အယ်ဒီတာ့အာဘော်
==========
အရေးကြီးဆုံးအချိန်ဖြစ်၍ အထူးလိုက်နာ
=======================
မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၁၉ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၄၀၃ ဦးထပ်မံတွေ့ရှိသဖြင့် ယနေ့အထိ ရောဂါပိုးရှိသူ စုစုပေါင်း ၄၈၇၀ ဦးရှိသွားပြီဖြစ်သည်။ ရောဂါပိုးတွေ့ရှိသူ ၄၈၇၀ ဦးအနက် သေဆုံးသူ ၈၁ ဦး၊ ဆေးရုံမှဆင်းခွင့်ပြုခဲ့သူ ၁၁၈၈ ဦးနှင့် စောင့်ကြည့်လူနာအသစ် ၃၂၈ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။
ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားစဉ်ကတည်းက မြန်မာ နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကိုဖွဲ့စည်းပြီး ဗဟိုကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လုပ်ငန်းစဉ်များ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည်။ အစောပိုင်းကာလတွင် ပြည်တွင်းကူးစက်မှု မရှိသလောက်ဖြစ်ပြီး ပြည်ပမှ ပြန်လည်ရောက်ရှိသူများမှတစ်ဆင့် ကူးစက်မှု ရှိခဲ့သည်။ ထိုစဉ်က ကိုဗစ်ရောဂါပိုးအများဆုံးတွေ့ရှိရာဒေသမှာ ရန်ကုန်မြို့ ဖြစ်ပြီး ပိုးတွေ့လူနာများကို စနစ်တကျပြုစုကုသပေးနိုင်ခဲ့သည်။
သြဂုတ်လ ဒုတိယပတ်မှစတင်၍ ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါပိုး စတင်တွေ့ရှိလာခဲ့ရာ ပိုးတွေ့လူနာများကို တစ်ပတ်၊ နှစ်ပတ်အတွင်း ရာနှင့် ချီကာ တွေ့ရှိလာခဲ့သည်။ ရခိုင်ပြည်နယ်မှ ပိုးတွေ့လူနာနှုန်းသည် ရန်ကုန် ထက်ပင် ကျော်လွန်သွားခဲ့သည်။ သို့သော် ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါပိုး တွေ့ရှိမှုကို အလျင်အမြန်လျှော့ချနိုင်ခဲ့သည်။ ရခိုင်ပြည်နယ်တွင် ရောဂါထိန်းချုပ်ရေး မဟာဗျူဟာကြောင့် အောင်မြင်မှုကို ရရှိခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း ရောဂါဖြစ်ပွားနေစဉ် အိမ်ပြင်မထွက်ပါနှင့် မိမိ နေအိမ်တွင်သာနေထိုင်ရန် အသိပေးလိုက်သောအခါ အားလုံးသည် နေအိမ်မှအပြင်မထွက်ဘဲ နေခဲ့ကြသည်။ နှစ်ပတ်ခန့်ကြာသောအခါ ရခိုင် ပြည်နယ်တွင် ကိုဗစ်ရောဂါ ရာဂဏန်းဖြစ်ပွားနေရာမှ ယခုအခါ ခုဂဏန်း သာရှိတော့သည်။
