတစ်လုံး၊ ဓာတ်ခဲသုံးလုံး၊ ဒီတိုနေတာတစ်ခု၊ အားမြှင့်ယမ်းကြိုးတစ်ချောင်းတို့ဖြင့် ချိတ်ဆက် ထားပြီး PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်ရီမုမိုင်းတစ်လုံးကို ထောင်ထားသည်ကို တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့သည်။
ထိုကဲ့သို့ မြို့နယ်စည်ပင်ရုံးအား လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးခဲ့သည့် အကြမ်းဖက်သမားနှင့်ပတ်သက်၍ သေမှုသေခင်းရေးဖွင့်ဆောင်ရွက်ထားရှိပြီး ဖြစ်စဉ်တွင် ပူးပေါင်းပတ်သက် သူများကို ဖော်ထုတ်အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်