ယနေ့အချိန်အခါသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက် ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်(၉)ရပ်တို့ကို ချမှတ်လျက် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အစွမ်းကုန်ကြိုးပမ်း လုပ်ဆောင်လျက်ရှိသည်။
နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားအတွက် ရည်မှန်း ချက်များ ချမှတ်ဆောင်ရွက်ရာတွင် နယ်ချဲ့လက်သစ်များ၏ သွေးထိုးသပ်လျှိုပေးမှု နှင့် ပြည်ပအားကိုးအမျိုးသားသစ္စာဖောက်များက တိုင်းပြည်ပျက်စီးရေးကို အမျိုးမျိုးနှောင့်ယှက်လုပ်ကိုင်လျက်ရှိသည်။ တိုင်းပြည်အတွင်း၌ ပဋိပက္ခများ ဖြစ်ပေါ်စေရေး၊ အချင်းချင်းစိတ်ဝမ်းကွဲပြားပြီး တည်ငြိမ်အေးချမ်းမှုမရှိရေး တို့ကို တစိုက်မတ်မတ်လုပ်ကိုင်ဖျက်ဆီးနေကြသည်။ နိုင်ငံတော်တွင် တည်ငြိမ် အေးချမ်းမှုမရှိပါက ဆက်လက်ဆောင်ရွက်ရမည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ် ကို အခြေခံသောပြည်ထောင်စုတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့မှာ အလှမ်းဝေးနေမည်ဖြစ်သည်။
နိုင်ငံတော် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေး စသည့် တိုင်းပြည်ကောင်းကျိုးများကို ဆောင်ရွက်ရာတွင် တစ်ဦးကောင်း၊ တစ်ဖွဲ့ကောင်းဖြင့် ဆောင်ရွက်၍မရနိုင်ဘဲ တိုင်းရင်းသားပြည်သူအားလုံး၏ အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံသောပေါင်းစုအင်အားဖြင့် တက်ညီလက်ညီ တစ်စိတ်တစ်ဝမ်းတည်းဆောင်ရွက်မှသာ ရည်မှန်းချက်ပန်းတိုင်မယိမ်းမယိုင်ဘဲ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် တိုင်းပြည်စည်းလုံးညီညွတ်ရေးနှင့် မျိုးချစ်စိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်များ ထက်သန်ခိုင်မာရေးသည် အရေးကြီးပေသည်။
“မိမိတို့တိုင်းရင်းသားအားလုံးသည် ဓလေ့ထုံးတမ်းစဉ်လာများနှင့် အမျိုးသား ရေးစရိုက်လက္ခဏာများကို အစဉ်လေးစားတန်ဖိုးထားကြသူများဖြစ်ပါသည်။ အမျိုးသားရေးလက္ခဏာများနှင့် အမျိုးသားယဉ်ကျေးမှုများကို ထိန်းသိမ်း စောင့်ရှောက်မြှင့်တင်ခြင်းဖြင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ပြီး တိုင်းပြည် နှင့်လူမျိုးအတွက် ကောင်းကျိုးများစွာရရှိနိုင်မည်ဖြစ်ပါသည်။ မိမိတို့နိုင်ငံသည် ငြိမ်းချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီစနစ်ကို တည်ဆောက် လျက်ရှိရာ အမျိုးသားရေးစိတ်ဓာတ်ရှိကြရန် အလွန်အရေးကြီးသော အချိန်ကာလ ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနား သို့ ပေးပို့သည့်သဝဏ်လွှာတွင် အသိပေးပြောကြားခဲ့သည်။
ယနေ့အချိန်အခါတွင် တိုင်းရင်းသားပြည်သူအားလုံး အမျိုးသားရေးစိတ်ဓာတ် များမွေးမြူကြရန် အထူးလိုအပ်နေသည်။ နိုင်ငံကို တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေသောအချိန်အခါတွင် နှောင့်ယှက်ဖျက်ဆီးနေသော ပြည်တွင်း၊ ပြည်ပအဖျက်အန္တရာယ်များကို အမျိုးသားရေးစိတ်ဓာတ် ကိုယ်ခံစွမ်းအားများဖြင့် ခုခံတွန်းလှန်ကာကွယ်နိုင်မည် ဖြစ်သည်။ အမျိုးသားရေးစိတ်ဓာတ်များ ထက်သန်ခိုင်မာရေးအတွက် စိန်ရတု ပြည်ထောင်စုနေ့ ယနေ့ကာလတွင် တိုင်းရင်းသားလူမျိုးအသီးသီးတို့၏ ယဉ်ကျေး မှုဓလေ့ထုံးတမ်းစဉ်လာများကို ပြန်လည်ဖော်ထုတ်မြှင့်တင်ပေးနေသည်ကို တွေ့ရမည်ဖြစ်သည်။ တိုင်းရင်းသားလူမျိုးအချင်းချင်း၏ ဓလေ့ထုံးတမ်းစဉ်လာများ ကို လေးစားတန်ဖိုးထားကြခြင်းဖြင့် တိုင်းရင်းသားအချင်းချင်း ချစ်ခင်ရိုင်းပင်းပြီး အမျိုးသားရေးစိတ်ဓာတ်များလည်း ထက်သန်ခိုင်မြဲလာမည်ဖြစ်သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာ တွင် နယ်မြေတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိမှသာ ထိရောက်အောင်မြင် အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့အပြင် ငြိမ်းချမ်းရေး၏တန်ဖိုးကို သိရှိ နားလည်ကြသော တိုင်းရင်းသားပြည်သူများသည် ငြိမ်းချမ်းရေးကို လိုလား တောင့်တလျက်ရှိသဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရမည်ဟူသည့် ပြင်းပြသော စိတ်ဓာတ်များဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသော၊ နိုင်ငံတော်အစိုးရကို ဆန့်ကျင်လျက်ရှိသော အကြမ်းဖက်အဖွဲ့များ၏ နှောင့်ယှက်ဖျက်ဆီးမှု အန္တရာယ် များကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းတွန်းလှန် ချေမှုန်းကြရမည်ဖြစ်သည်။ စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအားကောင်းလာစေ ရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်မှာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး နှင့် ထာဝရငြိမ်းချမ်းရေးတို့ဖြစ်သည်။
သို့ဖြစ်ရာ အကြမ်းဖက်လုပ်ရပ်များ၊ အဖျက်အမှောင့်လုပ်ရပ်များ၊ ပြည်တွင်း ပြည်ပ ပယောဂများ၊ မီဒီယာများ၏ သွေးထိုးလှုံ့ဆော်မှုများနှင့် အကြောင်းအမျိုးမျိုး ဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းမှ သွေဖည်မသွားစေရေးတို့ကို အမျိုးသားရေး စိတ်ဓာတ်ဖြင့် အသိရှိရှိဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။