ငြိမ်းချမ်းသော ပြည်ထောင်စုဆီ

Type

ကိုဇော်ဌေး(ယဉ်ကျေးမှု) 

==============

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ တို့ စုပေါင်းနေထိုင်သော နိုင်ငံဖြစ်သည်။ နိုင်ငံတော် ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်ထား သည်။ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေးသည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏          ပူးပေါင်း ဆောင်ရွက်မှု လိုအပ်သည်ဟု  နှလုံးသွင်းထားသင့် သည်။ 
“ငြိမ်းချမ်း”ကို   ဆူပူလှုပ်ရှားထကြွခြင်း၊ နှောင့်ယှက်ခြင်းကင်းသည်ဟု      လည်းကောင်း၊ “ငြိမ်းချမ်းရေး” ကို ဆူပူလှုပ်ရှားထကြွခြင်း၊ စစ်မက် စသည်တို့ ကင်းမဲ့သောအဖြစ်ဟု လည်းကောင်း မြန်မာအဘိဓာန်ကဖွင့်ဆိုသည်။ စင်စစ် ရန်လိုမှုနှင့် အကြမ်းဖက်မှုကင်းစင်လျက် လူမှုအသိုက်အဝန်း၌ ချစ်ကြည်မှုနှင့်     သဟဇာတဖြစ်မှုကိုရှေးရှုသည့် သဘောတရားပင်ဖြစ်တော့သည်။    စားကောင်း သောက်ဖွယ်တို့ကို စားသောက်ရ၍ ဝမ်းဝကျေနပ်ရ သလို စီးဆင်းနေသောသွေးတို့ ပေါင်းစပ်ရာမှ ရလာ သော စကားလုံးသည် ချိုမြိန်သည်သာဖြစ်သည်။ ချိုမြိန်သောနှုတ်ဖျားမှ       “ငြိမ်းချမ်းရေး”သည် လူတစ်ဦးချင်းစီ၏ လွတ်မြောက်မှုပင်ဖြစ်သည်ဟု ပြောနိုင်သည်။ 


“ပြည်ထောင်စု”ကို  ပြည်နယ်နှင့်  တိုင်းများ  ပေါင်းစည်း၍ ဗဟိုအာဏာပိုင်အဖွဲ့က စီမံခန့်ခွဲသည့် နိုင်ငံဟု မြန်မာအဘိဓာန်က ဖွင့်ဆိုသည်။ ‘a whole formed from parts or  members’  ဟုလည်း ဆိုနိုင်သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေက လည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို တိုင်းဒေသကြီး ခုနစ်ခုနှင့်   ပြည်နယ်ခုနစ်ခုတို့ဖြင့် ပေါင်းစည်းသတ်မှတ်ပြဋ္ဌာန်းထားသည်။   အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ မှီတင်းနေထိုင်ကြသည်။ 


