
ဆောင်းပါး
=======
ပထမခေါင်လန်ဖူး၊ ဒုတိယရှိန်းခေါင်နှင့် လန်ဆယ်
=================================
ဖုန်ဇီရမ်
ရှိန်းခေါင်ဒေသဆိုသည်မှာ
ကျွန်တော်တို့မြို့နယ်အတွင်းမှာ ရှိန်းခေါင်ဆိုတာက သွားရလာရခက်ခဲသော ဒေသထဲမှာပါသည်။ စရိတ်စက တတ်နိုင်သော ပြည်မကလာသူတချို့ကတော့ ကန်ပိုက်တီမှတစ်ဆင့် တရုတ်နိုင်ငံအတွင်းသို့ဝင်ပြီး ကားစီး၍လာကြသည်။ ဈေးတော့ကြီးသည်ပေါ့။ ထို့ကြောင့် ခေါင်လန်ဖူးမြို့လေးမှတစ်ဆင့် သွားမည် ဆိုလျှင် လမ်းနှစ်သွယ် ရှိပါသည်။ ခေါင်လန်ဖူးမှ ဆရမ်ဖာအထိ ၁၅ မိုင်ခန့်ကို တစ်ရက်လမ်းလျှောက် ရမည်။ ဆက်လက်၍ ဆရမ်ဖာမှ ညီဝါးအထိ ၁၂ မိုင် ခန့်ကို တစ်ရက်၊ ညီဝါးမှ လာဂါလော်ကိုလည်း တစ်ရက် ခရီးလမ်းလျှောက်ကြရပြီး လာဂါလော် - ရှိန်းခေါင် ခရီးကိုတော့ ကားဖြင့်သွားနိုင်သည်။ ကားခ ယွမ် ၁၀၀ မြန်မာငွေကျပ် ၂၀၀၀၀ ဖြစ်သည်။ နောက်လမ်းတစ်သွယ် ကမူ ခေါင်လန်ဖူးမှ ဇန်ယော့အထိ ဆိုင်ကယ်လမ်း ရှိသည်။ ဈေးကြီး၍ ဆိုင်ကယ်မစီးနိုင်သူများက ဇန်ယော့အထိ နှစ်ညအိပ် သုံးရက်ခန့် လမ်းလျှောက်ကြ ရပါမည်။ ဇန်ယော့မှ ချီလာဝါဒီသို့ တစ်ရက်၊ ချီလာဝါဒီမှ ရှိန်းခေါင်သို့ နောက်ထပ်တစ်ရက်ခရီး ခြေကျင်လျှောက် လျှင် ရောက်ပါပြီ။ အကုန်အကျနည်းမည် ဖြစ်သော်ငြား လည်း လူပင်ပန်းသော လမ်းခရီးများဖြစ်၏။ ပူတာအိုမှ လာသူအချို့ကတော့ ခေါင်လန်ဖူးအထိ သွားမနေတော့ ပါ။ ထလားလော်ရွာလေးမှ ဆရမ်ဖာသို့ ဖြတ်ချလိုက် လျှင် ၂၇ မိုင်ခန့် ခရီးတာတိုသွားမည် ဖြစ်သည်။ တောင်အတက်၊ အဆင်း မတ်သောနေရာများ ရှိနေပါ သည်။
ရှိန်းခေါင်ကျေးရွာသည် ခေါင်လန်ဖူးမြို့နယ်ထဲက ရွာတစ်ရွာဖြစ်ပြီး တရုတ်နိုင်ငံနယ်စပ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေပါသည်။ ဆီးနှင်းများဖုံးလွှမ်းပြီး သွားလာရ ခက်ခဲချိန်မှလွဲ၍ ကျန်အချိန်များတွင် တရုတ်နိုင်ငံဘက်မှ စားကုန်သောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဝင်ရောက်ရာ ဒေသလည်းဖြစ်၏။ နယ်စပ်ရေးရာဝန်ကြီး ဌာနက မဂွေဇ - ခေါင်လန်ဖူးကားလမ်း ဖောက်လုပ် မပေးမီ အချိန်ကာလများ၌ ခေါင်လန်ဖူးမြို့လေးသည် ပင်လျှင် ရှိန်းခေါင်ဘက်မှလာသော ဆန်နှင့် စားကုန် သောက်ကုန်၊ လူသုံးကုန်များကို အားထားနေရသည်မှာ အမှန်ပင်။ ရှိန်းခေါင်တွင် အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) ဖွင့်လှစ်ပေးထားသည်။
ရှိန်းခေါင်နှင့် လန်ဆယ်ဒေသများသို့
