“နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များ ပေါများရန်လိုအပ် သဖြင့် ပညာတတ်များပေါများစေရေး ပညာရေးကဏ္ဍမှ တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်ပေးရန်လိုကြောင်း” ဇန်နဝါရီ ၁၇ ရက်က ပြုလုပ်သည့် အဆင့်မြင့်ပညာကဏ္ဍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ပညာရေးသမိုင်းကြောင်းကိုကြည့်မည်ဆိုလျှင် အဆင့်မြင့်ပညာ ကဏ္ဍတွင် ရန်ကုန်တက္ကသိုလ်သည် သမိုင်းဂုဏ်ရောင်ထွန်းပြောင်သည့် ပညာ အရည်အသွေးမြင့်မားသော ပညာတတ်များ မွေးထုတ်ပေးရာနေရာဖြစ်သည်။ မြန်မာနိုင်ငံတွင်သာမက အာရှဒေသတွင်ပါ ထင်ရှားကျော်ကြားသည့် အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွန်းရာပညာရပ်ဝန်းဖြစ်သည်။ အစိုးရအဆက်ဆက် ပြောင်းလဲပြီး ပညာရေးစနစ်ကို ပြောင်းလဲကျင့်သုံးသောအခါ ပညာရည်နိမ့်ကျလာ သည်ကိုတွေ့ရသည်။ အဓိကအားဖြင့် အင်္ဂလိပ်ဘာသာ တတ်မြောက်မှုတွင် အားနည်းလာသဖြင့် နိုင်ငံတကာအဆင့်မြင့်ပညာကဏ္ဍတွင် နောက်ကျကျန်ခဲ့သည်။
ထို့အပြင် တိုင်းပြည်အတွင်း ပဋိပက္ခပြဿနာအမျိုးမျိုးတို့ကြောင့် ပညာရေး တွင် နှောင့်နှေးမှု၊ အဟောသိကံဖြစ်မှုများရှိခဲ့၍ လူငယ်လူရွယ်များ ပညာသင်ကြား ရေးတွင် နစ်နာဆုံးရှုံးမှုများရှိခဲ့သည်။ မြန်မာနိုင်ငံတွင် လူဦးရေ ၅၅ သန်းခန့် ရှိသည့်အနက် သုံးသန်းခန့်သာ အဆင့်မြင့်ပညာဘွဲ့ရခဲ့ရာ နိုင်ငံလူဦးရေ၏ ၁၀ ရာခိုင်နှုန်းအောက်သာ အဆင့်မြင့်ပညာပြီးမြောက်ခဲ့သည်။ အဆင့်မြင့်ပညာ ပြီးမြောက်သော်လည်း အရည်အချင်းပြည့်ဝသော ပညာတတ်များနည်းပါးသည်။ အခြေခံပညာကဏ္ဍတွင်လည်း လူဦးရေ ၁၈ သန်းကျော်သည် မူလတန်းနှင့် အလယ်တန်းအဆင့်သာ သင်ကြားနိုင်ခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံပညာရေးသမိုင်းကြောင်းတွင် အကြောင်းအမျိုးမျိုးတို့ကြောင့် အရည်အချင်းပြည့်ဝသော ပညာတတ်များပေါ်ထွက်ရေး၌ အားနည်းမှုများရှိခဲ့သည် ကို ဝန်ခံရမည်ဖြစ်သည်။ နိုင်ငံတိုးတက်ရေး၊ ဖွံ့ဖြိုးရေးကဏ္ဍတွင် လိုအပ်ချက်များ ရှိလာခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် ပညာရေးကဏ္ဍမြင့်မားတိုးတက်လာရေးအတွက် အခက်အခဲအနှောင့်အယှက် များကြားမှ မဖြစ်မနေ အားသွန်ခွန်စိုက် ကြိုးပမ်းလုပ်ဆောင်နေသည်ကို တွေ့ရ မည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရေးသည် အဓိကကျသဖြင့် ပညာရေးကို ဦးစားပေးဆောင်ရွက်ကြရမည်ဖြစ်သည်။