ပြည်ထောင်စုကိုမွေးဖွားခြင်း 


ပြည်ထောင်စုနေ့သည်       ပြည်ထောင်စု ပေါ်ပေါက်လာရခြင်း၏    နောက်ခံသမိုင်းကြောင်း လည်းဖြစ်သည်။ ဗြိတိသျှအစိုးရလက်အောက်တွင် ၎င်းတို့သည် မြန်မာနိုင်ငံကြီးအား ရေရှည်အုပ်ချုပ် နိုင်ရန် တိုင်းရင်းသားများအပေါ် သွေးခွဲအုပ်ချုပ်ရေး စနစ်ကို ကျင့်သုံးခဲ့ကြသည်။ ဗြိတိသျှတို့၏အုပ်ချုပ် ရေးပရိယာယ်ကြောင့်   တိုင်းရင်းသားအချင်းချင်း ရင်းရင်းနှီးနှီးမရှိဘဲ    သွေးကွဲမှုများပင်ရှိခဲ့သည်။ ဗြိတိသျှတို့လက်အောက်မှ    လွတ်မြောက်ရေးကို အနှစ် ၇၀ မျှကာလပတ်လုံး ကြိုးစားရုန်းကန်ခဲ့ကြ ရသည်။ ထိုနှစ်ကာလများအတွင်း မြေပြန့်သားနှင့် တောင်တန်းသားတို့ တစ်ကြိမ်မျှ ပူးပေါင်းဆောင်ရွက် ခြင်းပင်မရှိခဲ့ကြချေ။   ဖက်ဆစ်ကိုတော်လှန်ချိန်မှ စကာ သွေးစည်းညီညွတ်ရေးလမ်းစပွင့်လာခဲ့ကြ သည်။   ဖက်ဆစ်ကိုတော်လှန်ပြီး   လွတ်လပ်ရေး အတွက် ဆက်လက်ကြိုးပမ်းကြရာတွင်မူ တောင်ပေါ်၊ မြေပြန့် မခွဲခြားတော့ဘဲ တိုင်းရင်းသားပေါင်းစုံတို့၏ ညီညွတ်မှုသည် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာသည် အထိ ဖြစ်တည်ကြတော့သည်။ 
၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ (တနင်္လာနေ့) တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှဝန်ကြီးချုပ် အက်တလီတို့သည် မြန်မာပြည်အား လွတ်လပ်ရေး ပန်းတိုင်ကို ပို့ဆောင်ပေးမည့်စာချုပ်ကို လက်မှတ် ရေးထိုးကြသည်။ ထိုစာချုပ်သည် “အောင်ဆန်း-အက်တလီ” စာချုပ်ဟု  ရာဇဝင်တွင်လေသည်။ ဘိလပ်မှ   ပြန်ရောက်ပြီးနောက်  ဗိုလ်ချုပ်သည် တောင်တန်းသားများကို ထပ်မံစည်းရုံးရပြန်သည်။ နယ်ချဲ့တို့ကလည်း အလျှော့မပေးပါချေ။ တောင်တန်း  ဒေသများကို ပြည်မမှခွဲထွက်နိုင်အောင် အစွမ်းကုန် ကြိုးစားလျက် သွေးခွဲလျက်ပင်ရှိသည်။ တောင်တန်း ဒေသများ၏ဆန္ဒကို   စုံစမ်းလေ့လာရန်ဟုဆိုကာ ဗြိတိသျှအစိုးရသည်    ဗြိတိသျှဒိုမီနီယန်ကလေး အာသာဘော်တွန်မ်လီ (Arthur Bottomley, M.P.) ကို မြန်မာပြည်သို့ စေလွှတ်လိုက်လေသည်။ 


သို့သော်လည်း     ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားမှုကို       အကြွင်းမဲ့ယုံကြည်ကြသော တောင်တန်းသားများသည် ဗြိတိသျှတို့၏စကားကို နားမယောင်ကြတော့ချေ။ ဗိုလ်ချုပ်၏ သမိုင်းဝင် စကားဖြစ်သည့် “လူဖြူဖြစ်စေ၊ လူမည်းဖြစ်စေ မည်သူ့ ကိုမျှ မကြောက်မရွံ့နှင့်။ ၎င်းတို့က တောင်တန်း သားများကိုမေးခဲ့လျှင်    တောင်တန်းလူမျိုးများက လွတ်လပ်ရေးကိုလိုချင်တယ်ဟု   ပြောရမည်ဖြစ် ကြောင်း၊  ခြောက်လျှင်လည်း  မကြောက်ကြနှင့်၊ ချော့လျှင်လည်း မပျော့ကြနှင့်၊ တောင်တန်းသား လူမျိုးများသည် မြန်မာပြည်ကဲ့သို့ တူညီသောအဆင့် အတန်းကို လိုချင်သည်ဟု ပြောရမည်ဖြစ်ကြောင်း၊ ဒါကို ယနေ့ပြောလိုက်ရင်   နက်ဖြန်အဆွေတို့ လွတ်လပ်ရေးရမည်” ဟူသည့် စကားကို နားထောင် ခဲ့ကြသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင်    “ပင်လုံစာချုပ်” ကို လက်မှတ်ရေးထိုးလိုက်ကြလေသည်။       ထိုနေ့ ထိုအချိန်မှစတင်ကာ ပြည်ထောင်စုဟူသော စကား လုံးကို မွေးဖွားခဲ့ကြသည်။  “ပြည်ထောင်စု မြန်မာ နိုင်ငံ”ဟု ခေါ်ဆိုနိုင်ခဲ့ကြသည်။ 


