
ဆောင်းပါး
=======
စကားပြောခြင်း အတတ်ပညာ
=====================
ကောင်းမွန်
Public Speaking ကို အများရှေ့မှောက်မှာ မိန့်ခွန်း/စကားပြောကြားခြင်း၊ ပရိသတ်နဲ့ ထိရောက်တဲ့ ဆက်သွယ်ပြောဆိုမှု အတတ်ပညာ၊ ဒါမှမဟုတ် လုပ်ငန်းစဉ်တစ်ခုလို့ အဓိပ္ပာယ်ဖွင့်ဆိုလေ့ရှိကြပါတယ်။
ပရိသတ်ရှေ့၊ အများရှေ့မှောက်မှာ မိန့်ခွန်း/ စကား ပြောတယ်ဆိုတာ အပြောလွယ်သလောက်ရှိပေမယ့် ကြိုတင်ပြင်ဆင်ထားမှု မရှိရင်တော့ အတော်လေး မလွယ်လှတဲ့ ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်။ မိမိတို့ ပြောကြားမယ့် ဘာသာရပ်ကို ကောင်းစွာနားလည် တတ်ကျွမ်းထားဖို့လိုသလို တင်ဆက်ပြောဆိုမယ့် ဘာသာ စကားပိုင်း၊ အထူးသဖြင့် ကိုယ့်မိခင်ဘာသာစကား မဟုတ်ဘဲ အခြားဘာသာစကားတစ်ခုခုနဲ့ တင်ဆက် ပြောဆိုရမယ်ဆိုရင် ပိုင်နိုင်မှုရှိဖို့လိုမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အချို့အချို့သော ပုဂ္ဂိုလ်တွေအနေနဲ့ ပရိသတ် ရှေ့မှောက်မှာ ချောချော မွေ့မွေ့ ပြောဆိုဟောကြားနေကြ တာကိုလည်း မြင်ဖူး၊ တွေ့ဖူးကြမှာ ဖြစ်ပါတယ်။
လူအများရှေ့မှောက်ကို ထွက်၍ မိန့်ခွန်း/ စကား ပြောကြားရခြင်းမှာ စိုးရိမ်ဖွယ်ရာ ကိစ္စရပ်တစ်ခုအဖြစ် မှတ်ယူတတ်ကြပါတယ်။ ပရိသတ်ရှေ့ကိုထွက်ပြီး စကား ပြောရတော့မယ်ဆိုရင် အများအားဖြင့် စိုးရိမ်မကင်း ဖြစ်တတ်ကြပါတယ်။ စိတ်လှုပ်ရှားတတ်ကြပါတယ်။
လူအများရှေ့မှောက်မှာ မိန့်ခွန်း/စကားပြောရမှာ ကို စိတ်လှုပ်ရှားသူ၊ မနှစ်မြို့သူမှာ မိမိတစ်ယောက်တည်း မဟုတ်ကြောင်း နားလည်သဘောပေါက်ထားခြင်းဖြင့် မိမိကိုယ်ကို ဖြေသိမ့်အားပေးနိုင်မှာ ဖြစ်ပါတယ်။ အခြားအချက်တစ်ခုကတော့ စကားပြောရမယ့် စင်မြင့် အထက်မှာ စိုးရိမ်မှု၊ စိတ်လှုပ်ရှားမှုတို့ကြောင့် မိမိတို့ရဲ့ ခြေထောက်တွေပျော့ခွေပြီး မတ်မတ်မရပ်နိုင်တဲ့ အခြေ အနေမျိုးမှာ ရှိနေမယ်ဆိုရင် ယင်းထက် စိန်ခေါ်မှု ပိုမို များပြားတဲ့ဘဝမှာ မိမိအလိုရှိရာ ရည်မှန်းချက်ကို ရောက်ရှိဖို့ ပိုမိုခက်ခဲလိမ့်မယ်လို့ နှလုံးသွင်းခြင်းဖြင့် မိမိကိုယ်ကို အားပေးနိုင်မှာ ဖြစ်ပါတယ်။
