သတင်းတု၊ သတင်းမှားများ သတိထား

အယ်ဒီတာ့အာဘော်

=========

 

သတင်းတု၊ သတင်းမှားများ သတိထား

====================

 

မမှန်ကန်သောသတင်းများကို သတင်းတု သို့မဟုတ် သတင်းမှား သို့မဟုတ် ကောလာဟလသတင်းများဟု ဆိုပါသည်။ ထိုမမှန်ကန်သော သတင်းများ သည် ပုံမှန်အခြေအနေအချိန်အခါထက် ထူးခြားသောအခြေအနေ အချိန်အခါ တို့တွင် ပေါ်ထွက်လာတတ်ပါသည်။ အထူးသဖြင့် ပြည်သူလူထု စိုးရိမ်ပူပန်မှု မြင့်မားနေသောအချိန်၊ အသိုက်အဝန်းများအကြား အထင်အမြင် လွဲမှား နေသော အချိန်အခါတွင် မမှန်ကန်သောသတင်းများ ပေါ်ထွက်လာတတ် ပါသည်။

သတင်းတု၊ သတင်းမှားများသည် ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုကို အကြောင်းပြု၍ ပေါ်ပေါက်လာသော ဆိုးကျိုးများဖြစ်သည်။ တစ်နည်းဆိုလျှင် သတင်းတု၊ သတင်းမှားများသည် ပြည်သူလူထုစိုးရိမ်ပူပန်မှုဖြစ်အောင် တွန်းအားပေးသော အန္တရာယ်များဖြစ်ပြီး နောက်ဆက်တွဲအနေဖြင့် ဝိသမ လောဘသားများ၊ နိုင်ငံရေး၊ စီးပွားရေးအမြတ်ထုတ်လိုသူများ၊ မသမာသူ များ၏ တိုင်းပြည်တည်ငြိမ်မှုပျက်ပြားအောင် အနှောင့်အယှက်ပေးမှုများအထိ အန္တရာယ်ဖြစ်ပေါ်လာနိုင်သည်။

ထို့ကြောင့် သတင်းတု၊ သတင်းမှားများကို ဆင်ခြင်ဉာဏ်ဖြင့် သတိပြု ကြရမည် ဖြစ်သည်။ ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသောကာလတွင် သတင်းတု၊ သတင်းမှားများကို ပိုမိုသတိထားနိုင်ရမည်ဖြစ်သည်။ မှားယွင်း သောအချက်အလက်များကြောင့် ပြည်သူလူထုအတွက် ဆိုးကျိုးများ ဖြစ်နိုင်သည်ကို သတိမူနိုင်ကြစေရန် ဖြစ်သည်။ ကိုဗစ်-၁၉ ကာလတွင် အွန်လိုင်းမျက်နှာစာပေါ်မှ သတင်းအချက်အလက်များ ဖြန့်ဝေခြင်း၊ ကျန်းမာရေးဆိုင်ရာ အချက်အလက်များ ဖြန့်ဝေခြင်းတို့ ပြုလုပ်လာကြ သည်ကို တွေ့ရမည်ဖြစ်သည်။

ပြည်သူလူထု စိုးရိမ်ပူပန်မှုဖြစ်စေသော ကိုဗစ်-၁၉ ကာလတွင် သတင်း အချက်အလက်များသည် အလွန်အရေးပါပြီး သက်ဆိုင်ရာတာဝန်ရှိသည့်ဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တို့ထံမှ ဘက်ပေါင်းစုံကိုသိရှိပြီးမှသာ သတင်းကိုအတည်ပြု ဆုံးဖြတ်ချက်ချပေးရသည်။ ကိုဗစ်-၁၉ နှင့်ပတ်သက်သည့် ဖော်ပြချက် သည် မှန်ကန်သည့်အချက်အဖြစ် သေချာရန်လိုပြီး စိတ်ချရသည့် လင့်ခ်များ၊ အကိုးအကားများ၊ အရင်းအမြစ်များ၊ ထုတ်ဖော်ရေးသားသူ၏ အမည်စသည် ဖြင့် ခိုင်မာသည့်သတင်းအရင်းအမြစ်များပါရှိရန် လိုအပ်ပါသည်။ အဘယ် ကြောင့်ဆိုသော် သတင်းအချက်အလက်များကို ကြိုးကိုင်ချယ်လှယ်နိုင်ရန် ကျွမ်းကျင်သူပညာရှင်အတုများကို အွန်လိုင်းပေါ်တွင် အသုံးချလေ့ရှိသည်။