ပြည်ထောင်စုကို လွတ်လပ်ခြင်း၊ တရားမျှတ ခြင်း၊ တန်းတူညီမျှခြင်းတည်းဟူသော လောက ပါလတရားတို့အပေါ်တွင်  အခြေခံ၍   နိုင်ငံရေး အသိုက်အမြုံတစ်ခုအား  တည်ဆောက်လိုက်ကြ ခြင်းပင်ဖြစ်သည်။   မတူညီသောအမြင်များဖြင့် အသိုက်အမြုံအတွင်း ယှဉ်တွဲနေထိုင်သူအချင်းချင်း ပွတ်တိုက်ထိခိုက်မှုများ ရှိကြလင့်ကစား သွေးစည်း ညီညွတ်မှုသည်    အင်အားဟူသော   ခံယူချက်ကို တည်ဆောက်နိုင်ခဲ့ကြသည်။     သို့ကြောင့်ပင် လွတ်လပ်ရေးသည်    စိန်ရတုနှစ်ကာလများထိ တိုင်     ချင်းနင်းဝင်ရောက်လာနိုင်ခြင်းဖြစ်သည်။ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲနိုင်ခြင်းဖြစ်သည်။ တည်တံ့ခိုင်မြဲသည့် ပြည်ထောင်စုကြီးကို ငြိမ်းချမ်း သာယာစေလိုသည့် စိတ်ဆန္ဒသည်  ပြည်ထောင်စု သား တိုင်းရင်းသားတို့၏ရင်ဝယ်  အမြဲတည်ရှိနေ လေသည်။ လက်ငါးချောင်းပင် တိုသောလက်ချောင်း ကတို၍  ရှည်သောလက်ချောင်းက  ရှည်သည်ကို တွေ့မြင်နေကြရသည်။ လူ့စိတ်လူ့သဘောဆိုသည် က ပိုမိုကွဲပြားခြားနားသည်ပင်ရှိတော့သည်။ မတူညီ သော အမြင်များ၏နောက်ဝယ် မငြိမ်းချမ်းမှုနှင့် ပဋိပက္ခများသည်     ထက်ကြပ်လိုက်ပါလာတော့ သည်။ ခါးသီးသောဖြစ်ရပ်များသည် သမိုင်းကြောင်း တစ်လျှောက် သင်ခန်းစာအဖြစ် ချန်ရစ်ကျန်ရစ်ခဲ့ သည်။  ပြည်ထောင်စုသား  တိုင်းရင်းသားတို့က ဆင်ခြင်ဉာဏ်သတိ၊ ညီညွတ်မှုရှိသော ဝီရိယတို့ ကြောင့်သာ ငြိမ်းချမ်းသော ပြည်ထောင်စုကြီးအဖြစ် တည်တံ့ခိုင်မြဲနေခြင်းဖြစ်သည်။ 