အမှန်စင်စစ် အများရှေ့မှောက်စကားပြောခြင်းလို့ ဆိုပေမယ့် ပရိသတ်ဟာ အနည်းငယ်မျှသာ ရှိနိုင်သလို ထောင်နဲ့ချီတဲ့ ပရိသတ်လည်း ဖြစ်နိုင်ပါတယ်။ အရေးကြီးတဲ့ အချက်တစ်ခုကတော့ မိမိနဲ့ ပရိသတ် အကြား အပြန်အလှန်ဆက်သွယ်မှုရှိနေဖို့ ဖြစ်ပါတယ်။ လူအများရှေ့မှောက်မှာ မိန့်ခွန်း/ စကားပြောကြားခြင်း ဆိုတာ မိတ်ဆွေအနည်းငယ်နဲ့ စကားပြောကြားခြင်း နဲ့လည်း ပမာတူပြီး ထိတွေ့ပြောဆိုနေရတဲ့ ပရိသတ် အရေအတွက် ပိုမိုများပြားလာခြင်းသာ အဓိက ကွာခြားချက် ဖြစ်ပါတယ်။
သို့စေကာမူ လူတို့ဟာ အများရှေ့မှောက်မှာ စကား ထွက်ပြောရမယ် သို့မဟုတ် တင်ဆက်ပြောဆိုရမယ် ဆိုပါက စိုးရိမ်ထိတ်လန့်ကြတယ်။ စိတ်လှုပ်ရှားတတ်ကြ တယ်။ ဘယ်အတွက်ကြောင့် ယင်းကဲ့သို့ စိုးရိမ်ထိတ်လန့် ရကြောင်း လေ့လာကြည့်ပါက အများရှေ့မှောက်တွင် အမှားအယွင်း တစ်စုံတစ်ရာပြုလုပ်မိပြီး အရှက်တကွဲ အကျိုးနည်းဖြစ်မှာကို စိုးရိမ်ကြခြင်းသာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ ပြောဆိုတင်ဆက်မှုမှာ နှစ်သက်ဖွယ်ရာ မရှိဘူး၊ မကောင်းဘူးလို့ ဆုံးဖြတ်ခံရမှာကို စိုးရိမ်ကြခြင်းပဲ ဖြစ်ပါတယ်။
ယင်းတို့မှာ ကျိုးကြောင်းခိုင်မာမှုမရှိတဲ့ စိုးရိမ် ကြောင့်ကြမှုတွေသာ ဖြစ်ပေမယ့် ဘယ်လိုကျိုးကြောင်း ဆီလျော်အောင် ရှင်းလင်းပြောကြားစေကာမူ အဆိုပါ စိုးရိမ်မှုတွေကို လျော့ပါးသက်သာစေမှာ မဟုတ်ပါဘူး။ အရေးအကြီးဆုံးက မိမိကိုယ်ကို ယုံကြည်မှုရှိရေးပင် ဖြစ်ပါတယ်။
မူလစာရေးသူအနေနဲ့ အများရှေ့မှာ စကား ပြောကြားရေးနဲ့ပတ်သက်လို့ အတွေ့အကြုံ ပြည့်ဝပြီး အကြံဉာဏ်ကောင်းပေးနိုင်သူအချို့နဲ့ ဆွေးနွေးခဲ့ရာ တစ်ဦးက မိမိရှေ့ရှိပရိသတ်ကို အဝတ်အစား မပါသူများ အဖြစ် စိတ်ကူးကြည့်ဖို့၊ အခြားပုဂ္ဂိုလ်တစ်ဦးက လူတိုင်း ရဲ့ ဦးခေါင်းနေရာမှာ ဖရဲသီးတစ်လုံးနဲ့ အစားထိုးရှုမြင် နိုင်ရေး ကြိုးစားဖို့ အသီးသီးအကြံပြုမှုများ ရှိပါတယ်။ သို့ပေမယ့် ဒီနည်းလမ်းတွေက များစွာလက်တွေ့ မကျလှဘဲ တင်ဆက်ဟောပြောရမယ့် ပရိသတ်ကို ဘယ်လိုပင် ရှုမြင်တတ်ဖို့ ကြိုးပမ်းစေကာမူ စိတ်ထဲမှာ တစ်နည်းမဟုတ်တစ်နည်း ကသိကအောက် ဖြစ်နေမှာ ဖြစ်ပါတယ်။
