
ရန်ကုန် ဇန်နဝါရီ ၁၀
ယခုနှစ်အတွင်းယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲ များအတွက် ပြင်ဆင်နေသည့် မြန်မာ ယူ-၂၃ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် စပိန်ဒုတိယတန်း ကလပ်တွင်ကစားနေသည့် အာသာဖကို ပဏာမ လူစာရင်းတွင် ထည့်သွင်းရွေးချယ်ခဲ့သည်။
မြန်မာ ယူ-၂၃ အသင်းသည် ဖေဖော်ဝါရီတွင် ကျင်းပမည့် အာဆီယံ ယူ-၂၃ ပြိုင်ပွဲ၊ မေလတွင် ကျင်းပမည့် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲအတွက် ပြင်ဆင်နေခြင်းဖြစ်ပြီး အာသာဖသည် ယင်းအသင်း နှင့် စတင်လေ့ကျင့်နေခြင်းဖြစ်သည်။ အာသာဖသည် ပြီးခဲ့သည့်ရက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ လမ်းညွှန် ချက်များအတိုင်း နေထိုင်ပြီးနောက် မြန်မာ ယူ-၂၃ အသင်းနှင့်အတူ စတင်ပူးပေါင်းနေပြီဖြစ်သည်။ အာသာဖသည် စပိန်ဒုတိယတန်းကလပ် ဒီပို့တီပို့ လီဟာနက်စ်အသင်း လူငယ်အသင်းတွင် ကစားနေ သူဖြစ်ပြီး
အသက် ၂၁ နှစ်အရွယ်ရှိကာ တောင်ပံတိုက်စစ် နေရာတွင် ကစားနေသူဖြစ်သည်။ ၎င်းသည် ရှမ်းတိုင်းရင်းသားတစ်ဦးဖြစ်ပြီး မြန်မာလူငယ် လက်ရွေးစင်အသင်းပဏာမလူစာရင်းတွင် ပထမဆုံး ရွေးချယ်ခံရခြင်းဖြစ်သည်။
မြန်မာ ယူ-၂၃ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် အာသာဖ၏ ခြေစွမ်းနှင့်ပတ်သက်၍ ၎င်း၏ကလပ် အသင်း အားကစားဒါရိုက်တာနှင့် ဆွေးနွေးထား ကြောင်း သိရသည်။ မြန်မာ ယူ-၂၃ အသင်းသည် ပထမဆုံးပြိုင်ပွဲအဖြစ် ဖေဖော်ဝါရီ ၁၄ ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့် အာဆီယံ ယူ-၂၃ ပြိုင်ပွဲ ယှဉ်ပြိုင်မည်ဖြစ်ပြီး အာသာဖအနေဖြင့် ခြေစွမ်းနှင့် စွမ်းဆောင်မှုအပေါ် မူတည်၍ အပြီးသတ်လူစာရင်းတွင် ပါဝင်လာမည် ဖြစ်သည်။ ရဲရင့်လွင်