ငြိမ်းချမ်းရေးကို ဖော်ဆောင်သင့်သည် 


လွတ်လပ်ပြီးဖြစ်သော်လည်း   ဝါဒအမြင်များ ကြောင့်ပင် ပဋိပက္ခများသည် ပိုမိုရှင်သန်လာခဲ့သည်။ စကားလုံးများဖြင့် ဖြေရှင်းနေရာမှ လက်နက်စွဲကိုင် ဖြေရှင်းလာကြသည်။     လက်နက်ကိုင်ပဋိပက္ခ သက်တမ်းရှည်ကြာလာသည်နှင့်အမျှ   လက်နက် ကိုင်အဖွဲ့အစည်းဦးရေမှာလည်း တိုးပွားလာခဲ့သည်။ တိုင်းရင်းသားတို့ကလည်း    နိုင်ငံရေး၊  စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုနယ်ပယ်အသီးသီးတွင် မိမိ တို့ လူမျိုးအတွက် မိမိတို့ကိုယ်တိုင် လွတ်လပ်စွာ ဆုံးဖြတ်ခွင့်နှင့်   တာဝန်ယူပိုင်ခွင့် တာဝန်ခံပိုင်ခွင့် အပြည်အဝရရှိရေးဟူသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လိုလားကြသည်။ ပြောင်းလဲလာသော မြန်မာ့နိုင်ငံ ရေး  အခင်းအကျင်းအောက်ဝယ်  ပဋိပက္ခများကို နိုင်ငံရေးနည်းဖြင့် ဆွေးနွေးအဖြေရှာသည့် ခေတ်ကို ရောက်လာကြသည်။ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသည်  အရေးပါလာ တော့သည်။ တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက် မှု ရပ်စဲသည့်နေ့သည် တစ်နိုင်ငံလုံး  ငြိမ်းချမ်းရေး ရသည့်နေ့ဖြစ်ပါလိမ့်မည်။       ငြိမ်းချမ်းမှုနှင့်အတူ မလိုအပ်တော့သည့်             ဥပဒေများလည်း အလိုအလျောက် ရုပ်သိမ်းသွားမည်မှာ အသေအချာ ပင် ဖြစ်သည်။ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ စည်းလုံးချစ်ကြည်ညီညွတ်နေသရွေ့  ငြိမ်းချမ်းရေး တေးသံသည် ပျံ့လွင့်နေမည်သာဖြစ်သည်။ 


ပဋိပက္ခများသည် နှောင်းကာလမှ ဖြစ်ပေါ်လာ ခြင်းမဟုတ်ပါချေ။ နယ်ချဲ့တို့၏  သွေးထိုးစကား ကြောင့် လွတ်လပ်ရေးနှင့်အတူ ယှဉ်တွဲပါလာခြင်း ပင်ဖြစ်လေသည်။  နယ်ချဲ့သမားတို့၏ လက်ပါးစေ များကလည်း “ဗမာတွေက ခင်ဗျားတို့ကိုလိုက်လျော လှချည်လား၊ ဒါလောက်လွယ်တာဟာအကြောင်း တစ်ခုတော့ရှိမယ်၊ အရမ်းမလုပ်ဘဲ စဉ်းစဉ်းစားစား လုပ်ရင်ကောင်းမယ်” ဟုလည်းကောင်း၊ “ဗိုလ်ချုပ် ကို ကြည့်ပါလား၊  ဂျပန်စိတ်မပျောက်သေးဘူး၊ တော်တော်ကြာ ခင်ဗျားတို့ ဖက်ဆစ်လက်အောက် ရောက်သွားမှာပဲ”ဟုလည်းကောင်း ပြောဆိုသတင်း လွှင့်ချက်များက သက်သေပင်ဖြစ်သည်။ ထိုစကား ကို ယုံသည့်လူများလည်း ရှိသည်။  အမှား၊ အမှန် ချင့်ချိန်နိုင်သူတို့လည်းရှိသည်။ 