အများရှေ့မှောက် စကားပြောခြင်းဆိုတာကို အနုပညာ တစ်ရပ်အနေနဲ့ မှတ်ယူထားကြပေမယ့် အမှန်တော့ အများ ရှေ့မှောက် စကားပြောခြင်းဟာ သိမ်မွေ့တဲ့ အနုပညာ တစ်ရပ်သာမကဘဲ တိကျစွာ လိုက်နာဆောင်ရွက်ရမယ့် အဆင့်တွေ၊ နည်းလမ်းတွေ ပါဝင်တာကြောင့် သိပ္ပံပညာရပ် တစ်ခုအဖြစ်လည်း မှတ်ယူနိုင်ပါတယ်။ ပရိသတ်ရှေ့ စကား ပြောဆိုတဲ့ကိစ္စမှာ နှုတ်ပိုင်းဆိုင်ရာ ပြောဆိုတင်ဆက်မှု သက်သက်မကဘဲ စကားပြောစင်မြင့်၊ အခင်းအကျင်း၊ မီး၊ အသံစနစ်အပါအဝင် အခြားသောကိစ္စအများအပြားလည်း ပါဝင်ပတ်သက်မှု ရှိပါတယ်။
ကံအားလျော်စွာပင် ပရိသတ်ရှေ့၊ အများရှေ့မှောက် စင်မြင့်ပေါ်မှာ စကားပြောကြားမှုအတွက် ကောင်းမွန်တဲ့ နည်းလမ်းတွေ ရှိနေပါတယ်။ ယင်းမှာ ပြင်ဆင်ခြင်း၊ စိတ်အားထက်သန်ခြင်း၊ ယုံကြည်ခြင်းနဲ့ ပြုံးရွှင်ခြင်း (PECS) ဆိုတဲ့ အဆင့်ဆင့်ကို လေ့ကျင့်ပြင်ဆင်ထားခြင်းပဲ ဖြစ်ပါတယ်။
ပြင်ဆင်ခြင်း
အများရှေ့မှောက် မိန့်ခွန်း/ စကားပြောကြားခြင်းနဲ့ ပတ်သက်လို့ ပြောဆိုရမယ့် အချိန်ကြာမြင့်တာနဲ့အမျှ ယင်းအတွက်ပြင်ဆင်ရတာ ပိုမိုခက်ခဲတယ်လို့ သမားရိုးကျ မှတ်ယူထားကြပါတယ်။ နာမည်ကျော် အမေရိကန်စာရေး ဆရာ မာ့ခ်တွိန်းကတော့ အောက်ပါအတိုင်း မှတ်ချက် ပြုဖူးပါတယ်-
“မိမိကို နှစ်နာရီစာ မိန့်ခွန်းတစ်ခု ပြောကြားစေချင်ရင် အခုချက်ချင်း စတင်နိုင်ပါတယ်။ ဒါပေမဲ့ ငါးမိနစ်စာ မိန့်ခွန်းပြောကြားစေချင်ရင်တော့ (ပြင်ဆင်ဖို့) သီတင်းပတ် တစ်ပတ်လောက် အချိန်ပေးဖို့ လိုပါလိမ့်မယ်”။ ဆိုလိုရင်းက အဓိကအကြောင်းရင်းကို ပြောကြားဖို့ အချိန်နည်းနည်း၊ အကန့်အသတ်နဲ့သာ ခွင့်ပြုမယ်ဆိုရင် လိုရင်းကို ထိထိရောက်ရောက် ပြောကြားနိုင်ဖို့၊ အချိန်တိုအတွင်းမှာ ထိရောက်တဲ့ မိန့်ခွန်းတစ်ရပ် ပြောနိုင်ဖို့ သေချာစွာ ပြင်ဆင်ထားဖို့လိုအပ်မယ်လို့ ဆိုလိုခြင်းပဲ ဖြစ်ပါတယ်။
