မြန်မာနိုင်ငံ၏ တတိယမြောက် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေး

 

 

ရခိုင်ပြည်နယ် မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်း ရေး ဆောင်ရွက်လျက်ရှိရာ လာမည့် ၂၀၂၃ ခုနှစ် ဇွန်လ သို့မဟုတ် ဇူလိုင်လတွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ ကျင်းပမည့် ကုလသမဂ္ဂ ပညာ ရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အစည်းအဝေးတွင် မြောက်ဦးဒေသကမ္ဘာ့ အမွေအနှစ်စာရင်းဝင်သည့် ကိစ္စမှာ အဆုံးအဖြတ်ဖြစ်လာနိုင်မည်ဖြစ် သည်။  မြန်မာနိုင်ငံတွင် ဟန်လင်း၊ ဗိဿနိုး၊ သ‌ရေခေတ္တရာ ရှေးပျူ မြို့ဟောင်းများသည် ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၂ ရက်တွင်လည်းကောင်း၊ ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသသည် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၆ ရက်တွင်လည်းကောင်း ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ် ခံရပြီး ဖြစ်သည့်အတွက် မြောက်ဦးသည် မြန်မာနိုင်ငံ၏ တတိယ မြောက်ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်လာမည် ဖြစ်သည်။
မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေးအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်းက စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် အဆိုပြု စာတွဲ(မူကြမ်း) Nomination Dossier(Draft) ကို  ကမ္ဘာ့အမွေအနှစ်‌ ကော်မတီသို့    တင်သွင်းခဲ့သည်။   ၂၀၂၀ ပြည့်နှစ်    ဇန်နဝါရီလတွင် အဆိုပြုစာတွဲ(မူချော)ကို တင်သွင်းခဲ့ပြီးဖြစ်သော်လည်း နယ်မြေ အခြေအနေနှင့်    ကိုဗစ်-၁၉  ကပ်ရောဂါ အခြေအနေတို့ကြောင့် ဆက်လက်လုပ်ဆောင်ရမည့်   နောက်ဆက်တွဲလုပ်ငန်းစဉ်များကို ဆိုင်းငံ့ထားခဲ့ရပြီး  တစ်နှစ်ခန့် နောက်ဆုတ်သွားခဲ့ရခြင်းဖြစ်သည်။ ယင်းကာလအတွင်း ရှေးဟောင်းဇုန်နယ်နိမိတ်အတွင်း ကျူးကျော် အိမ်များ ဝင်ရောက်ဆောက်လုပ်နေထိုင်ခြင်း၊ အမှိုက်များ စွန့်ပစ်ခြင်း၊ တောင်မြေများတူးခြင်း၊  ကျုံးကို  မြေဖို့ခြင်းတို့ကို   ပြုလုပ်ကြခြင်း ကြောင့်  ကမ္ဘာ့အမွေအနှစ်စာရင်းဝင်  ဖြစ်ရေးအပေါ်   ထိခိုက်မှုများ ရှိလာနိုင်သည့်အတွက်  စိုးရိမ်ပူပန်မှုများလည်း   ထွက်ပေါ်လာသည်ဟု  သိရသည်။
မြောက်ဦးသည် သဲကျောက်ယဉ်ကျေးမှုဟု ဆိုရလောက်အောင် ထူးထူးခြားခြား သဲကျောက်များနှင့် ထွင်းထုတည်ဆောက်ထားခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် ယင်းတစ်နေရာတည်း၌သာ တွေ့ရှိနိုင်သည့် ရှေးဟောင်းအမွေအနှစ်များ အမြောက်အမြား စုဝေးတည်ရှိရာ ဒေသ လည်း ဖြစ်သည်။ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရေးအတွက် ယူနက် စကိုသို့ တင်သွင်းရာတွင် ရှေးဟောင်းကျုံး၊ မြောင်း၊ ခံတပ်၊ နန်းတော် ကုန်း၊  နန်းဓလေ့၊  ညီလာခံကျင်းပသည့်နေရာ၊  ပေါ်တူဂီ၊  ဒတ်ချ် ကုန်တိုက်များ၊ ဒင်္ဂါးများ၊ သင်္ဘောဒေါက်များ၊ စပါးကျီရာ၊ စဉ့်ဖိုရာများ အပါအဝင် ယဉ်ကျေးမှုအမွေအနှစ် ၂၅ မျိုးပါဝင်ရာ ယင်းတို့နှင့် ပတ်သက်၍ နိုင်ငံတကာအထိမ်းအမှတ်အဆောက်အအုံနှင့် နေရာ ဒေသများကောင်စီမှ    ပညာရှင်များ၏   ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်မှုကို ခံယူရမည်ဖြစ်သည့်အတွက် ကျူးကျော်နေထိုင်မှုများ အပါအဝင် မူလအနေအထားများကို တစ်စုံတစ်ရာ ထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေရန် ကာကွယ်ထိန်းသိမ်းကြရေး လူတိုင်းတွင် တာဝန်ရှိ သည်။
မြောက်ဦးဒေသကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေးသည် အကြောင်းအမျိုးမျိုးကြောင့် တစ်ကြိမ်မက နှောင့်နှေးခဲ့ရာ နယ်မြေ မတည်ငြိမ်ခြင်းက အဓိကအကြောင်းတစ်ရပ်ဖြစ်သည်။ လက်ရှိကာလ တွင်  တည်ငြိမ်အေးချမ်းမှုရရှိလာခြင်းကြောင့် ဆောင်ရွက်ဆဲရပ်တန့် ခဲ့ရသည့်     လုပ်ငန်းစဉ်များ  ဆက်လက်ဆောင်ရွက်နိုင်ခြင်းဖြစ်ရာ ပြီးမြောက်အောင်မြင်ရေးအတွက် မြောက်ဦးဒေသကို ချစ်မြတ်နိုး သူတိုင်းက    ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်   လိုအပ်သည်။ ကြီးကျယ်ခမ်းနားခဲ့သည့် မြောက်ဦး၏  ယဉ်ကျေးမှုအမွေအနှစ်များ ကို  ကမ္ဘာသို့ ထုတ်ဖော်ပြသနိုင်ရေး၊ ကမ္ဘာ့အမွေအနှစ်ဝင်ရေးအတွက် မနှောင့်မနှေးရအောင် ကြိုးပမ်းနိုင်ကြပါစေကြောင်း။      ။