ဆန်များ ထောက်ပံ့ဆိုခဲ့သည့်အတိုင်း ရှိန်းခေါင်ဒေသနှင့် တရုတ် နယ်စပ်အကြားမှာ ဆီးနှင်းများဖုံးပြီး ဆက်သွယ်ရေးလမ်းကြောင်းပြတ်တောက်သွားချိန်တွင် ဆန်ရှားပါးမှု ပြဿနာ အမြဲကြုံနေရသည်။ တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကို ခက်ခက်ခဲခဲထိန်းချုပ်နေရချိန် နယ်စပ် ဝင်ပေါက်၊ ထွက်ပေါက်များကို ပိတ်ပစ်လိုက်သောအခါ ရှိန်းခေါင်တွင် ရိက္ခာဆန်မလုံလောက်မှုများ ကြုံတွေ့လာ ရသည်။ ထိုနည်းတူစွာပင် ခေါင်လန်ဖူးမှ နယ်စပ်မှတ်တိုင် ၃၀ နှင့် ၃၁ တစ်ဝိုက်ရှိ လန်ဆယ်အရှေ့ခြမ်းဒေသများလည်း ရိက္ခာဆန်ပြတ်လပ်မှုများ ဖြစ်ပေါ်လာခဲ့ရသည်။ ထို့ကြောင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ကျွန်တော်တို့ ရှိန်းခေါင် ဒေသနှင့် လန်ဆယ်ဒေသအတွက် ဆန်အိတ် ၁၀၀၀ ပေးပို့ ထောက်ပံ့ခဲ့ပါသည်။ ဝန်ကြီးဌာနကိုယ်စား ကချင်ပြည်နယ် ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး ဦးကျော်မင်း က ကချင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်ထံ လွှဲပြောင်းပေးခဲ့ပါသည်။ ထို့အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကလည်း ဆန်အိတ် ၂၀၁၈ အိတ်ကို ၎င်းဒေသ အတွင်း ထောက်ပံ့ဖြန့်ဝေပေးခဲ့သည်။
ရှိန်းခေါင်နှင့် ဇီးထန်ဒေသများအတွင်းရှိ ညီဝမ်ထန် ကျေးရွာအုပ်စု၊ ရနင်ထီကျေးရွာအုပ်စု၊ ဇန်ယော့ကျေးရွာ အုပ်စု၊ ချီထုဖန်ကျေးရွာအုပ်စု၊ ရမန်ချီကျေးရွာအုပ်စု၊ ဇီးထန်ကျေးရွာအုပ်စု၊ ဒါလန်ကျေးရွာအုပ်စု၊ လာတားကော် ကျေးရွာအုပ်စုစသည်ဖြင့် ကျေးရွာအုပ်စု ရှစ်အုပ်စုအတွင်းမှ လူဦးရေ ၉၈၈၀ အတွက် ဆန်အိတ် ၈၀၀ ဟူ၍ လည်းကောင်း၊ လန်ဆယ်အရှေ့ခြမ်းဒေသများဖြစ်သည့် ထဖုံးကျေးရွာအုပ်စု၊ ရပ်မားကျေးရွာအုပ်စု၊ နမ့်ချိန်ကျေးရွာ အုပ်စု၊ ရှီလန်ဒန်းကျေးရွာအုပ်စုအတွင်းမှ လူဦးရေ ၁၈၀၈ ဦးအတွက် ဆန်အိတ် ၂၀၀ ဟူ၍လည်းကောင်း သတ်မှတ် ခွဲဝေပေးပြီးနောက် တပ်မတော်၊ နယ်စပ်ရေးရာဝန်ကြီး ဌာနနှင့် ကချင်ပြည်နယ်အစိုးရတို့ ပူးပေါင်းစီစဉ်မှုဖြင့် သက်ဆိုင်ရာဒေသများသို့ အရောက်ပို့ဆောင်ထောက်ပံ့ပေးခဲ့သည်။ ပူတာအို-မဂွေဇ-ရီဒမ်းကြိုးတံတားထိပ်အထိ ကားများဖြင့်ပို့ပေးသည်။ ထိုနေရာမှ ခေါင်လန်ဖူးသို့ လည်းကောင်း၊ ခေါင်လန်ဖူးမှ ရှိန်းခေါင်ဒေသသို့ လည်းကောင်း လား၊ မြင်းများဖြင့် ဆက်လက်သယ်ယူ ကြခြင်းဖြစ်သည်။ လန်ဆယ်ဒေသသို့မူ မြစ်ကြီးနား-ချီဖွေ-ဖီမော်-လန်ဆယ်-တထုံစင်လမ်းကြောင်းအတိုင်း ပို့ဆောင် ပေးခဲ့ကြောင်း သိရှိရပါသည်။
ရိက္ခာဆန်ကိစ္စ ကြုံဖူးခဲ့ကြသည်