ချင်းအမျိုးသားခေါင်းဆောင်တစ်ဦးဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ  မြန်မာသံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးဝမ်ကိုဟော (မဆလခေတ်     နိုင်ငံတော်ကောင်စီဝင်ထိတိုင် တာဝန်ထမ်းဆောင်ခဲ့သူ)က   “အမှန်က    ဗမာ ခေါင်းဆောင်များနှင့် တောင်တန်းခေါင်းဆောင်များ ကြားတွင်ကြီးမားသော အထင်လွဲမှုမရှိခဲ့ပါ။ အထင်လွဲ မှု   အနည်းငယ်ရှိခဲ့သည်မှာ    တစ်ဦးနှင့်တစ်ဦး နားလည်မှုမရှိသောကြောင့်ဖြစ်ပါသည်။   ပညာမဲ့ သော   ဗမာများနှင့်      ပတ်ဝန်းကျင်အနီးအနားရှိ တောင်တန်းသားများ၊ ခေတ္တခဏမျှသာ တွေ့ခွင့်ရခဲ့ ရာ အပြန်အလှန် မယုံသင်္ကာဖြစ်မှုများ ရှိခဲ့ပါသည်။ သို့သော်လည်း လုရုံ၊ မီးရှို့ရုံမှတစ်ပါး အကြီးအကျယ်

တိုက်ခိုက်မှုများ မရှိခဲ့ပါ။  ဤသို့ဖြစ်ရသည်မှာလည်း    နယ်ချဲ့သမားများက  သွေးခွဲအုပ်ချုပ်ရေးပေါ်လစီအရ              အချင်းချင်းကို ခွဲထားသောကြောင့် ဖြစ်သည်ဟု        ဗိုလ်ချုပ်က  ကောက်ချက်ချပါသည်” ဟု    သူ၏ profile of a Burma Frontier  Man   စာအုပ်တွင်       ရေးသားထားသည်ကို     တွေ့ရ သည်။
  တိုင်းရင်းသားတစ်ဦး၏   စကားကရှင်းလှ သည်။   တိုင်းရင်းသားများကြားတွင်  ကြီးမားသော အထင်လွဲမှုမရှိခဲ့ပါ။  တစ်ဦးနှင့်တစ်ဦး နားလည်မှု    မရှိသောကြောင့်         အထင်လွဲမှုအနည်းငယ် ရှိခဲ့သည်မှာလည်း သဘာဝကျပါသည်။ ဗိုလ်ချုပ် အောင်ဆန်း၏ ကောက်ချက်စကားလာ   နယ်ချဲ့သမား များက သွေးခွဲအုပ်ချုပ်ရေးပေါ်လစီအရ အချင်းချင်း ကို       ခွဲထားသောကြောင့်ဖြစ်သည်ဆိုသည်ကို လည်း နားလည်လက်ခံထားကြသည်။ ထို့ကြောင့်ပင် တစ်ခေတ်တစ်ခါတစ်ချိန်ထိတိုင်    တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ရှည်ကြာစွာ တည်ဆောက် နိုင်ခဲ့ကြခြင်းဖြစ်သည်။ ၂၀၁၀-၂၀၂၀ ပြည့်နှစ်များ အတွင်း     ဗိုလ်ချုပ်အောင်ဆန်း  မျှော်မှန်းခဲ့သည့် “အနာဂတ်မှာဖြစ်ပေါ်လာမယ့်     ပြည်ထောင်စု မြန်မာနိုင်ငံသမ္မတရာထူးကို   လူမျိုးစုအသီးသီးက အလှည့်ကျယူရမယ်၊ တစ်နေ့သောအခါ ရှမ်းဖြစ်စေ၊ ချင်းဖြစ်စေ၊ ဗမာပြည်ရဲ့ဝန်ကြီးချုပ်ဖြစ်နေတာကို ခင်ဗျားတို့ တွေ့ရပါလိမ့်မယ်၊  ဗမာပြည်လွတ်လပ် ရေးရတဲ့အခါ၊ လွတ်လပ်ပြီးအချုပ်အခြာအာဏာနဲ့ ပြည့်စုံတဲ့နိုင်ငံများမှာရနိုင်တဲ့ အခွင့်အလမ်းအားလုံး ကို ခင်ဗျားတို့ ရကြပါလိမ့်မယ်”ဟု မိန့်မှာစကားနှင့် ညီညွတ်ခဲ့သည်ကို တွေ့မြင်ခဲ့ကြရသည်။ 


