ကျေးလက်ဒေသများ သန့်ရှင်းသာယာရေးအတွက် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်

 

ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်မှစတင်၍ အကောင်အထည်ဖော်လျက်ရှိသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်   ဆည်မြောင်းဝန်ကြီးဌာန၊   ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက     အကောင်အထည်ဖော်လျက်ရှိသည့် အဆိုပါစီမံကိန်းကို လူထုဗဟိုပြုစီမံကိန်းကျေးရွာများ၊ မြစိမ်းရောင် စီမံကိန်း ကျေးရွာများ၊ ကျေးရွာအသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေ မြှင့်တင်ရေးစီမံကိန်းကျေးရွာများ၊ ကျေးရွာဖွံ့ဖြိုးရေးစီမံချက် ရေးဆွဲ သော   ကျေးရွာများ၊   အိမ်သွယ်ရေတိုင်စနစ်ရှိသော    ကျေးရွာများ၊ အဆိုပါ    စီမံကိန်းကို   ဆောင်ရွက်ရန်ဆန္ဒရှိသော    ကျေးရွာများ၊ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ (သို့မဟုတ်) သဘာဝခရီးသွားဒေသ ကျေးရွာများတွင်  ဦးစားပေးဆောင်ရွက်နေခြင်းဖြစ်သည်ဟု သိရ သည်။

 


မိရိုးဖလာအားဖြင့် ကျေးလက်ဒေသများ၏ စွန့်ပစ်အမှိုက်များမှာ ဆွေးမြည့်နိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို မထိခိုက်နိုင်သော အမှိုက် များက အများစုဖြစ်သည့်အတွက် လှည်းကျင်းသန့်ရှင်းပြီး တစ်နေရာ တွင် ပုံ၍ မီးရှို့၊ ကျင်းထဲထည့်၍ဖို့၊ အချို့ကိုလည်း မြစ်ချောင်းများတွင် စွန့်ပစ်ခဲ့ကြခြင်းဖြစ်သည်။ သို့ရာတွင် ကျေးလက်ဒေသများ၏ လူနေမှု စနစ်များ      ပြောင်းလဲလာပြီး    နေထိုင်စားသောက်မှုများ     မြို့ပြနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်လာသောအခါ ကျေးလက်မှစွန့်ပစ်အမှိုက် များသည်လည်း မြို့ပြနှင့်မခြားဖြစ်လာသည်။ ယင်းသို့သော အမှိုက် များကို  ရှေးအစဉ်အဆက်က  နည်းလမ်းများဖြင့်  ဖြေရှင်း၍လည်း မရတော့သည့် အခြေအနေဖြစ်လာသည်။

 


စွန့်ပစ်အမှိုက်များကို အမျိုးအစားခွဲကြည့်ပါက ဆွေးမြည့်နိုင် သည့် သီးနှံဘေးထွက်အမှိုက်၊ ပန်း၊ သစ်ရွက်၊ သစ်သီးခွံများ၊ ပြန်လည် သန့်စင်သုံးစွဲနိုင်သည့်  စက္ကူ၊  ပလတ်စတစ်၊  ဖန်ထည်၊  မှန်ထည်၊ သတ္တု၊ အဝတ်အထည်များ၊ ဆိုင်ကယ်၊ ကားတာယာဟောင်းများ၊  အဆိပ် အတောက်ဖြစ်စေနိုင်သည့် ဘက်ထရီဟောင်း၊ ပိုးသတ်ဆေး  ဘူးခွံများ၊ မီးလုံး၊ မီးချောင်း၊ ရက်လွန်ဆေးဝါးများ၊ ဓာတ်မြေဩဇာများ၊ ဆေးရုံ ဆေးခန်းထွက် အမှိုက်များ စသည်တို့ကို တွေ့ရမည်ဖြစ်သည်။ အဆိုပါအမှိုက်များအနက် အချို့အမှိုက်များမှာ ရေအရင်းအမြစ်များကို အဆိပ်သင့်ညစ်ညမ်းစေသည်။      အချို့က    လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေသည်။ အချို့စွန့်ပစ်အမှိုက်မျာ ကြောင့် သက်ရှိသတ္တဝါများ ဘေးဒုက္ခရောက်ကြရပြီး အချို့ဇီဝမျိုးစိတ် များ ပျောက်ကွယ်သွားကြရသည်။ သို့ဖြစ်ရာ အမှိုက်ကို လက်လွတ် စပယ်   ပြီးစလွယ်  မပစ်ရန်နှင့်   စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်ဖြင့် စွန့်ပစ်ရန် လိုအပ်လာသည်။