ရန်ကုန်မြို့ကိုလည်း စနစ်တကျထိန်းချုပ်နိုင်ပါက ရောဂါကူးစက် ပြန့်ပွားမှုများကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။ သို့သော် ရန်ကုန်မြို့သည် လူဦးရေသန်းနှင့်ချီသောမြို့ဖြစ်ပြီး အလုပ်အကိုင်နှင့် မဖြစ်မနေဆောင်ရွက် ရမည့် စီးပွားရေး၊ လူမှုရေးလုပ်ငန်းများရှိနေသဖြင့် ရန်ကုန်မြို့ကို ထိန်းချုပ် နိုင်ရန်မှာ မလွယ်ကူလှပေ။ ယနေ့အခြေအနေတွင် ရန်ကုန်မြို့သည် အခြေ အနေဆိုးနေပါသည်။ အမှန်တွင် အစောပိုင်းကာလက စနစ်တကျ ကာကွယ် ထိန်းချုပ်နိုင်ခဲ့ပြီး စောစောရှာ၊ စောစောသိ၊ စောစောထိန်းဆိုသည့် ကိစ္စမှာ အလုပ်ဖြစ်ခဲ့သည်။ ယခုအခါ ထိန်းချုပ်ရန် ခက်ခဲသောအခြေအနေတွင် ဖောင်ကြီးကဲ့သို့ လူနာတစ်ထောင်ကျော်အား ကုသမှုပေးသော နေရာကဲ့သို့ ရန်ကုန်တွင် လူနာထောင်ချီကုသနိုင်သော စင်တာများ အလျင်အမြန် တည်ဆောက်နိုင်ခဲ့ပေသည်။
ရန်ကုန်တွင် တိုးလာသမျှ လူနာများကို ထိန်းသိမ်းပြုစုကုသမှုပေးနိုင် ခဲ့သည်။ ထိုနည်းသည် ရောဂါပိုးတွေ့သူများအား စောင့်ရှောက်မှုပေးနိုင်ခဲ့ သည်။ သို့သော် ရန်ကုန်ကို ထိန်းထားရန်မှာ ခေါင်းဆောင်မှုတစ်ခုတည်း၏ နောက်ကို အင်အားကောင်းကောင်းနှင့်အားလုံးက ယုံယုံကြည်ကြည် လိုက်နာကြပြီး ညီညွတ်ကြမည်ဆိုလျှင် ရန်ကုန်တွင် ယခုအချိန်မှစ၍ နောက်ထပ်နှစ်ပတ်အကြာတွင် ရောဂါကူးစက်နေသည့် လူနာအရေအတွက် ကို သိသာစွာလျှော့ချနိုင်မည်ဖြစ်သည်။ စနစ်တကျထိန်းချုပ်ခြင်းသည် လွန်စွာအရေးကြီးပြီး နိုင်ငံသားတစ်ဦးချင်း တစ်ဦးချင်း လိုက်နာရမည့် တာဝန်ရှိပေသည်။
ယခုအချိန်တွင် ရန်ကုန်မြို့သည် အရေးအကြီးဆုံးဖြစ်ပြီး ရန်ကုန်သည် ထိန်းချုပ်ရမည့်အဆင့်ဖြစ်သည်။ မည်သည့်အခက်အခဲပင်ရှိသော်လည်း အားလုံးစည်းကမ်းလိုက်နာခြင်းဖြင့် ထိန်းချုပ်မှုကို ပြုလုပ်ကြရမည် ဖြစ်သည်။ အခြားဘာမျှ သံသယမပွားဘဲ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လုပ်နေသောကိစ္စများတွင် တိတိကျကျ လိုက်နာဆောင်ရွက်ကြဖို့လိုပေသည်။ ယခုအချိန်တွင် တစ်ပြိုင်တည်း၊ တညီတညာတည်း အိမ်မှာနေကြမည်။ မိမိကနေစပြီး မကူးအောင်လုပ်မည်။ လက်ဆေးမည်။ စကားပြောလျှင် ခပ်ခွာခွာပြောပါ။ အပြင်ထွက်လျှင် နှာခေါင်းစည်းတပ်ရန်၊ တတ်နိုင်သမျှ အပြင်မထွက်ရန် စသည့်အချက်များကို အမှန်တကယ် လိုက်နာကြပါက နောက်ထပ်နှစ်ပတ်အတွင်း ရောဂါသိသိသာသာ ကျဆင်းသွားမည်ဖြစ် သည်။
သို့ဖြစ်ရာ ကိုဗစ်-၁၉ ကိုကျော်လွှားနိုင်ဖို့၊ ရန်ကုန်ကို အောင်နိုင်ဖို့ ယခုအချိန်သည် အရေးကြီးဆုံးအချိန်ဖြစ်၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာကြမည် ဆိုပါက မကြာမီကာလတွင် ကိုဗစ်ကို ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါ ကြောင်း။ ။