နိုင်ငံများ၏သမိုင်းကြောင်းကို လေ့လာကြည့် ပါက ပဋိပက္ခများနှင့် မတည်ငြိမ်မှုအကြား လူးလွန့် လျက်ရှိသည့်နိုင်ငံသည်  ဖွံ့ဖြိုးတိုးတက်မှုပုံရိပ်ကို ထိခိုက်နေသည်သာဖြစ်သည်။   ပဋိပက္ခများနှင့် မတည်ငြိမ်မှုများက   အရိပ်ပမာအုပ်မိုးထားသော ကြောင့် ပတ်ဝန်းကျင်နှင့် အခြားရပ်ဝန်း ကမ္ဘာတို့က သံသယအမြင်နှင့် ကြည့်ခြင်းကို   ခံရတတ်သည်။ သံသယအမြင်သည် အကူအညီပေးရေးကို တွန့်ဆုတ် စေပါသည်။ ကြာရှည်တည်မြဲသည့်တိုးတက်မှုနှင့် သာယာဝပြောမှုကို  ပိုမိုဝေးကွာစေသည်။ တိုင်းပြည် ဖွံ့ဖြိုးရေးနှင့်  တိုင်းရင်းသားတို့  စိတ်ချမ်းသာစွာ နေထိုင်လုပ်ကိုင်      စားသောက်နိုင်ရေးအတွက် ငြိမ်းချမ်းရေးသည်   အမှန်တကယ်လိုအပ်သည်။ ပါဝင်ပတ်သက်သူအားလုံးက    တန်းတူညီမျှမှုကို အခြေခံပြီး ပြည်ထောင်စုစိတ်ဓာတ်ဖြင့် မတူညီခြင်း ကို ခေတ္တမေ့ကာ  တူညီရာများကို ပေါင်းစပ်လိုသော စိတ်ဆန္ဒ၊ စေတနာ၊ မေတ္တာတို့အပေါ်တွင်  အခြေခံ သင့်သည်။   သို့မှသာ (၇၅)နှစ်မြောက်    စိန်ရတု ပြည်ထောင်စုနေ့ကာလတွင်       ငြိမ်းချမ်းသော ပြည်ထောင်စုအဖြစ် ဖြစ်သင့်ဖြစ်ထိုက် မြင်အပ် သော     နိုင်ငံရေးဇာတ်ညွှန်းကောင်းတစ်ပုဒ်ကို တွေ့မြင်နိုင်မည်ဖြစ်သည်။ 


ပဋိပက္ခစည်းဝိုင်းအတွင်း ရောက်ရှိနေကြသူ တို့သည်   ငြိမ်းချမ်းရေးအတွက်   ဘက်အလိုက် အလျော့ပေးကာ    သဘောတူညီမှုရယူခြင်းဖြင့် စတင်ကြသည်။ သဘောတူညီခြင်းသည် ယုံကြည် ခြင်းပင်ဖြစ်သည်။ ယုံကြည်ခြင်းသည် တန်းတူညီမျှ မှု၊ အပြန်အလှန်လေးစားမှု၊ အပြန်အလှန်ခွင့်လွှတ်မှု တို့ကိုဖြစ်ပေါ်စေသည်။ သဘောထားသေးသိမ်ပါက ငြိမ်းချမ်းရေးသည်  ဝေးကွာသွားတတ်ပြီး  ခွဲခြား ဆက်ဆံခံရပါက     ရေပေါ်အရုပ်ရေးသည့်ပမာ ဖြစ်တည်သွားရသည်။   စည်းဝိုင်းအတွင်းရှိနေကြ သူအားလုံးသည် တစ်ဦးကိုတစ်ဦး ယုံကြည်ကြခြင်း သည်သာ          လက်ချင်းတွဲကြခြင်းသဘောကို ဆောင်စေပါလိမ့်မည်။ စာချုပ်စာတမ်းလာ ဥပဒေ စကားလုံးများထက် ပြည်ထောင်စုစိတ်ဓာတ် ကိန်းဝပ် သော  ပြည်ထောင်စုသား ညီနောင်သွေးချင်းများ၏ နှလုံးသားသည်သာ  ငြိမ်းချမ်းသောပြည်ထောင်စု ကြီးကို ထာဝရတည်မြဲစေမည်ဖြစ်သည်။ 


