
ဆောင်းပါး
========
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့
=========================
ဒေါက်တာမြင့်သန်း
(ညောင်လေးပင်)
၂၀၂ဝ ပြည့်နှစ် စက်တင်ဘာလ ၂၁ ရက်နေ့ သည် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဖြစ်သည်။ နှစ်စဉ် ထိုနေ့ကို ကမ္ဘာတစ်ဝန်း အလေးထားကျင်းပကြရန် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက ၁၉၈၁ ခုနှစ်ကပင် တိုက်တွန်း ဆော်ဩထားပါသည်။ ထိုနေ့တွင် ကမ္ဘာ့ ကုလသမဂ္ဂ အဆောက်အအုံကြီး၌ ငြိမ်းချမ်းရေးခေါင်းလောင်း ထိုးပါသည်။ ထိုခေါင်းလောင်းသည် ကမ္ဘာအနှံ့ရှိ ကလေး ငယ်များကပေးပို့သော ငွေအကြွေစေ့ကလေး များဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ထို ငြိမ်းချမ်းရေးခေါင်းလောင်းကို ဂျပန်နိုင်ငံ က လက်ဆောင်အဖြစ် ပေးပို့ထားခြင်းဖြစ်ပြီး “A reminder of the human cost of war” စစ်ပွဲကြီးများအတွက် လူသားများက တန်ဖိုးကြီးစွာပေးဆပ်ခဲ့ရမှုကို မမေ့စေလို၊ တားဆီးစေလိုသည့် ဆန္ဒများဖြင့် ပြုလုပ်ထား သည်ဟု သိရပါသည်။ “Long live with absolute peace” “ငြိမ်းချမ်းရေး အဓွန့်ရှည် စွာဖြင့် ရှင်သန်ကြစို့” ဟုလည်း ထိုခေါင်း လောင်းမျက်နှာပြင်ပေါ်တွင် ရေးထိုးထားပါ သည်။
ကမ္ဘာ့ကုလသမဂ္ဂအဆောက်အအုံရှိ
ငြိမ်းချမ်းရေးခေါင်းလောင်း
၂၀၂၀ ပြည့်နှစ်အတွက် ဆောင်ပုဒ်မှာ “Shaping Peace Together” ဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလနှင့်လည်း တိုက်ဆိုင်နေသဖြင့် သက်ဆိုင်ရာစည်းကမ်း များနှင့်အညီသာ ကျင်းပကြမည်ဖြစ်သည်။ ထူးခြားသည်မှာ ၂၀၁၈ ခုနှစ်က ဆောင်ပုဒ်မှာ “The Right to peace-The Universal Declaration of Human Rights at 70” ဖြစ်ပြီး နှစ် (၇၀) မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကို ဂုဏ်ပြု ထားခြင်းလည်းဖြစ်သည်။ ထိုကြေညာ စာတမ်းကို ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် ပြင်သစ်နိုင်ငံ ကမ္ဘာ့ကုလသမဂ္ဂ အထွေအထွေညီလာခံ၌ ကြေညာခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတိုင်း၊ လူသားတိုင်းအတွက် ငြိမ်းချမ်းရေးရရှိစေဖို့ ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ ယခုအခါ တစ်ကမ္ဘာလုံးက