အများရှေ့မှောက် မိန့်ခွန်း/စကားပြောကြားရမှာကို မျှော်လင့်ထားခြင်းမရှိဘဲ လုပ်ဆောင်ရမယ့့်ကိစ္စမျိုးဟာ ကြုံရခဲပါတယ်။ များသောအားဖြင့် အများရှေ့မှောက် ထွက်ပြီး မိန့်ခွန်း/စကားပြောကြားရမှာကို ကြိုတင်သိရှိ ထားပြီးဖြစ်တဲ့အလျောက် ယင်းအတွက် ကြိုတင်ပြင်ဆင် ထားခြင်း မပြုနိုင်ရန် အကြောင်းမရှိပေ။ မိမိပြောကြားရမယ့် အကြောင်းအရာကို ကောင်းစွာနားလည်အောင် လေ့လာ ထား၊ မေးမြန်းလာနိုင်တဲ့ မေးခွန်းတွေ၊ မိမိ ပြောကြားရမယ့် တင်ဆက်မှုအပေါ် ဆန့်ကျင်ဆွေးနွေးလာနိုင်ဖွယ်ရာတွေကို ကြိုတင်တွက်ဆပြီး အဖြေအသင့် ရှာထားမယ်ဆိုပါက များစွာအခက်အခဲရှိနိုင်မှာ မဟုတ်ပါဘူး။
မိမိ ပြောကြားမယ့်ကိစ္စ၊ တင်ဆက်မယ့်အကြောင်း အရာကို မိတ်ဆွေ၊ သူငယ်ချင်းတစ်ဦးဦးနဲ့လည်း ကြိုတင် ဇာတ်တိုက်လေ့ကျင့်ထားနိုင်တယ်။ လိုအပ်မယ်ဆိုပါက မိမိပြောကြားချက်၊ တင်ဆက်မှုတို့ကို ဗီဒီယိုမှတ်တမ်းတင် ထားပြီး ဘယ်လိုအနေအထားရှိတယ်၊ ဘယ်အပိုင်းမှာ ပိုမိုကောင်းမွန်အောင် ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတာ တွေကို ပြင်ဆင်လေ့လာထားနိုင်ပါတယ်။ မိမိမှာ အားနည်း တဲ့ အပိုင်းရှိတယ်လို့ ထင်ပါကလည်း တင်ဆက်မှု ပိုမို ကောင်းမွန်လာတဲ့အထိ ယင်းအပိုင်းကို ထပ်ခါတလဲလဲ လေ့ကျင့်သင့်ပါတယ်။
တယ်လီဖုန်းကို တီထွင်ခဲ့သူ အလက်ဇန္ဒား ဂရေဟမ်ဘဲလ် ပြောကြားသလို “ကြိုတင်ပြင်ဆင်မှုသည် အခြားသောအရာများထက် အောင်မြင်မှုအတွက် အဓိက ကျသည့် သော့ချက်ဖြစ်သည်” ဆိုသည့်အချက်ကို အမှတ် ရနေသင့်ပါတယ်။
စိတ်အားထက်သန်မှု
စိတ်အားထက်သန်မှုက ကူးစက်လွယ်တယ်။ သင့်အနေနဲ့ စိတ်အားထက်သန်မှုရှိမယ်ဆိုရင် သင့်ရဲ့ ပြောကြားချက်၊ တင်ဆက်မှုတို့ကို ပိုမိုယုံကြည်ဖွယ်ကောင်း စေရုံမျှမက အခြားသူတွေ စိတ်ဝင်စားဖွယ် နားဝင်လက်ခံ လာစေဖို့ အကူအညီဖြစ်စေမှာ ဖြစ်ပါတယ်။ လူအများက စိတ်ပိုင်းခံစားချက်အပေါ် အခြေခံကာ ဆုံးဖြတ်လေ့ရှိပြီး ၎င်းတို့ရဲ့ ဆုံးဖြတ်ချက် ကျိုးကြောင်းဆီလျော်မှုရှိကြောင်း အကြောင်းပြချက်ကောင်းကောင်းနဲ့ ပြသတတ်ပါတယ်။ သို့ဖြစ်၍ ၎င်းတို့အား ခိုင်မာတဲ့ အကြောင်းပြချက်တွေနဲ့ စိတ်လှုပ်ရှားမှု၊ စိတ်ဝင်စားမှု ဖြစ်လာစေဖို့ ဆွဲဆောင်စည်းရုံး သင့်ပါတယ်။