ရှေးယခင်ကာလများကတည်းက ကျွန်တော်တို့ ခေါင်လန်ဖူးမြို့နယ်နှင့် နောင်မွန်မြို့နယ်ထဲမှ ပန်နန်းဒင် ဒေသ(မြို့နယ်ခွဲဖြစ်ခဲ့ဖူးပါသည်) တို့တွင် ရာသီဥတုဆိုးရွား သောနှစ်များ၌ စားပင်သီးနှံများ ပျက်စီးခြင်း မျိုး၊ သီးနှံ အဖျက်ပိုးများ ကျရောက်လျှင်လည်း ရိတ်သိမ်းချိန်တွင် အထွက်နှုန်း နည်းခြင်းမျိုးများ ဖြစ်ပေါ်လာကာ ရိက္ခာ မလုံလောက်မှုများ ဖြစ်ခဲ့ကြုံခဲ့ဖူးပါသည်။ ကျွန်တော်တို့ ဒေသ၏ရာသီဥတုကလည်း အခြားဒေသမှ မျိုးပင်မျိုးရင်း များ ယူစိုက်လျှင် အဆင်မပြေပါ။ ကန့်သတ်ချက်များ ရှိနေသည်။ ဒေသမျိုးရင်း မျိုးစေ့များနှင့်သာ ကိုက်ညီသည့် သဘောသဘာဝများ တွေ့ရသည်။ ဘယ်လိုပင်ရှိနေ ပါစေ ထိုကဲ့သို့ကြုံလာပါလျှင် ရဟတ်ယာဉ်များ ကျွန်တော် တို့ဆီကို ရောက်လာစမြဲဖြစ်သည်။ သူတို့နှင့်အတူ ဆန်များ၊ ဆီများ၊ ပဲများ၊ ခေါက်ဆွဲခြောက်ထုပ်များ ပါလာကြသည်။ မြစ်ကြီးနားမှ ပူတာအိုသို့ လေယာဉ်ဖြင့် လည်းကောင်း၊ သည်ဘက်ခရီးတွေကို ရဟတ်ယာဉ်များဖြင့် လည်းကောင်း သယ်ယူပို့ဆောင်ပေးကြသည်ကို မြင်ဖူး ကြုံဖူးခဲ့သည်။
လမ်းပန်းဆက်သွယ်ရေးအတွက် သတင်းကောင်း
ကျွန်တော်တို့ ရှိန်းခေါင်နှင့် ဇန်ယော့ဒေသဘက်များ တွင် ဆိုင်ကယ်လမ်းနှင့် ကားလမ်းတစ်စိတ်တစ်ပိုင်းရှိနေသည်ဆိုသော်ငြားလည်း အများစုကတော့ ခြေကျင်လျှောက် နေကြရဆဲ ဖြစ်ပါသည်။ ဒေသခံတိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေးအပါအဝင် လူမှုစီးပွားဘဝ မြင့်မား တိုးတက်လာစေဖို့ဆိုသည်မှာ လမ်းပန်းဆက်သွယ် ရေးက အဓိကကျပါသည်။ နေမကောင်းထိုင်မသာရှိ လာပြီဆိုသည်နှင့် ဆေးရုံ၊ ဆေးခန်းများဆီ မြန်မြန်ပြေး၍ ပြနိုင်မှ တန်ကာကျသဖြင့် ဒေသတွင်းတွင် လမ်းပန်း ဆက်သွယ်ရေးများ ကောင်းဖို့လိုပါသည်။
မကြာသောကာလအတွင်းမှာ ခေါင်လန်ဖူးမြို့ လေးရှိရာကို ကားလမ်းမကြီးတစ်သွယ် ရောက်ရှိလို့ လာပါတော့မည်။ မဂွေဇ - ခေါင်လန်ဖူးကားလမ်းကိုနယ်စပ်ရေးရာဝန်ကြီးဌာနက တာဝန်ယူ ဖောက်လုပ် နေသည်။ ကျွန်တော်တို့ ဒေသခံတိုင်းရင်းသားများအားလုံးအံ့ဩခဲ့ရသည်။ ကျွန်တော်တို့အားလုံး ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့သည့် အိပ်မက် လမ်းကြီး၊ ဆန်းလွတ်ချက် (ပြန်လမ်းမရှိသောတောင်)လို့ ကျွန်တော်တို့ ခေါ်နေကြသည့် ကျောက်တောင်ကြီးကို ထိုးခွဲပြီး သည်လမ်းကြီးဆင်းလာသည်။ ရေစီးအလွန် ကြမ်းပါသည်ဆိုသော မေခမြစ်ကိုရအောင် ကျော်ဖြတ် လာသည်။ ကိုင်း... အခု ခေါင်လန်ဖူးမြို့လေးနှင့် လက်တစ်ကမ်းအကွာမှာ သည်ကားလမ်းကြီး ရောက်လာပြီ။ သူဘယ်လို ကြိုးစားရုန်းကန်ပြီး ကျွန်တော်တို့ ဒေသဘက်ကို ခရီးဆက်ခဲ့သလဲ၊ လေ့လာကြည့်ကြရအောင်လား...။
(ဆက်လက်ဖော်ပြပါမည်)
- Log in to post comments