နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်၏တာဝန်ကို လွှဲပြောင်းထမ်းဆောင်ခဲ့ရသည်မှာ လာမည့်ဖေဖော်ဝါရီလ ၁ ရက် နေ့တွင် တစ်နှစ်တင်းတင်းပြည့်ပြီဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲမသမာမှုများကို အကြောင်းပြု၍ ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအပြောင်းအလဲနှင့်စပ်လျဉ်း၍ ဆန္ဒပြမှုများမှတစ်ဆင့် ရုန်းရင်းဆန်ခတ်မှုများ၊ ဆူပူဖျက်ဆီးမှုများ၊ အကြမ်းဖက်တိုက်ခိုက် မှုများ၊ ဖောက်ခွဲဖျက်ဆီးသတ်ဖြတ်မှုများ အဆင့်ဆင့်တို့ ပြီးခဲ့ သည့် တစ်နှစ်တာအတွင်း ဖြစ်ပေါ်ခဲ့သည်။ တစ်ဖက်တွင်လည်း ၂၀၂၀ ပြည့်နှစ် အစောပိုင်းကပင် မြန်မာနိုင်ငံသို့ ကူးစက်ဝင်ရောက် ပျံ့နှံ့လာခဲ့သည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါလှိုင်း အရှိန်မြှင့် ရိုက်ခတ်လာသည့် အခြေအနေတို့ကိုလည်း ကြုံတွေ့ခဲ့ရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော်တာဝန် လွှဲပြောင်းထမ်းဆောင်မှုအပေါ် စစ်ဘက်မှ အာဏာသိမ်းမှုအဖြစ် လည်းကောင်း၊ စစ်တပ်က နိုင်ငံကို ထာဝရသိမ်းပိုက်အုပ်ချုပ် သွားမည့် ကြံစည်မှုအဖြစ်လည်းကောင်း၊ ပြည်တွင်း ပြည်ပမှ အဖျက်အမှောင့်သမားများနှင့် မီဒီယာများက မမှန်မကန် ထုတ်လွှင့်မှုများနှင့် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုများ ပျက်ပြားအောင် သွေးထိုးလှုံ့ဆော်မှုများပြုလုပ်ခဲ့ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည် ချက် (၉) ရပ်တို့ကို အတိအလင်းထုတ်ပြန်၍ ပြည်သူလူထုအား ပွင့်လင်းစွာ အသိပေးခဲ့သည်။ ပြီးခဲ့သည့် တစ်နှစ်တာကာလ အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရှေ့လုပ်ငန်းစဉ် (၅)ရပ်ပါ လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းအကောင် အထည်ဖော်ခဲ့ရာတွင် အခက်အခဲ၊ အကျပ်အတည်းများ၊ အဖျက် အမှောင့်၊ အတားအဆီးများတို့ကို များစွာကြုံတွေ့ခဲ့ရသကဲ့သို့ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကြောင့် အောင်မြင်မှုများလည်း ရရှိခဲ့သည်။
အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်း မြန်မာ နိုင်ငံသို့ ဝင်ရောက်လာခဲ့ချိန်တွင် ဗီဇပြောင်းမျိုးကွဲသစ် ဒယ်လ်တာဗိုင်းရပ်စ်ကြောင့် ပြည်သူလူထုအတွင်း ရောဂါ ကူးစက်ပျံ့နှံ့မှု ရုတ်တရက်မြင့်မားစွာ ထိုးတက်သွားမှုနှင့်အတူ ရောဂါပြင်းထန်မှုကြောင့် ဆေးရုံတက်ရောက် ကုသရသည့် လူနာအရေအတွက် လွန်စွာများပြားခြင်း၊ သေဆုံးမှုနှုန်း မြင့်မား ခြင်းတို့ ဖြစ်ပေါ်လာခဲ့သည်။ ထိုကာလအတွင်း ဆေးရုံများနှင့် ကုသရေးစင်တာများတွင် မတန်တဆ ဝန်ပိုထမ်းဆောင်ခဲ့ကြရပြီး ဆေးရုံခုတင် လိုအပ်ချက်၊ ဆရာဝန် ဆရာမ လိုအပ်ချက်၊ ဆေးနှင့် ဆေးပစ္စည်း၊ အောက်ဆီဂျင်လိုအပ်ချက်များ၊ လူနာများ သယ်ယူ ပို့ဆောင်ရေး၊ သေဆုံးလူနာများ သယ်ယူရေးနှင့် သင်္ဂြိုဟ်ရေးတို့ တွင်လည်း အခက်အခဲများစွာ၊ စိန်ခေါ်မှုများစွာတို့နှင့် ရင်ဆိုင်ခဲ့ရ သည်။ ကိုဗစ်-၁၉ တတိယလှိုင်းကာလအတွင်း တာဝန်ကျေပွန်၍ ကျင့်ဝတ်မြဲမြံသည့် ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်း များ၊ တပ်မတော်ဆေးဘက်ဆိုင်ရာအရာရှိ၊ အကြပ်စစ်သည်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ၊ ပြည်သူများစုပေါင်း ဆောင်ရွက်မှု စွမ်းပကားကြောင့် ကပ်ရောဂါကို ထိန်းချုပ်နိုင်ခဲ့ ခြင်းမှာ မှတ်တမ်းတစ်ခုပင်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်နှင့်အညီ ဆောင် ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင် ရေး ဆက်လက်ဆောင်ရွက်သွားမည့်အချက် ပါဝင်သည်ကို အားလုံးသိကြပြီးဖြစ်ရာ အချိန်နှင့်တစ်ပြေးညီ လုပ်ငန်းများ ပြီးမြောက်အောင်မြင်ရေး ဆောင်ရွက်ကြရန် လိုအပ်သည်။ ညီညီ ညွတ်ညွတ် စုပေါင်းဆောင်ရွက်မှုသည် အရာရာကို ဖန်တီးနိုင် သည့် စွမ်းပကားကို ပေါ်ထွက်လာစေနိုင်သည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက် နိုင်ရေးဆီသို့ ဦးတည်၍ စုပေါင်းညီညာ အားထုတ်ကြိုးပမ်း ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။
Remark Type