ဥပဒေဘောင်အတွင်း နေထိုင်ခြင်းဖြင့် ဘေးကင်းရန်ကွာကြစေရာ

 

နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ပေါ်စေရန် ရည်ရွယ်သည့် လှုံ့ဆော်မှု များ လူမှုကွန်ရက်များတွင် ပျံ့နှံ့လျက်ရှိသည်။ ယင်းလှုံ့ဆော်မှု များကို အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH၊ NUG နှင့် ၎င်းတို့ ၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေ သော  အဖွဲ့အစည်း၊  လူပုဂ္ဂိုလ်များက  ၎င်းတို့၏  Facebook account များမှ ပြုလုပ်နေကြခြင်းဖြစ်သည်။

 


မြန်မာနိုင်ငံတွင်   ဖေ့စ်ဘွတ်လူမှုကွန်ရက်ကို  လူအများစုက အသုံးပြုလျက်ရှိကြရာ နေ့စဉ်လူမှုဘဝ၏ အစိတ်အပိုင်းတစ်ရပ် သဖွယ်ပင်ဖြစ်လျက်ရှိသည်။ ထို့အပြင် ဖေ့စ်ဘွတ်ကိုပင် အဓိက သတင်းအရင်းအမြစ်တစ်ခုအဖြစ် သုံးစွဲလာကြသည့်အတွက် အစဉ်အလာသတင်းမီဒီယာများကို အသုံးပြုမှု နည်းပါးသွားခဲ့ရာ အချို့မီဒီယာများမှာ ရပ်တည်ရန်ပင် ခက်ခဲသွားခဲ့သည်။ ဖေ့စ်ဘွတ် မှ သတင်းအချက်အလက်များ ရယူကြရာတွင် စိစစ်ဝေဖန်သုံးသပ် နိုင်မှု နည်းပါးသူများမှာ အများစုဖြစ်ကြပြီး လူမှုကွန်ရက်စာမျက် နှာတွင် တွေ့သမျှကို အမှန်ထင်၊ မဆင်မခြင် ထပ်ဆင့်ဖြန့်ဝေ၊ အများနည်းတူ မှတ်ချက်များ ဝင်ပေးကြသူများကို အချိန်နှင့်အမျှ တွေ့မြင်ကြရသည်။ အကြမ်းဖက်အဖျက်သမားများ၊ မသူတော် ဒုစရိုက်သမားများက လူမှုကွန်ရက်မှ လူတို့၏ အားနည်းချက်များ ကို အခွင့်ကောင်းယူ၍   ၎င်းတို့၏  အဖျက်လုပ်ငန်းများ၊  ဒုစရိုက် လုပ်ငန်းများ   အောင်မြင်စေရန်   အသုံးချလျက်ရှိကြသည်။ အကြမ်းဖက်အဖျက်သမားတို့က ဖေ့စ်ဘွတ်မှတစ်ဆင့် အဖျက် အမှောင့်ပြုလုပ်ကြရာတွင် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်း မှု ပျက်ပြားစေရေး၊ ပြည်သူလူထုအတွင်း အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရေးတို့အတွက် လှုံ့ဆော်သည့် နည်းလမ်း၊ ဝါဒဖြန့်သည့်နည်းလမ်း၊ ခြိမ်းခြောက် သည့် နည်းလမ်းများဖြင့် ပြုလုပ်နေကြခြင်းဖြစ်သည်။ 

 