စိတ်အားထက်သန်စွာ စကားပြောတတ်ခြင်းက အချက်အလက်တွေအပေါ် အခြေခံပြီး သမားရိုးကျ ပြောကြားနေခြင်းထက် ပိုမိုလက်ခံနိုင်ဖွယ်ရှိပါတယ်။ သင့်အနေနဲ့ စကားပြောကြားနေရခြင်းအပေါ် နှစ်သက်ပြီး ယင်းအတွက် သက်သောင့်သက်သာရှိတဲ့ အသွင်သဏ္ဌာန် ရှိနေမယ်၊ ယင်းအတိုင်း ခံစားနေရမယ်ဆိုရင် စိုးရိမ်ပူပန်မှု တွေကို မေ့လျော့သွားစေမှာ ဖြစ်ပါတယ်။
ယုံကြည်မှု
မိမိပြောကြားရမယ့် မိန့်ခွန်း၊ အကြောင်းအရာအတွက် ကောင်းစွာပြင်ဆင်ထားရှိပြီးဖြစ်ပါက ယုံကြည်မှုရှိနေမှာ ဖြစ်ပါတယ်။ ယင်းသို့ဖြစ်သည့်တိုင် လုံလောက်တဲ့ ယုံကြည်မှုမရှိသေးဟု ခံစားမိပါက အောက်ဖော်ပြပါအချက် တွေက ခိုင်မာတဲ့ ယုံကြည်မှုရှိစေဖို့ အထောက်အကူပြုစေပါ လိမ့်မယ် -
- တင်ဆက်ရမယ့်အကြောင်းအရာကို စိတ်ထဲတွင် ကြိုတင်ဇာတ်တိုက်ကြည့်ပါ။ နှစ်သက်ခံစား တတ်တဲ့ ပရိသတ်တွေ လုံးဝလက်ခံသွားမယ့် တင်ဆက်မှုမျိုးကို စိတ်ထဲမှာ မှန်းဆလို့ ပုံဖော် ကြည့်ပါ။
- သင့်အနေနဲ့ ထိရောက်စွာ တင်ဆက်ခဲ့ဖူးတဲ့ ဖြစ်ရပ်တစ်ခုခုကို အမြဲလိုလို ပြန်လည်အမှတ်ရ ကြည့်ပါ။ အရင်ကလည်း ယင်းကဲ့သို့ ကောင်းစွာ ဆောင်ရွက်ခဲ့ဖူးတဲ့အလျောက် ထပ်မံလည်း ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်မယ်လို့ နှလုံးသွင်းထားပါ။
- ထို့ပြင် မိမိကိုယ်ကို ကျွမ်းကျင်သူတစ်ဦး ဖြစ်တယ်လို့ အစဉ်အမှတ်ရနေသင့်ပါတယ်။ သင့်အား တင်ဆက်သူတစ်ဦးအဖြစ် ရွေးချယ် တဲ့ အကြောင်းရင်းတစ်ခုမှာ တင်ဆက်ရမယ့် အကြောင်းအရာနဲ့ပတ်သက်ပြီး အခန်း အတွင်းရှိ အခြားသူတွေထက် ပိုမို နားလည်ခြင်းကြောင့်သာ ဖြစ်ပါတယ်။ သင့်အနေနဲ့ ယင်းအပေါ် သံသယမကင်း ဖြစ်နေတဲ့တိုင် ပရိသတ်ကတော့ အမှန် တရားအဖြစ် လက်ခံထားမှာ ဖြစ်ပါတယ်။
အတွေ့အကြုံရင့်ကျက်တဲ့ မိန့်ခွန်းပြောကြားသူ၊ တင်ဆက်သူများပင် မိန့်ခွန်းတစ်ရပ် မပြောကြားမီ၊ တင်ဆက်မှုမပြုမီ အနည်းနဲ့အများဆိုသလို အထိုက် အလျောက် စိတ်လှုပ်ရှားမှု ဖြစ်တတ်ပါတယ်။ ယင်းမှာ ပုံမှန်သာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သင့်အနေနဲ့ အသက်ရှင်သန်လျက်ရှိနေကြောင်း ပြသခြင်းပဲ ဖြစ်ပါ တယ်။ ယင်းဖြစ်ရပ်ကို စိုးရိမ်ပူပန်စရာထက် စိတ်လှုပ်ရှား စရာ ခံစားချက်တစ်ရပ်အဖြစ်သာ မှတ်ယူသင့်ပါတယ်။