အွန်လိုင်းပေါ်တွင် လေ့လာနေသော ပြည်သူများအနေဖြင့် နေ့စဉ် တက်လာသော သတင်းများတွင် လုပ်ကြံသတင်း သို့မဟုတ် သတင်းအမှား ဟုတ်၊ မဟုတ် ခွဲခြားသိနိုင်အောင် ဆင်ခြင်တတ်ရမည်ဖြစ်သည်။ လုပ်ကြံ သတင်းသည် သတင်းအချက်အလက်အမှားဖြစ်ပြီး ပြည်သူလူထု အန္တရာယ် ဖြစ်စေရန် ရည်ရွယ်သည်။ သတင်းအမှားသည် သတင်းအချက်အလက် မှားဖြစ်သော်လည်း ပြည်သူလူထုအန္တရာယ်ဖြစ်စေရန် တမင်တကာ ဖန်တီး ထားခြင်းမဟုတ်ပေ။ မသမာသောသတင်းများသည် အဖြစ်အပျက်အမှန်ကို အခြေခံထားသော်လည်း ပြည်သူလူထုအန္တရာယ်ဖြစ်စေရန် ရည်ရွယ်ချက် ဖြင့် အသုံးပြုထားခြင်းဖြစ်သည်တို့ကို ပြည်သူလူထုအနေဖြင့် ခွဲခြားသိမြင် ထားရန် လိုအပ်ပါသည်။

ပြည်သူလူထုအနေဖြင့် နေ့စဉ်နှင့်အမျှ လူမှုကွန်ရက်များတွင် ဝင်ရောက်လေ့လာနေကြပြီး မိမိတို့နှစ်သက်သောသတင်းများ၊ စိတ်ဝင် စားသောသတင်းများကို ပြန်လည်မျှဝေတတ်ကြသည်။ ထိုအခါ ခလုတ် တစ်ချက်မနှိပ်ခင် စဉ်းစားဆင်ခြင်ရန်၊ သတင်းအချက်အလက်ကို မမျှဝေခင် စဉ်းစားဆင်ခြင်ရန် လိုအပ်ပါသည်။ မိမိမျှဝေမည့် သတင်းအချက်အလက် များသည် သတင်းမှားများလော၊ သတင်းတုများလော စဉ်းစားဆင်ခြင်ရန် လိုအပ်ပါသည်။ ယခုအခါ ကိုဗစ်-၁၉ နှင့်ပတ်သက်သည့် သတင်းအချက် အလက်အမှားများ၊ ယုံကြည်စိတ်ချမှု မရှိသောသတင်းများ၊ ထိတ်လန့်မှုဖြစ်စေ သော အကြောင်းအရာများ ပျံ့နှံ့နေသည်ကိုတွေ့ရပါသည်။

ကိုဗစ်-၁၉ နှင့်ပတ်သက်သည့် မှန်ကန်သည့် သတင်းအချက်အလက် များသည် လူအများ၏အသက်ကို ကယ်တင်နိုင်ပါသည်။ လုပ်ကြံသတင်း များသည် ကိုရိုနာဗိုင်းရပ်စ်ပိုးအသစ် ပြန့်ပွားအောင် အားပေးသည်နှင့် တူပါ သည်။ ယခုအချိန်အခါသည် ကိုရိုနာဗိုင်းရပ်စ်ပိုးအန္တရာယ်မှ ကာကွယ်နိုင်ရန် စုပေါင်းအင်အားဖြင့် တိုက်ဖျက်နေသော အချိန်အခါဖြစ်သည်။ ထိုအချိန်အခါ တွင် ပြည်သူလူထုကိုသော်လည်းကောင်း၊ အုပ်ချုပ်စီမံကုသဆောင်ရွက် နေသော အဖွဲ့အစည်းများကိုသော်လည်းကောင်း စိတ်ဓာတ်အင်အား တောင့်တင်းခိုင်မာအောင် ပြုလုပ်ပေးရမည့်အချိန်အခါဖြစ်သည်။ ဖန်တီး ထားသော သတင်းတုများ၊ သတင်းမှားများ၊ ကောလာဟလသတင်းအန္တရာယ် ထောင်ချောက်အတွင်း မသက်ဆင်းရလေအောင် ပြည်သူလူထုနှင့်အတူ အဖွဲ့အစည်းများက ကြိုးပမ်းတိုက်ဖျက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ သတင်းတုများ၊ သတင်းမှားများ၊ ကောလာဟလသတင်းများ ကို ခြေဖျက်ရန်မှာ ပြည်သူလူထုအနေဖြင့် နေ့စဉ်လူမှုကွန်ရက်ပေါ်မှ သတင်း များအား သတင်းအမှား၊ အမှန်ကို ခွဲခြားသိမြင်တတ်ရန်လိုအပ်ပြီး ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ နေ့စဉ်နှင့်အမျှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန် ပေးနေသော၊ နေ့စဉ်နှင့်အမျှ ကျန်းမာရေးအသိပညာများ ပေးဝေနေသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ချက်များအား အလေးထားသိမြင်မှတ်သားကာ လူမှုကွန်ရက်မှသတင်းများကို ဆင်ခြင် ဆန်းစစ်ကြည့်ရှုလေ့လာ မျှဝေအသိပေးကြရန် လိုအပ်ပါကြောင်း။ ။