 


ယင်းစနစ်မှာ 3R ဟု ခေါ်ဆိုကြသည့် အမှိုက်ထွက်မှုလျှော့ချခြင်း (Reduce) ၊ ပြန်လည်အသုံးပြုခြင်း (Reuse) နှင့် ပြန်လည်အသုံးချ တီထွင်ခြင်း (Recycle) တို့ဖြစ်သည်။ ပလတ်စတစ်အပါအဝင် အမှိုက် ဖြစ်စေသည့်အရာများ သုံးစွဲမှုလျှော့ချခြင်း၊ အစားအသောက်ထည့်ရန်  ဘူး၊ ချိုင့်၊ ခြင်း စသည်တို့သုံးစွဲခြင်း၊ မလိုသည့်ပစ္စည်းကို မဝယ်မသုံး ခြင်းနည်းလမ်းများဖြင့် လျှော့ချကြရမည်ဖြစ်သည်။

 


အချို့အသုံးပြုနိုင်သောပစ္စည်းများကို ပြန်လည်အသုံးပြုခြင်းဖြင့် ကျေးရွာပတ်ဝန်းကျင်၌ အမှိုက်လျော့ကျစေသည်။ ပြန်လည်အသုံးချ တီထွင်ခြင်းကိုမူ  မိမိတို့ပြုလုပ်နိုင်ခြင်းမရှိပါက  ပြုလုပ်နိုင်သည့် အခြားနေရာသို့  ပို့ဆောင်ပေးကြခြင်းဖြင့်  အမှိုက်ရှင်းလင်းစေပြီး ဝင်ငွေအချို့လည်း ရရှိနိုင်သည်။

 


ကျေးရွာအမှိုက်စီမံခန့်ခွဲမှုတွင် ဒေသခံရွာနေပြည်သူများနှင့်သာ ကော်မတီ    ဖွဲ့စည်းဆောင်ရွက်ကြခြင်းဖြစ်ပြီး   စဉ်ဆက်မပြတ် ဆောင်ရွက်သွားနိုင်သည့် နည်းလမ်းများဖြစ်သည့်အတွက် အဆိုပါ စနစ် မှန်ကန်စွာလည်ပတ်နိုင်သည်နှင့်အမျှ ကျေးလက်ဒေသများ၏ လူမှုပတ်ဝန်းကျင်များနှင့်     သဘာဝပတ်ဝန်းကျင်များ    တိုးတက် ကောင်းမွန်လာမည်ဖြစ်သည်။ အမှိုက်ကင်းစင်သည့်ကျေးရွာများ အဖြစ်   သန့်ရှင်းသာယာလှပလာမည်ဖြစ်သလို   ကျေးလက်ပြည်သူ များအတွင်း   အဖွဲ့အစည်းနှင့်  စနစ်တကျ  ပူးပေါင်းဆောင်ရွက် တတ်သည့်  အလေ့အကျင့်ကောင်းများလည်း   ဖြစ်ပေါ်လာနိုင်မည် ဖြစ်ရာ     ကျေးရွာစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်ကို    ကျေးရွာတိုင်း က   ကျင့်သုံးနိုင်ကြခြင်းဖြင့်  မိရိုးဖလာကျေးရွာဝါဒကို  ပြောင်းလဲ နိုင်ကြပါစေကြောင်း။           ။