ပညာရေးတွင် အရည်အချင်းမြင့်မားသော ပညာတတ်များပေါ်ထွက်လာရန် အတွက် အရည်အသွေးမြင့်မားသော ဆရာ ဆရာမများအဖြစ် အဆင့်မြှင့်တင်ကြ ရမည်။ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများအား ပညာ တတ်မြောက်ရေးအပြင် အလေ့အကျင့်ကောင်းများ၊ စိတ်ဓာတ်ကောင်းများ၊ အတတ်ပညာကောင်းများနှင့် တွေးတောကြံဆမှုကောင်းများရှိစေရန် လေ့ကျင့် သင်ကြားပေးကြရမည်ဖြစ်သည်။ တက္ကသိုလ်ပညာသင်ကြားနေစဉ် ဘဝအတွက် အတွေ့အကြုံကောင်းများရရှိစေရန်အတွက်လည်း လေ့ကျင့်ဆောင်ရွက်ပေးကြရ မည်ဖြစ်သည်။ ကျောင်းပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေး၍ ကျောင်းသား ကျောင်းသူများ စိတ်ကူးစိတ်သန်းလန်းဆန်းပြီး ကျယ်ပြန့်သောအမြင်များ ဖြစ်ပေါ် လာအောင် ပြုလုပ်ပေးရမည်။
မြန်မာနိုင်ငံတွင် ဇန်နဝါရီ ၆ ရက်နေ့မှစ၍ တက္ကသိုလ်ကောလိပ်သိပ္ပံကျောင်း များ ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ တိုင်းပြည်ကိုပျက်စီးစေလိုသော အစွန်း ရောက်နိုင်ငံရေးသမားများနှင့် အကြမ်းဖက်အဖျက်သမားများက ကျောင်းများ ပြန်လည်မဖွင့်လှစ်နိုင်အောင် ၊ ဆရာ ဆရာမများ ပညာသင်ကြားပေးခြင်းမပြုရဲအောင် နှောင့်ယှက်ဖျက်ဆီးတိုက်ခိုက်သတ်ဖြတ်မှုများ ပြုလုပ်လျက်ရှိသည်။ မည်သို့ပင် နှောင့်ယှက်ဖျက်ဆီးစေကာမူ အန္တရာယ်ရန်စွယ်များကို ဖယ်ရှားကျော်လွှား၍ မဖြစ်မနေပညာသင်ကြားနေကြသည်။ ကျောင်းသား ကျောင်းသူအားလုံး ကျောင်းမတက်နိုင်သော်လည်း အတိုင်းအတာတစ်ခုအထိ တက်ရောက်ပညာ သင်ကြားလျက်ရှိသည်။
ပညာသင်ကြားရေး နှောင့်နှေးမှုများရှိပါက လူငယ်လူရွယ်များဘဝအတွက် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်သည့်အပြင် နိုင်ငံ၏အနာဂတ်တွင် ပညာတတ်လူသား အရင်းအမြစ်ဖြစ်ထွန်းရေး၌ နှောင့်နှေးနစ်နာမှုများဖြစ်ပေါ်ခဲ့သည်။ အကြမ်းဖက် အဖွဲ့များနှင့် အကြမ်းဖက်သမားများက ကျောင်းပေါင်း ၅၀၀ နီးပါးဖျက်ဆီးခဲ့ကြပြီး ပညာရေးဝန်ထမ်းများကိုလည်း သတ်ဖြတ်ခဲ့သည်။ မည်သည့်နိုင်ငံတွင်မဆို အစိုးရ ကို ဆန့်ကျင်တိုက်ခိုက်သူများသည် ပညာရေးကို ဖျက်ဆီးခြင်းမရှိချေ။ မြန်မာနိုင်ငံ တွင် ပညာရေးကဏ္ဍကို တိုက်ခိုက်ဖျက်ဆီးခြင်းသည် လူငယ်လူရွယ်များ၏အနာဂတ် ကိုဖျက်ဆီးခြင်းဖြစ်ပြီး တိုင်းပြည်အနာဂတ်ပျက်စီးရေးကို ပြုလုပ်ခြင်းဖြစ်၍ ယုတ်မာပက်စက်မှုများမှာ ကမ်းကုန်ခဲ့ပြီဖြစ်သည်။
မည်သို့ပင် ပညာရေးကို နှောင့်ယှက်ဖျက်ဆီးသော်လည်း လူသားအရင်းအမြစ် များ မဆုံးရှုံးစေရေးနှင့် လူငယ်လူရွယ်များ အနာဂတ်တိုးတက်ကောင်းမွန်ရေး အတွက် မြန်မာနိုင်ငံ၏ ပညာရေးတိုးတက်ကောင်းမွန်လာအောင် ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်လူသားအရင်းအမြစ်များ ပေါ်ထွက်လာအောင် ကြိုးပမ်းစွမ်းဆောင်ကြ ပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။