
SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး ထပ်မံတွေ့ရှိရမှုနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း
(၂၇-၁-၂၀၂၂) ရက်နေ့
၁။ ကျန်းမာရေးဝန်ကြီးဌာနသည် “ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း” များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့် ပြန်လည်ဝင်ရောက်လာသူများတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့ရှိမှုများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးလျက်ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာပြီး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် ကိုဗစ်-၁၉ မျိုးရိုး ဗီဇပြောင်းရောဂါပိုးတွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာများအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇစစ်ဆေးခြင်းကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနတွင် (၂၇-၁-၂၀၂၂) ရက်နေ့က ဆောင်ရွက်ခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးကို ဓာတ်ခွဲနမူနာ (၂၈) ခုတွင် တွေ့ရှိရပါသည်။
၃။ အဆိုပါ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ မြန်မာနိုင်ငံသား (၂၈) ဦးမှာ Relief Flight များဖြင့် ဝင်ရောက်လာသူများဖြစ်ပြီး ထိုင်းနိုင်ငံမှ (၇) ဦး၊ မလေးရှားနိုင်ငံမှ (၇) ဦး၊ စင်ကာပူနိုင်ငံမှ (၆) ဦး၊ ကိုရီးယားနိုင်ငံမှ (၃) ဦး၊ ယူအေအီးနိုင်ငံမှ (၂) ဦး၊ အိန္ဒိယနိုင်ငံမှ (၂) ဦးနှင့် ဂျပန်နိုင်ငံမှ (၁) ဦး တို့ဖြစ်ကြပါသည်။
၄။ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူများအား သီးသန့်ထားရှိကာ ကုသစောင့်ရှောက် မှုများ ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့နှင့် လေကြောင်းခရီးစဉ်တွင် အတူလိုက်ပါလာ သည့် ခရီးသည်များအားလည်း အသွားအလာကန့်သတ်ခြင်း (Strict Quarantine) နှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများအား အထူးအားဖြည့် ဆောင်ရွက်လျက်ရှိပါသည်။
၅။ သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုး ဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်း လုပ်ငန်းများအား ပိုမိုအရှိန်မြှင့်ဆောင်ရွက်လျက် ရှိပါကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန