နိုင်ငံတော်က ချမှတ်ထားသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် များကို စေ့ငုကြည့်ပါက တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံပေါများ ရေးအတွက် ရှေးရှုဆောင်ရွက်ထားသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်၏ ဦးတည်ချက်များနှင့်အညီ နိုင်ငံတော်အစိုးရက ပြည်သူအားလုံး၏ စားဝတ်နေမှုဖူလုံ ရေး၊ ကျေးလက်ဒေသနှင့် မြို့ပြဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းရေးနှင့် ဆင်းရဲမှု လျှော့ချနိုင်ရေးတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်အရပ်ရပ်ကို စတင်ယူသည့်အချိန်မှစ၍ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့နှင့်အညီ ကြိုးပမ်းဆောင်ရွက်ရာ၌ တစ်ဖက်တွင်လည်း ကိုဗစ်-၁၉ ရောဂါ ကြောင့် ကျဆင်းနေသည့် နိုင်ငံတော်၏ စီးပွားရေးအခြေအနေ ပြန်လည်ဦးမော့လာ ပြီး သွက်လက်မြန်ဆန်ရေးအတွက် အတတ်နိုင်ဆုံး အထူးဦးစားပေးဆောင်ရွက်နေ သည်ကို တွေ့ရသည်။ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားမီကတည်းက မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများသည် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးမှု ပန်းတိုင်များ (Sustainable Development Goals-SDGs) 2015-2030 ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အတည်ပြုခဲ့ကြသည်။
မြန်မာနိုင်ငံအနေဖြင့် SDGs အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ပတ်သက် သည့် အစီရင်ခံစာကို ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးဌာနသို့ အချိန်မီပေးပို့ထား သည်။ ထို့အပြင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) အဖြစ်မှ လွတ်မြောက်ရေးအတွက် နိုင်ငံတော်က ဆောင်ရွက်ရမည့်ကိစ္စများကို အကောင်အထည်ဖော်ခဲ့သည်။ LDC နိုင်ငံအဖြစ်မှ လွတ်မြောက်ရေးအတွက် သတ်မှတ်ထားသော စံနှုန်းများ ပြည့်မီရေး စီမံကိန်းများ၊ လုပ်ငန်းစဉ်များနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါကြောင့် မြန်မာနိုင်ငံသာမက ကမ္ဘာ့နိုင်ငံများအားလုံး စီးပွားရေး ကျဆင်းနေသည်ကို နားလည်ထားကြသည်။
မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်ပြီး ကျေးလက် နေပြည်သူများသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူများဖြစ်သည်။ မြန်မာနိုင်ငံတွင် ကျေးလက်နေပြည်သူများမှာ အများစုဖြစ်၍ ကျေးလက်စီးပွားရေးကို မြှင့်တင်ဖော်ဆောင်ပေးရမည်ဖြစ်သည်။ ကျေးလက်နေ ပြည်သူများ ဝင်ငွေရရှိရေးအတွက် အထောက်အကူဖြစ်စေမည့် သွင်းအားစုများ လုံလောက်စွာရရှိရေးနှင့် စိုက်ပျိုးစရိတ်ရရှိရေးတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက် ပေးရမည်ဖြစ်သည်။ ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် မိမိတို့ဒေသအလိုက် အားသာချက်ရှိသည့် ထုတ်ကုန်များကို ကျေးရွာ တစ်ရွာထုတ်ကုန်တစ်မျိုး ထုတ်လုပ်နိုင်ရန် ကြိုးစားကြရမည်ဖြစ်သည်။
ပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးပြီး ဝင်ငွေ တိုးတက်ရရှိရေးသည် အဓိကလိုအပ်ချက်ဖြစ်ရာ ကျေးလက်ဒေသများတွင် အသေးစား၊ အလတ်စားလုပ်ငန်းများနှင့် တစ်ပိုင်တစ်နိုင် မိသားစုလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးလာအောင် အားပေးမြှင့်တင်ပေးပြီး ဝင်ငွေများ တိုးတက်ရရှိလာအောင် ဆောင်ရွက်ပေးရမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်ပနိုင်ငံများမှ ပြန်လည် ရောက်ရှိလာသော နိုင်ငံသားများ အလုပ်အကိုင်ရရှိရေးအတွက် ကျေးလက်စီးပွားရေး ကို မြှင့်တင်ပေးရန်လိုအပ်သည်။ ထို့အပြင် ကိုဗစ်-၁၉ ရောဂါကြောင့် ပိတ်ထားရ သည့် စက်ရုံ၊ အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်ပေးခြင်းအားဖြင့် ပြည်ပသို့စီးထွက်သွား သည့် ရွှေ့ပြောင်းလုပ်သားများကို လျှော့ချနိုင်မည်။ နိုင်ငံတော်အစိုးရသည် ပြည်သူ များအတွက် အခြေခံစီးပွားရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိ ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားစီမံကိန်းများကို ရေးဆွဲ ဆောင်ရွက်လျက်ရှိသည်။
အမျိုးသားစီမံကိန်းများသည် ကိုဗစ်-၁၉ ရောဂါကြောင့် ယိုင်နဲ့နေသော စီးပွားရေးလုပ်ငန်းများအား လက်တွေ့ကျကျ ပြန်လည်ဦးမော့လာစေရန် လမ်းကြောင်း မှန်ပေါ်သို့တင်ပေးသည့် စီမံကိန်းများဖြစ်သည်။ နိုင်ငံတော်က အမျိုးသားစီမံကိန်း များကို အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်ပြီး ပြည်သူများက အခြေခံကျသည့် စီးပွားရေးလုပ်ငန်းများကို တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက် နိုင်လျှင် နိုင်ငံ့စီးပွားရေး၊ ပြည်သူလူထုစီးပွားရေး မြင့်မားတိုးတက်လာပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်လာမည်မှာ အမှန်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်စီးပွားကောင်းမွန်ရေးအတွက် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ကောင်းမွန်ရန် လိုအပ်သဖြင့် နှောင့်ယှက်ဖျက်ဆီးသူများအား ဝိုင်းဝန်းဖယ်ရှားကြ ရမည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် စီမံကိန်းများကို လက်တွေ့ကျကျ အကောင်အထည် ဖော်ဆောင်ရွက်ပြီး အခက်အခဲအကျပ်အတည်းများကြားမှ ဖွံ့ဖြိုးတိုးတက်လာပြီဖြစ် သည်။ ကိုဗစ်-၁၉ ရောဂါနှင့် အဖျက်အန္တရာယ်များအားကျော်လွှားပြီး တိုင်းပြည် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်၊ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက် လာအောင်၊ စီမံကိန်းလုပ်ငန်းများ၊ အခြေခံစီးပွားရေးလုပ်ငန်းများ အကောင်အထည် ပေါ်လာအောင် တက်ညီလက်ညီ လက်တွဲကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်း အပ်ပါကြောင်း။ ။