အလိုအရှိဆုံးဆုလာဘ်သည် ငြိမ်းချမ်းရေးသာ ဖြစ်သည်။ လူသားတိုင်း အေးချမ်းလုံခြုံစွာ နေထိုင်လိုကြခြင်း ဖြစ်သည်။ ကမ္ဘာ့နေရာဒေသ အတော်များများ တွင် ပြည်တွင်းစစ်ပွဲများ၊ အကြမ်းဖက် တိုက်ခိုက်မှုများ ကြုံတွေ့နေရသည်ကို တွေ့နိုင်ပါသည်။ အထူးသဖြင့် ဘာသာရေး အစွန်းရောက်မှုများ (Religious Extremism)၊ မျက်ကန်း အမျိုးချစ်ဝါဒများ (Ultra-Nationalism)၊ အမုန်းတရား ဖြန့်ချိနေမှုများ (Hate Campaign) မှာ ၂၁ ရာစု ငြိမ်းချမ်းရေး၏ အကြီးမားဆုံးစိန်ခေါ်မှု ဖြစ်သည့် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်နေကာ လူသားများ၏ ငြိမ်းချမ်းစွာ နေထိုင်ရေးကို ခြိမ်းခြောက်နေပါသည်။ ထိုမျှ မကဘဲ လူကုန်ကူးမှုများ၊ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်နေမှုများ၊ နျူကလီးယား လက်နက် ထုတ်လုပ်လာမှုများ၊ ဓာတု လက်နက် ထုတ်လုပ်လာမှုများ၊ ရာဇဝတ်မှု ထူပြောလာခြင်းများအပါအဝင်၊ ရာသီဥတု ဖောက်ပြန် ပြောင်းလဲလာခြင်းတို့သည်လည်း အေးချမ်းစွာ နေထိုင်နိုင်ရေးကို ထိခိုက်လာနေ ပါသည်။ တစ်ကမ္ဘာလုံးရှိလူသားများ၏ ရင်ထဲ၌ အနှစ်သက်ဆုံးအရာမှာ အားလုံး အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး ဖြစ်သည်။ ကမ္ဘာကြီးသည် အေးချမ်းမှ နေပျော်စရာ ဖြစ်မည်ဖြစ်သည်။ ကမ္ဘာမြေ ပေါ်ရှိ မည်သည့်နိုင်ငံမျှ တစ်ဦးတည်း ရပ်တည်နေနိုင်သည် မဟုတ်ပေ။ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားတိုးတက်ရေးတို့မှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေနိုင်ရေးတို့အတွက် အားလုံးလက်တွဲ ဆောင်ရွက်ကြရမည်သာ ဖြစ်သည်။ တစ်နိုင်ငံ နှင့်တစ်နိုင်ငံတို့သည် နိုင်ငံရေး၊ စီးပွားရေးတို့မှာ ဆက်စပ်နေပြီး ငြိမ်းချမ်းရေး တည်ဆောက် ရာမှာလည်း ဆက်စပ်နေပါသည်။ အချင်းချင်း ယုံကြည်နားလည်မှုများဖြင့် လက်တွဲ ဆောင်ရွက်ကြရပါမည်။ သို့မှသာ လူသားချင်း အကြမ်းဖက်မှု၊ ဖိနှိပ်ညှဉ်းပန်းမှု၊ တစ်ဖက်သတ် ခွဲခြားဆက်ဆံမှုများမှ အရင်းတည်သော man-made disasters ခေါ် လူသားများကြောင့် ဖြစ်ပွားနေရသော ဘေးဒုက္ခအန္တရာယ်များကို တားဆီးကာကွယ် ခြင်း၊ ဖယ်ရှားခြင်းတို့ ဆောင်ရွက်နိုင်မည် ဖြစ်သည်။