စိန်ခေါ်မှုများကား ရှိဆဲပင်ဖြစ်သည်။ ပေးထား သောပုစ္ဆာကို   ရအောင်အဖြေထုတ်တတ်ဖို့     လိုပါ မည်။ ၂၀၂၂ ခုနှစ်တွင် ငြိမ်းချမ်းရေးအတွက် ခြေလှမ်း သစ်များစရမည်ဟု       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရက ပြောကြားထားသည်။ သက်ဆိုင် သူ အဖွဲ့အစည်းအားလုံး    ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်လာသည်။ မြန်မာနိုင်ငံကြီး ပိုမိုတည်ငြိမ်အေးချမ်းပြီး   သာယာဝပြောရန်နှင့် စားရေရိက္ခာဖူလုံစေရန် တိုင်းရင်းသားပြည်သူများ နှင့် တက်ညီလက်ညီ ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည်ဟုလည်းဆိုသည်။ ထို့ပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်နိုင်ငံ ပေါ်ထွန်းလာ ရေးကိုလည်း   ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောကြားသည်။ ပြောင်းလဲဖြစ်ပေါ်လာသည့် နိုင်ငံ ရေးအခြေအနေကြောင့် လှိုင်းဂယက်တို့  ထနေချိန် ဝယ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရ၏ ထုတ်ဖော်ပြောစကားသည် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခါသမယနှင့် ထူးခြားတိုက်ဆိုင် နေလေသည်။ တိုင်းရင်းသားတို့အတွက် စိတ်အေး  စရာပင်ဖြစ်ပါသည်။ 


ပြည်ထောင်စု     မြန်မာနိုင်ငံမည်တွင်သော ပြည်ထောင်စုကိုညီအောင်ပြုထားပါသည်။ ပြည်နယ် နှင့် တိုင်းများ တည်ထောင်စုပေါင်းထားပါသည်။ တိုင်းရင်းသားများ စည်လုံးညီညွတ်စွာ၊ ချစ်ကြည်စွာ မပြိုမကွဲ လက်တွဲထားပါသည်။ ဤပြည်ထောင်စု ကြီးသည်  ငြိမ်းချမ်းသောပြည်ထောင်စုကြီးပင် ဖြစ်ပါသည်။ (၇၅) နှစ်မြောက် စိန်ရတုကာလမှသည် ကာလ ကာလများထိတိုင်  စည်ပင်သာယာဝပြော ပြီး              ငြိမ်းချမ်းသောဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးရောက်သည့်တိုင်    တွဲလက်များ ခိုင်မြဲပါစေကြောင်း   ဆုမွန်ကောင်းတောင်းလိုက် ရပါတော့သည်။         ။
ကိုးကား    ၁။  အောင်သန်း၏      အောင်ဆန်း၊  
        ၁၉၆၉ ခုနှစ်၊   ဩဂုတ်လ၊   စတုတ္တ 
        အကြိမ်၊    ချစ်ကြည်ရေးစာပေ         တိုက်။ 
    ၂။    သုတပဒေသာစာစောင်၊ ၂၀၁၈ 
        ခုနှစ်၊ ဖေဖော်ဝါရီလ၊ အတွဲ(၄၅)၊ 
        အမှတ်(၂)၊ စာပေဗိမာန်ထုတ်။