သင့်အနေနဲ့ မည်သို့ခံစားစေရကာမူ အခြားသူတွေ ကို အသိမပေးပါက မည်သို့မျှ သိရှိကြမည် မဟုတ်ပေ။ သို့ဖြစ်၍ မိမိကိုယ်ကို ခိုင်ခိုင်မတ်မတ် ရပ်တည်ပြီး အင်နဲ့အားနဲ့ ယုံကြည်မှုအပြည့်နဲ့ စကားပြောပါ။ မိမိကိုယ်ကို ယုံကြည်မှုရှိကြောင်း သဏ္ဌာန်လုပ်ခြင်းဖြင့် ယင်းအတိုင်းပင် သေချာပေါက်ခံစားလာရမှာ ဖြစ်ပါ တယ်။
မိမိရဲ့ တင်ဆက်မှုနဲ့ပတ်သက်လို့ ပရိသတ်က မိမိထက်ပိုပြီး နှစ်ထောင်းအားရရှိကြမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ လက်ခံယုံကြည်သည် ဖြစ်စေ၊ မဖြစ်စေ လူအများက သင့်ကို အောင်မြင်စေလိုကြမှာ ဖြစ်ပါတယ်။ ပရိသတ်အနေနဲ့ သင့်ရဲ့တင်ဆက်မှုအပေါ် နှစ်ခြိုက်မှု အလိုက် ထောက်ခံအားပေးကြမှာ ဖြစ်ပါတယ်။
အပြုံးပန်းဆင်ပါ
လူတို့ဟာ ပြုံးပြုံးရွှင်ရွှင် နေတတ်သူများကို နှစ်သက်ယုံကြည်တတ်တဲ့ သဘောရှိပါတယ်။ သင့်အနေ နဲ့ မိန့်ခွန်းစကား မပြောကြားမီ၊ တင်ဆက်ပြောကြားမှု မပြုမီ တစ်ခဏစောင့်ဆိုင်းပါ။ ပရိသတ်ကို ကြည့်ပါ။ ယင်းနောက် ပြုံးပြပါ။ ယင်းသို့ပြုလုပ်ပါက မိမိကိုယ်တိုင် သာမက ပရိသတ်ပါ ပိုမိုကောင်းမွန်မှုမျိုးကို ခံစားရမှာ ဖြစ်ပါတယ်။
အများရှေ့မှောက် စကားပြောဆိုခြင်းနဲ့ ပတ်သက် ပြီး အထက်ဖော်ပြပါ နည်းလမ်းတွေသာမက အလားတူ အမှတ်ရနေသင့်တဲ့ စည်းမျဉ်း(၅)ချက်ကိုလည်း အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ် -
(၁) ပရိသတ်အကြောင်း နားလည်မှုရှိရေး
ပထမဦးဆုံး သတိပြုရမှာက သင့်အနေနဲ့ဘယ်လို အကြောင်းအရာကို ပြောကြားလိုခြင်းထက် ပရိသတ် အနေနဲ့ ဘယ်လိုအကြောင်းအရာကို သိလိုခြင်းဖြစ်ပါ တယ်။ အကယ်၍ မိမိအနေနဲ့ ပရိသတ်တစ်ဦးဆိုပါက ဘယ်လိုအကြောင်းအရာကို သိလိုသလဲဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