ယခုတွေ့ကြုံနေရသော လူသားအချင်းချင်း ရက်စက်စွာ တိုက်ခိုက်သတ်ဖြတ်နေမှုများ သည် လူ့သမိုင်းကို လွန်စွာအကျည်းတန်နေ စေပါသည်။ ယဉ်ကျေးသော လူ့သဘာဝကို မေးခွန်းထုတ်စရာ ဖြစ်စေပါသည်။ ထို့ကြောင့် နိုင်ငံ့ခေါင်းဆောင်ကောင်း အများစုတို့သည် တစ်ကမ္ဘာလုံးငြိမ်းချမ်းရေး၊ အေးချမ်းသာယာ ရေးအတွက် ဆောင်ရွက်ဖွယ်များကို အထူး ဦးစားပေး ဆောင်ရွက်နေကြသည်ကို တွေ့နိုင် ပါသည်။ နိုင်ငံအများစုတို့က နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ နိုင်ငံအချင်းချင်း၏ တရားဥပဒေ၊ အချုပ်အခြာအာဏာစသည်တို့ကို အလေးထား ဆောင်ရွက်နေကြသော်လည်း အချို့ကမူ မိမိတို့၏ဆန္ဒများကိုသာ ရှေ့တန်း တင်ပြီး ဆောင်ရွက်နေကြသဖြင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးတို့ကို ခြိမ်းခြောက် လာနေသည်ကို တွေ့နေရပါသည်။ Globalization ခေါ် ကမ္ဘာလုံးဆက်နွှယ် ရင်းနှီး ရေးဖြစ်စဉ်ကြောင့် တိုးတက်ဖွံ့ဖြိုးမှုများ ဖြစ်ပေါ်လာရပါသည်။
ယခုအခါ နိုင်ငံရေးအယူဝါဒများ မတူညီ ခြင်း ဥပမာ ကွန်မြူနစ်ဝါဒ၊ ဆိုရှယ်လစ်ဝါဒ၊ အာဏာရှင်ဝါဒစသည်တို့ ရှိနေသေးကာမူ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းစွာ အတူနေထိုင်မှုစသည်တို့ကို ဖော်ဆောင်နိုင်နေသေးသည်ကို တွေ့ရသည်။
အမြော်အမြင်ကောင်းသော နိုင်ငံခေါင်းဆောင် များက အယူဝါဒ မတူညီသည်ဖြစ်စေ နိုင်ငံ အချင်းချင်း ငြိမ်းချမ်းစွာ လက်တွဲနေထိုင် ဆောင်ရွက်ကြဖို့ အစွမ်းကုန် ဆောင်ရွက် ကြသည်။ နိုင်ငံများအချင်းချင်းဖြစ်စေ၊ နိုင်ငံ အတွင်း၌ဖြစ်စေ ပြဿနာတစ်စုံတစ်ခု ဖြစ်လာလျှင် ပွင့်လင်းစွာ ရင်ဆိုင်ပြောဆို ဖြေရှင်းခြင်းဖြင့် အောင်မြင်သော ပြေလည်မှု ရနိုင်သည်ဖြစ်သော်လည်း တစ်ဖက်သတ် အမြင်ဖြင့် ဖြေရှင်းနေခြင်းကြောင့် အကျယ် အကျယ် မငြိမ်းဖွယ်သော မီးတောက်များ သဖွယ် လောင်ကျွမ်းလျက်ရှိသည်။ ထိုသို့ ဖြစ်ပွားနေခြင်းကြောင့် အပြစ်မဲ့ပြည်သူ ပြည်သားများမှာ မြေဇာပင်သဖွယ် ဒုက္ခမျိုးစုံ ကို ရင်ဆိုင်ခံစားကြရပါသည်။ ထို့အပြင် အင်အားကြီးနိုင်ငံတို့က အားနည်းသည့်နိုင်ငံ အချို့အပေါ် ဗိုလ်ကျစိုးမိုးမှုကြောင့် ဖြစ်ပေါ် လာသည့်အခြေအနေများကို ယခုအခါနိုင်ငံ အများစုက လက်မခံတော့ပါ။ နိုင်ငံအချင်းချင်း ပူးပေါင်းလက်တွဲဆောင်ရွက်ကြခြင်း၊ ကုလ သမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်း