နိုင်ငံရေးအစွန်းရောက်သမားများနှင့် အကြမ်းဖက်အားပေး သူများမှာ ရပ်ရွာများအတွင်း အသွင်အမျိုးမျိုးဖြင့် ရှိနေကြကာ မသိမသာ တွန်းအားပေးခြင်း၊ သွယ်ဝိုက်၍ ခြိမ်းခြောက်ခြင်း နည်းလမ်းများဖြင့်လည်း ဘေးတီးပေးလေ့ရှိကြရာ လူများစုအနေ ဖြင့်  ကြောက်တတ်ဝန်ကင်းဟူသကဲ့သို့ လိုက်ပါလုပ်ဆောင် ကြရသည်။ မည်သည့်အချိန်၊ မည်သည့်နေရာမှ ပေါ်ထွက်လာမည် မသိရသည့် ဥပဒေမဲ့ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက် သတ်ဖြတ် မှုများကို လက်နက်မဲ့၊ အပြစ်မဲ့ပြည်သူတို့ စိုးရိမ်ထိတ်လန့်ကြရ သည်မှာလည်း သဘာဝကျသည်ဟု ဆိုရမည်ဖြစ်သည်။ သို့ရာတွင် ဥပဒေရှုထောင့်မှ ကြည့်ပါက အကြမ်းဖက်သမားတို့ စေခိုင်းသည့် အတိုင်း လိုက်ပါလုပ်ဆောင်ခြင်းက  အကြမ်းဖက်သမားတို့နှင့် ပူးပေါင်းခြင်း၊  ၎င်းတို့ကို ထောက်ခံခြင်း၊ အားပေးခြင်းပင်ဖြစ် သည်။ ဥပဒေနှင့်ငြိစွန်းပါက၊ ဥပဒေကို ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှု၏နောက်တွင်    ပြစ်ဒဏ်က  ပါလာတော့မည်ဖြစ်သည်။ ဆိုင်ရာဥပဒေပုဒ်မများအလိုက်        ပြစ်ဒဏ်ချမှတ်ခံရပါက ထောင်ဒဏ်၊ ငွေဒဏ်တို့အပြင် မိမိတို့၏ ရွှေ့ပြောင်းနိုင်သော၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကိုပါ သိမ်းဆည်းခံရနိုင်သည်ကို သတိချပ်ကြရမည်ဖြစ်သည်။

 


ပြည်သူလူထုအနေဖြင့်     အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ပတ်သက်လျှင် ကြောက်တတ်၍ ဝန်မကင်းနိုင်သည်ကို အထူး သတိပြုကြရန်လိုသည်။ လူမှုကွန်ရက်များမှ လှုံ့ဆော်၍လည်း ကောင်း၊ ရပ်ရွာအတွင်း လူပြောသူပြောကြောင့်လည်းကောင်း၊ သံပုံးတီးဆိုလျှင်တီး၊ အပြင်မထွက်နဲ့ဟုဆိုလျှင် မထွက်၊ ဆိုင်မဖွင့် နဲ့ဟုဆိုလျှင် မဖွင့်စသည်ဖြင့် အလွယ်တကူ လိုက်ပါလုပ်‌ဆောင် နိုင်သည့် အပြုအမူများကို အကြမ်းဖက်အဖွဲ့အစည်းတို့က အစိုးရ ဆန့်ကျင်မှုများအဖြစ် ခေါင်းစဉ်တပ်ပေးလိုက်သောအခါ လိုက်ပါ ပြုလုပ်သူများမှာ အကြမ်းဖက်အဖွဲ့အစည်းနှင့် ပူးပေါင်းသူများ ဖြစ်သွားပြီး    အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်   ငြိစွန်း သည့်အဖြစ်သို့   ရောက်ရှိသွားမည်ဖြစ်သည်။  လက်နက်မဲ့သူ၊ အပြစ်မဲ့သူ    ပြည်သူလူထုအနေဖြင့်   အကြမ်းဖက်မှုများကို ထိတ်လန့်ကြောက်ရွံ့ပါက၊    မလိုလားပါက     အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် အင်တိုက်အားတိုက် ပါဝင်ကူညီခြင်း၊ ဥပဒေ ဘောင်အတွင်း ဥပဒေနှင့်အညီ နေထိုင်ခြင်းတို့ကသာ ဘေးဘယာ တို့  ဝေးကွာနိုင်မည်ဟု  အကျိုးမျှော်ကာ   နှိုးဆော်တိုက်တွန်း အပ်ပါကြောင်း။    ။