ကုန်လွန်ခဲ့သော နှစ်ကာလများ၊ အထူးသဖြင့် ၂၀၂၀၊ ၂၀၂၁ ခုနှစ် ကာလများ သည် မြန်မာ့နိုင်ငံရေးသမိုင်းကို အလှည့်အပြောင်းဖြစ်စေသော အကြောင်းတရား များ ဖြစ်ပေါ်ခဲ့သောကာလများဖြစ်သည်။ အဆိုပါကာလများကို အကြောင်းခံ၍ ယခု ၂၀၂၂ ခုနှစ်သည် ထူးခြားသောနှစ်၊ အရေးပါသောနှစ်ဖြစ်လာသည်။ ထူးခြား သောနှစ်ဖြစ်ရခြင်းတွင် ပိုမို၍အဓိပ္ပာယ်လေးနက်စေသည်မှာ ယခုနှစ် ၂၀၂၂ ခုနှစ် တွင် စိန်ရတုပြည်ထောင်စုနေ့နှင့် လာမည့်နှစ် ၂၀၂၃ ခုနှစ်တွင် စိန်ရတုလွတ်လပ် ရေးနေ့နှင့် တိုက်ဆိုင်နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် အစောပိုင်းကာလများကတည်းက ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံ (Least Development Country)ဖြစ်ခဲ့သည်။ မျက်မှောက်ကာလတွင်လည်း နိုင်ငံ ၏လူဦးရေ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်နေပြည်သူများဖြစ်ကြပြီး နိုင်ငံ့လူဦးရေ၏ ၃၀ ဒသမ ၄ ရာခိုင်နှုန်းမှာ ဆင်းရဲနွမ်းပါးသူများဖြစ်နေကြဆဲဖြစ်သည်။ ထို့ကြောင့် ဆင်းရဲမှုလျှော့ချရေးကို အစိုးရအဆက်ဆက် ကြိုးပမ်းဆောင်ရွက်ပြီး ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ မျက်မှောက်ကာလတွင် နိုင်ငံတော်ကို ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ကူးပြောင်းလျက် ရှိရာ ဆင်းရဲမှုလျှော့ချရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးလိုအပ်သည့်ကာလ ဖြစ်လာသည်။
ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်ကို အရေးပါသည့်နှစ်ဟုပြောကြားခဲ့ပြီး အရေးပါသော ဤနှစ်တွင် ဦးစားပေးဆောင်ရွက်ရမည့်အမျိုးသားရေး၊ နိုင်ငံရေး လုပ်ငန်းစဉ်များကို လမ်းညွှန်မှာကြားထားသည်။ ဆင်းရဲနွမ်းပါးမှုသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အဟန့်အတားတစ်ခုဖြစ်ပြီး ဆင်းရဲနွမ်းပါးမှု သိသာစွာ လျော့မကျပါက ဖွံ့ဖြိုးတိုးတက်မှုတုံ့ဆိုင်းပြီး အခြားနိုင်ငံများ၏ နောက်ဆုံးသို့ ရောက်ရှိမည်ဖြစ်၍ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
အရေးပါသောဤနှစ်တွင် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံ စေရေး အမျိုးသားရေးလုပ်ငန်းစဉ်နှစ်ခုနှင့် စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာအားကောင်းစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ ငြိမ်းချမ်းရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် နိုင်ငံရေးလုပ်ငန်းစဉ်နှစ်ခုတို့ကို အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
မကြာမီရောက်ရှိလာတော့မည့် စိန်ရတုပြည်ထောင်စုနေ့၊ စိန်ရတုလွတ်လပ် ရေး၏ ထူးခြားသည့်အနှစ်သာရများနှင့်ကိုက်ညီစေရန်အတွက် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေး၊ နိုင်ငံတော်၏အချုပ်အခြာအာဏာ ထာဝစဉ်ခိုင်မာစေရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအသီးအပွင့်များ ပြည့်စုံလာအောင် ကြိုးပမ်း ဆောင်ရွက်နေပြီဖြစ်၍ အရေးပါသော ယခုနှစ်တွင် ငြိမ်းချမ်းရေးခြေလှမ်းသစ်များ စတင်ကြရမည်ဖြစ်သည်။ ငြိမ်းချမ်းရေးခြေလှမ်းသစ်များ စတင်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ငြိမ်းချမ်းရေးအတွက် အစဉ်အမြဲတံခါး ဖွင့်ထားပြီး ခင်းကျင်းပြင်ဆင်ဆောင်ရွက်နေပြီဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ထာဝရငြိမ်းချမ်းရေးအတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ ညှိနှိုင်းရေးကော်မတီဟူသည့် ကော်မတီသုံးရပ်ဖွဲ့စည်းပေးခဲ့ပြီး ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်တွင် မူဝါဒ (၅) ရပ် ချမှတ်ခဲ့သည်။ ညှိနှိုင်းရေးကော်မတီသည် ယနေ့ကာလအထိ NCA လက်မှတ်ရေးထိုး ပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ၁၆ ကြိမ်၊ NCA တွင် လက်မှတ်ရေးထိုးခြင်း မပြုရသေးသည့် EAO များနှင့် ကိုးကြိမ်၊ နိုင်ငံရေးပါတီများနှင့် ခုနစ်ကြိမ်၊ ဘာသာရေးခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးအကျိုးဆောင် အဖွဲ့များနှင့် နှစ်ကြိမ် စုစုပေါင်း ၃၄ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုကဲ့သို့ တစ်နှစ်တာကာလအတွင်း အမျိုးသားစည်းလုံးညီညွတ်ရေး၊ ထာဝရ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်မှုများသည် နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူများ အကျိုးစီးပွားကိုရှေးရှု၍ အထူးဦးစားပေးဆောင်ရွက်ခဲ့သော လုပ်ငန်း စဉ်များဖြစ်သည်။ တစ်ဆက်တည်းတွင် အမျိုးသားနိုင်ငံရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက်လည်း အထူးဝါယမစိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံတော်ကြီး ခိုင်မာစွာဖြစ်ထွန်းရေး၊ ဆင်းရဲ နွမ်းပါးမှုလျှော့ချရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့အဖို့တွင် အလားအလာ ကောင်းများအဖြစ် မြင်တွေ့နေရသည်။
သို့ဖြစ်ရာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ကမ္ဘာ့အလယ်တွင် ဝင့်ကြွား ထည်ဝါစွာရပ်တည်နိုင်ရေးအတွက် ယခု ၂၀၂၂ ခုနှစ်တွင် အရေးကြီးသည့် နိုင်ငံရေး လုပ်ငန်းစဉ်များ၊ အမျိုးသားရေးလုပ်ငန်းစဉ်များ အောင်မြင်ဖြစ်ထွန်းရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ အဖွဲ့အစည်းများအားလုံး၊ တိုင်းရင်းသားပြည်သူများအားလုံး ဝိုင်းဝန်းလက်တွဲကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။