အသီးသီးတို့ကလည်း ပါဝင်ဆောင်ရွက်ခြင်း တို့ကြောင့် အထူးလျော့ပါးသွားသည်ကို တွေ့ရပါသည်။ ယင်းသို့ နိုင်ငံအားလုံး လိုက်ပါဆောင်ရွက်ခြင်းမှာ ငြိမ်းချမ်းရေး အတွက် အဓိကကျသောအချက်လည်း ဖြစ်သည်။ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီး စွာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာလေ မတရားသောအကြမ်းဖက်မှုများ၊ ငြိမ်းချမ်း ရေးကို စိန်ခေါ်လာမှုများကို တားဆီးနိုင်လေ ဖြစ်နိုင်ပါသည်။ ပညာခေတ် ဖြစ်သည်နှင့် အညီ အမြော်အမြင်ကြီးသော ခေါင်းဆောင် မှုများရှိသည့် နိုင်ငံအများသည် ကမ္ဘာ့ ငြိမ်းချမ်းရေးကို အထူးအလေးပေး ဆောင်ရွက် ဦးဆောင်နိုင်လေ ဖြစ်ပါ သည်။
လက်ရှိကမ္ဘာ့မြင်ကွင်းတွင် အကြမ်းဖက် မှုကြီးက ကြီးမားထွားကျိုင်းလာနေပါသည်။ ယင်းသည် အပြစ်မဲ့ကလေးငယ်များ၊ အမျိုး သမီးများကို ရက်စက်စွာတိုက်ခိုက်နေသည် ကို နေ့စဉ်လိုတွေ့နေရသည်မှာ အလွန် စိတ်မချမ်းမြေ့ဖွယ် ဖြစ်ပါသည်။ အကြင်နာ မဲ့စွာ၊ လူသားမဆန်စွာ ကျူးလွန်နေမှုများက ငြိမ်းချမ်းမှုကို ပြင်းထန်စွာ ထိခိုက်နေစေ ပါသည်။ ငြိမ်းချမ်းရေးဆုံးရှုံးသည်နှင့်အမျှ မလိုလားအပ်သော ထိခိုက်ဆုံးရှုံးမှုများ၊ လူ့အခွင့်အရေးများစွာ ဆုံးရှုံးရမှုများ တွေ့ကြုံ ခံစားရစေပါသည်။ လူသားဘဝများ ကြေမွ ပျက်စီးရပါသည်။ “သားကိုလက်ငင်၊ လင်ကိုလက်တို့၊ ခွေး အို့ခေါ်ကာ၊ ပြေးနေ ရရှာ”သည့် မိခင်များ၊ စစ်ဘေးကြောင့် မတည်ငြိမ်မလုံခြုံသော အခြေအနေများ ကြောင့် မိမိတို့နေထိုင်ရာ ဒေသများကို စွန့်ခွာထွက်ပြေးနေကြရသည့် စစ်ရှောင် ပြည်သူများ၏ဘဝများစွာကို အမြန်ဆုံး ဖြေရှင်းကြပြီး ငြိမ်းချမ်းစွာ အတူလက်တွဲ နေထိုင်ကြရေးကို ဆောင်ရွက်သင့်ပါသည်။
စစ်ပွဲကြီးများတားဆီးကြ
War ဆိုသည့်စကားမှာ ရှေးအင်္ဂလိပ် စကားဖြစ်သော wyre/werre တို့က ဆင်းသက် လာပြီး လူသားအချင်းချင်း တိုက်ခိုက်ခြင်းဟု အဓိပ္ပာယ်ရသည်။ ပြင်သစ်လို werra၊ ဂျာမန်လို werran စသည်ဖြင့်လည်း ဆိုကြ သည်။ မည်သို့ဆိုစေ စစ်ဆိုသည်က လူသားချင်းတိုက်ခိုက်ကြ၊ လက်နက် အမျိုးမျိုးသုံးကြ၊ အနိုင်ရရေးအတွက် နည်းမျိုးစုံ၊ နည်းပညာမျိုးစုံ သုံးကြခြင်း တို့ကြောင့် လူသားများသာမက၊ တိရစ္ဆာန် များ၊ သဘာဝပတ်ဝန်းကျင်ပါ ထိခိုက်ပျက်စီး