ယင်းအချက်နဲ့ပတ်သက်လို့ ရှင်းလင်းစွာ သိပြီ ဆိုပါက သင့်လျော်တဲ့ အကြောင်းအရာနဲ့ ဘယ်လို ပြောကြားသင့်တာကို စဉ်းစားပြင်ဆင်ရမှာဖြစ်ပါတယ်။ ပရိသတ်အနေနဲ့ သဘောကျနှစ်သက်တဲ့ အကြောင်းအရာ၊ ကိစ္စရပ်၊ အစိတ်အပိုင်းတွေ ကွဲပြားခြားနားတတ်တဲ့ အလျောက် ပရိသတ်ကို ကောင်းစွာနားလည်စေဖို့ ကြိုးပမ်းပြီး ၎င်းတို့အတွက် အကောင်းဆုံးဖြစ်စေဖို့ မှန်းဆပြင်ဆင်ထားသင့်ပါတယ်။
(၂) မိမိ မည်သူမည်ဝါဆိုတာကို သဘောပေါက် ထားရေး
ပရိသတ်ရှေ့ ဟောပြောတင်ဆက်မယ့်သူဟာ ပြဋ္ဌာန်းစာအုပ်တစ်အုပ် မဟုတ်ပါ။ ယင်းရဲ့ ထူးခြားချက် မှာ တင်ဆက်ပြောကြားမယ့် အကြောင်းအရာမှာ မိမိရဲ့ အတွေ့အကြုံ၊ အတွေးအမြင်ကို ပေါင်းစပ်ထည့်သွင်း နိုင်ရေး ဖြစ်ပါတယ်။ ယင်းကဲ့သို့ ပေါင်းစပ်ထည့်သွင်း နိုင်ရေးဟာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါ တယ်။
လူတို့ဟာ အကြောင်းအရာတစ်ခုခုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာပုဂ္ဂိုလ်ရဲ့ ကိုယ်တွေ့အတွေ့အကြုံ၊ အငွေ့ အသက်ပါရှိမှုကို တန်ဖိုးထားတတ်ကြပါတယ်။ ပြဋ္ဌာန်း စာအုပ်ပါ ပြည့်စုံတဲ့ ကိစ္စရပ်များထက် စစ်မှန်တဲ့ အတွေ့အကြုံ၊ အကြောင်းအရာတွေ ပိုင်ဆိုင်ထားတဲ့ စစ်မှန်တဲ့ ပုဂ္ဂိုလ်တွေဟာ ပရိသတ်နဲ့ ပိုမိုထိတွေ့နိုင် ပါတယ်။
ရယ်ဒီမိတ်လို့ခေါ်တဲ့ “အသင့်သုံးစွဲဖို့ ပြင်ဆင် ထားတဲ့” တင်ဆက်မှုတွေကို မိမိကိုယ်ပိုင်ကဲ့သို့ တင်ဆက် ခြင်းမျိုးမှ ရှောင်ကြဉ်ပြီး မိမိကိုယ်ပိုင်အတွေးအမြင်၊ ခံစားမှုကို ဖြည့်စွက်နိုင်မယ့်ကိစ္စရပ်၊ ခေါင်းစဉ်၊ အကြောင်းအရာတို့ကို ရွေးချယ်သင့်ပါတယ်။
(၃) ပရိသတ်အနေနဲ့ ဇာတ်လမ်း၊ ပုံပြင်များကို နှစ်သက်ကြခြင်း
လူတို့ဟာ ဇာတ်လမ်း၊ ပုံပြင်တွေကို နှစ်သက် ကြပြီး ယင်းတို့မှတစ်ဆင့် လေ့လာသင်ယူတတ်ကြပါ တယ်။ စိတ်လှုပ်ရှားဖွယ်မကောင်းတဲ့ လေ့ကျင့်ခန်း တစ်ခုကိုပင် စစ်မှန်တဲ့ ဇာတ်လမ်းတစ်ခုနဲ့ မွမ်းမံ တန်ဆာဆင်တဲ့အခါ ပိုမိုထိရောက်မှုရှိတတ်ကြောင်း တွေ့ရှိနိုင်ပါတယ်။
(၄) ပရိသတ်ထံမှ လေ့လာသင်ယူခြင်း
