အာရှဖလားအမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မြန်မာနှင့် ဗီယက်နမ် တို့ နှစ်ဂိုးစီ သရေကျ

 

ရန်ကုန်  ဇန်နဝါရီ   ၂၇


အိန္ဒိယနိုင်ငံ၌  ကျင်းပနေသည့်   ၂၀၂၂   အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု (ဂ) နောက်ဆုံး နေ့ကို ယနေ့မြန်မာစံတော်ချိန်   မွန်းလွဲ  ၂ နာရီခွဲက ဆက်လက်ပြုလုပ်ရာ  မြန်မာနှင့် ဗီယက်နမ်အသင်း နှစ်ဂိုးစီသရေကျခဲ့သည်။

 


မြန်မာအမျိုးသမီးအသင်းအတွက် နစ်နာခဲ့သော ပွဲတစ်ပွဲဖြစ်ပြီး ဗီယက်နမ်ကို ခြေရည်တူကစား ကာ ဦးဆောင်ဂိုး  နှစ်ကြိမ်တိုင်   သွင်းယူနိုင်သော်လည်း သရေရလဒ်သာ    ရခဲ့သဖြင့်      ကွာတားဖိုင်နယ် တက်ရောက်ခွင့်     ဆုံးရှုံးခဲ့သည်။      မြန်မာနှင့် ဗီယက်နမ်အသင်းမှာ     ရမှတ်တစ်မှတ်စီတူညီခဲ့ သော်လည်း ဗီယက်နမ်အသင်းက ဂိုးကွာခြားချက် အသာရခဲ့သဖြင့် တတိယနေရာ ရရှိခဲ့ခြင်းဖြစ်သည်။  မြန်မာအသင်းသည် အုပ်စုမှ ထွက်ခဲ့ရသော်လည်း ခြေစစ်ပွဲထက် ကစားပုံပိုကောင်းခဲ့သလို ယခုပြိုင်ပွဲ တွင်    ကစားခဲ့သည့်   မြန်မာအမျိုးသမီးအသင်း ကစားပုံနှင့် စွမ်းဆောင်ရည်ကို အသိအမှတ်ပြုရ မည်ဖြစ်ပြီး    ယခုထက်   ပိုမိုတိုးတက်လာစေရန် နှင့်   လာမည့်ဆီးဂိမ်းပြိုင်ပွဲတွင်    အောင်မြင်မှုရ စေရန် ပံ့ပိုးပေးရန်သာ လိုအပ်နေသည်။

 


မြန်မာအသင်းသည်        ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့   ပြုလုပ်ခဲ့ပြီး     ကိုဗစ်-၁၉ ကူးစက်ခံရခြင်းမှ ပြန်လည်ကောင်းမွန်လာသည့် တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း ပြန်ပါလာပြီး မေဇင်နွယ်  (ဂိုး)၊ အေးအေးမိုး၊ ချစ်ချစ်၊ ဖြူဖြူဝင်း၊ စန်းသော်သော်၊ ခင်မိုမိုထွန်း၊  ခင်မာလာထွန်း၊  နော်ထက်ထက်ဝေ၊ မြတ်နိုးခင်၊   ခင်သန်းဝေ  တို့ဖြင့်   ပွဲထွက်ခဲ့သည်။ နှစ်သင်းစလုံး ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ၂၈ မိနစ်တွင် ဗီယက်နမ်နောက်တန်း ဖျက်ထုတ် ပုံကြမ်းတမ်းမှုမှတစ်ဆင့် မြန်မာအသင်း ပယ်နယ်တီ ကန်ခွင့်ရခဲ့ပြီး   ဝင်းသိင်္ဂီထွန်းက   သွင်းယူခဲ့သဖြင့် ဦးဆောင်ဂိုးရခဲ့သည်။     ဗီယက်နမ်အသင်းသည် ချေပဂိုးပြန်ရရန် ကြိုးပမ်းခဲ့ရာ ပထမပိုင်းပြီးခါနီးတွင် ငုယင်သီတူယက်ဒေါင်က သွင်းယူသည်။ ဒုတိယပိုင်း အစတွင် မြန်မာအသင်း ဒုတိယအကြိမ် ဦးဆောင် ဂိုးရခဲ့ပြီး အသင်းခေါင်းဆောင် ခင်မာလာထွန်းက  သွင်းယူခဲ့သည်။ ဗီယက်နမ်အသင်းအတွက် ချေပဂိုး ကို ၆၄ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် ဟူယင်နူက  သွင်းယူခဲ့သည်။

 


အုပ်စု (ဂ) အခြားပွဲတွင် လက်ရှိချန်ပီယံ ဂျပန်နှင့် တောင်ကိုရီးယားအသင်းတို့   တစ်ဂိုးစီ   သရေကျခဲ့ သည်။ အုပ်စုပွဲစဉ်များအပြီးတွင် ဂျပန်နှင့် တောင် ကိုရီးယားတို့က ခုနစ်မှတ်စီ၊ ဗီယက်နမ်နှင့် မြန်မာ တို့က တစ်မှတ်စီရခဲ့ပြီး ဂိုးကွာခြားချက်ဖြင့် ဂျပန် အသင်းက အုပ်စုပထမ၊ တောင်ကိုရီးယားအသင်းက အုပ်စုဒုတိယ၊ ဗီယက်နမ်အသင်းက အကောင်းဆုံး အုပ်စုတတိယနေရာရ ထိပ်ဆုံးနှစ်သင်းတွင် ပါဝင် ကာ ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့သည်။


ရဲရင့်လွင်