ရပါသည်။ အထူးသဖြင့် ရေရှည်ထိခိုက် လာရသော သဘာဝပတ်ဝန်းကျင်ကြောင့် ကမ္ဘာမြေကြီးအတွက် ကြီးမားသော အကျိုး ဆက်များ တွေ့ကြုံခံစားလာရပါသည်။ ကမ္ဘာ့ သဘာဝပတ်ဝန်းကျင်သည် လူသားတို့ အသက်ရှည်ရေး၊ ကျန်းမာစွာနေနိုင်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အဓိကအကျဆုံး ဖြစ်ရာ ခါးသီးလှသော စစ်ပွဲကြီးများကို တားဆီးဟန့်တားခြင်းသည် အလွန်အရေး ပါပါသည်။ စစ်ပွဲကြီးများကြောင့် ကမ္ဘာကြီး နှင့် လူသားတို့၏ဘဝများ ဆက်လက် မပျက်စီးစေရန် တားဆီးကြရပါမည်။
စစ်ပွဲကြီး အမျိုးမျိုး
စစ်ပွဲကြီးအမျိုးမျိုးအလိုက်နှင့် အသုံး ပြုသော လက်နက်များကိုလိုက်ပြီး ထိခိုက်မှု အတိုင်းအတာကွာခြားသည်ကို တွေ့ရပါ သည်။
၁။ Asymmetric warfare-အင်အားချင်း မတူသော လူအုပ်စုတို့အကြား တိုက်ခိုက်ကြခြင်း ဖြစ်သည်။ များသောအားဖြင့် guerrilla ပြောက်ကျားတိုက်ပွဲမျိုး ဖြစ်သည်။ ယင်းတွင် အသုံးပြုသော လက်နက် အမျိုးအစားများမှာ သမားရိုးကျ လက်နက်များသာ ဖြစ်လေ့ရှိသည်။
၂။ Chemical warfare- ဓာတုလက်နက် များ သုံးသည့်စစ်ပွဲများ ဖြစ်သည်။ နိုင်ငံနှင့်ချီပြီး တိုက်ခိုက်ကြသော စစ်ပွဲ ကြီးများတွင်သုံးလေ့ရှိပြီး ပထမကမ္ဘာ စစ်ကြီးမှာကတည်းက တွေ့ရသည်ဟု ဆိုပါသည်။ ထိုစဉ်က လူပေါင်း ၁ ဒသမ ၃ သန်း သေဆုံးခဲ့ရာ အရပ်သား ၁၀၀၀၀ဝ မှ ၂၆၀၀၀ဝ ခန့်တို့ ပါဝင်ခဲ့သည်။ ဓာတုလက်နက်များ ကြောင့် စစ်ပွဲကြီးများအတွင်း သေဆုံးခဲ့ကြရသလို စစ်ကြီးပြီးသည့် တိုင် အဆုတ်ရောဂါများ၊ ဦးနှောက် ထိခိုက်ပျက်စီးမှုများ၊ အရေပြားရောဂါ များ၊ ကင်ဆာရောဂါများကြောင့် သေဆုံးရသူများစွာရှိသည်။ ထို့အတူ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ လည်း ရှိလာသည်။ ထို့ကြောင့် ဓာတု လက်နက်များကို နိုင်ငံတကာဥပဒေ များ ပြဋ္ဌာန်း ပိတ်ပင်ခဲ့သည်။
၃။ Civil war- နိုင်ငံတစ်နိုင်ငံတည်းမှ သဘောထားမတူသူချင်း၊ အချင်းချင်း တိုက်ခိုက်ကြခြင်း ဖြစ်သည်။ နိုင်ငံရေး၊ အယူဝါဒရေး၊ နယ်မြေပိုင်ဆိုင်ရေးတို့ အတွက် နိုင်ငံသားချင်း တိုက်ခိုက်ကြ ခြင်း ဖြစ်သည်။ သမားရိုးကျလက်နက် များကိုသာ သုံးလေ့ရှိသည်။
၄။ Conventional war- ပြိုင်ဘက်နိုင်ငံ (သို့မဟုတ်) အုပ်စုများအကြား စစ်ကြေညာပြီး တိုက်ခိုက်ကြခြင်း ဖြစ်သည်။ ယင်းတွင် ဓာတုလက်နက် များ၊ အဏုမြူဇီဝလက်နက်များ စသည် တို့ကို သုံးခွင့်မရှိပေ။
၅။ Globalizing war- နိုင်ငံတို့၏ အချုပ်အခြာ နယ်မြေများကို ကျော်လွန် ကာ နိုင်ငံအများ အဖွဲ့လိုက်တိုက်ခိုက် ကြသည့် စစ်ပွဲကြီးမျိုးဖြစ်သည်။ နှစ်ကြိမ် ဖြစ်ပြီးသော ကမ္ဘာ့စစ်ကြီးများကို တွေ့မြင် နိုင်သည်။ ဗီယက်နမ်စစ်ပွဲမျိုး မဟုတ် ပေ။ လက်နက်လူသူအင်အားများစွာ သုံးကြသည်။ စစ်စရိတ်များစွာ ကုန်ကျ သလို လူပေါင်းများစွာနှင့် ပိုင်ဆိုင်မှုများစွာ ဆုံးရှုံးရသည်။ သဘာဝပတ်ဝန်းကျင် လည်း ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးရသည်။
၆။ Nuclear war- အဏုမြူလက်နက်များကို အပြိုင်အဆိုင်ထုတ်လုပ်ကာ အဏုမြူ စစ်ပွဲကြီးများ ဆင်နွှဲရန် တစ်ဖက်နှင့် တစ်ဖက် ခြိမ်းခြောက်သော စစ်ပွဲပြင်ဆင် မှုဖြစ်သည်။ တကယ်ဖြစ်ပွားပါက ကမ္ဘာကြီးတစ်ခုလုံးကို ပြာကျပျက်စီး သွားစေနိုင်ပါသည်။
၇။ Unconventional war- နိုင်ငံတစ်နိုင်ငံ၊ အဖွဲ့အစည်းတစ်ခုခုထဲသို့ တိတ်တဆိတ် ဝင်ရောက်တိုက်ခိုက်သည့် စစ်ပွဲမျိုး ဖြစ်သည်။
Conway W.Anderson ဆိုသူ သမိုင်း ပညာရှင်ကြီး၏အဆိုအရ ကမ္ဘာကြီးတွင် BC ၃၅၀ဝ မှ ၂ဝ ရာစုနှောင်းပိုင်းအထိ စစ်ပွဲပေါင်း ၁၄၅၀၀ ဖြစ်ခဲ့ပြီး စစ်မဖြစ်ဘဲ ငြိမ်းချမ်းစွာ နေခဲ့ရသောကာလမှာ နှစ်ပေါင်း ၃၀ဝခန့်သာ ရှိခဲ့သည်ဟု သိရပါသည်။
ယခုအချိန်အထိလည်း ကမ္ဘာတစ်ဝန်း စစ်ပွဲကြီးငယ်များ ဖြစ်ပေါ်လျက်ရှိနေသေး သည်။ ငြိမ်းချမ်းသော ကမ္ဘာမြေကြီးအဖြစ် မျိုးဆက်သစ်ကလေးများထံ လွှဲပြောင်း ပေးကြရပါမည်။
အလားတူပင် နှစ်ပေါင်းများစွာ နာတာ ရှည်ရောဂါကြီးတစ်ခုလို ဖြစ်နေသော ကျွန်တော်တို့နိုင်ငံ၏ ပြည်တွင်းစစ်မီးကြီး ကိုလည်း အပြီးသတ်ငြိမ်းချမ်းစေလိုလှပါ သည်။ ယခုနှစ်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို လှိုက်လှဲစွာကြိုဆိုပါသည်။
လူသားအားလုံး ငြိမ်းချမ်းရေးအတွက် လက်တွဲကြ၊ အများ၏လေးစားမှု၊ လုံခြုံမှု၊ တန်ဖိုးရှိမှုတို့ကို အလေးထားကြခြင်းဖြင့် ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက် ကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရ ပါသည်။
Reference - Comity of Nations and Peace-GLMN 28.8.17.
- Log in to post comments