သင့်အနေနဲ့ တင်ဆက်နေတာမှာ ဇာတ်လမ်းရဲ့ တစ်ဝက်သာဖြစ်ပြီး ကျန်ထက်ဝက်မှာ ပရိသတ်ထံမှ လေ့လာသင်ယူခြင်းပဲ ဖြစ်ပါတယ်။ မိန့်ခွန်း/ စကား ပြောကြားရမယ့် ပရိသတ်နဲ့ ထိတွေ့မှုရှိဖို့၊ ပရိသတ်အနေနဲ့ သက်သောင့်သက်သာရှိစေဖို့ ကြိုးပမ်းပြီး ၎င်းတို့ရဲ့ မေးခွန်း တွေကို လေးလေးစားစား ဖြေကြားသင့်ပါတယ်။ တင်ဆက် မှုနဲ့ပတ်သက်ပြီး တစ်လမ်းသွားဆက်ဆံရေးမျိုး မဖြစ် စေဘဲ တတ်နိုင်သမျှ အပြန်အလှန် မေးမြန်းဆွေးနွေးမှုမျိုး ဖြစ်စေဖို့ ကြိုးပမ်းသင့်ပါတယ်။
ဥပမာအားဖြင့် တင်ဆက်ပြောကြားမှု မတိုင်မီ ဟောပြောမယ့်နေရာကို အချိန်အနည်းငယ် ကြိုတင် သွားရောက်ကာ အချိန်စောပြီး ရောက်ရှိလာသူတွေနဲ့ စကားပြောခြင်းဖြင့် ပရိသတ်အကြောင်း သိရှိစေဖို့ ကြိုးပမ်း မယ်ဆိုပါက တင်ဆက်ပြောကြားမှု အမှန်တကယ် စတင်ချိန်မှာ ဟောပြောသူနဲ့ ပရိသတ်တို့အကြား အပြန်အလှန်ယုံကြည်မှုနဲ့ နားလည်မှု အတိုင်းအတာတစ်ရပ် တည်ဆောက်ပြီးဖြစ်ကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။
(၅) အစဉ်တိုးတက်မှုရှိစေရန် ကြိုးပမ်းခြင်း
အတိတ်က ဖြစ်ရပ်တွေအပေါ် ပြန်လည်သုံးသပ်ခြင်း၊ အခြားသူတွေရဲ့ သဘောထားမှတ်ချက်တွေကို အလေးထား လေ့လာခြင်း၊ အနာဂတ်မှာ ပိုမိုကောင်းမွန်မှုရှိစေရေး အတွက် လုပ်ငန်းစီမံချက်တစ်ရပ်ကို ပြင်ဆင်ထားခြင်းဖြင့် တိုးတက်မှုရှိစေရန် အစဉ်ကြိုးပမ်းသင့်ပါတယ်။
မိမိရဲ့တိုးတက်မှုနဲ့ပတ်သက်ပြီး စိတ်ကူးနဲ့ မှန်းဆ ထားတဲ့ ပြင်ပစံနှုန်းတွေထက် မိမိရဲ့ အတိတ်ကာလရှိ အခြေအနေနဲ့ နှိုင်းယှဉ်ခြင်းဖြင့် တိုးတက်မှုကို တိုင်းတာ နိုင်ပါတယ်။
သို့ဖြစ်၍ ပွဲမဝင်မီ ကြိုတင်ပြင်ဆင်ခြင်း၊ တင်ဆက် ရမယ့် အကြောင်းအရာကို စိတ်အားထက်သန်စွာ ပြောဆို တင်ဆက်ခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိခြင်း၊ မိန့်ခွန်း/စကားပြောကြားမှုကို ပြုံးပြုံးရွှင်ရွှင် တင်ဆက်ခြင်း အစရှိတဲ့ PECS ဆိုတဲ့ အဆင့်(၄)ဆင့်ကို အကြိမ်ကြိမ် လေ့ကျင့်ထားခြင်း၊ ပရိသတ်အကြောင်း နားလည်ခြင်း၊ ပရိသတ်ထံမှ လေ့လာသင်ယူခြင်း၊ အစဉ်တိုးတက်မှုရှိစေဖို့ ကြိုးပမ်းနေခြင်းဖြင့် ပရိသတ်ရှေ့မှောက်၊ စင်မြင့်ပေါ်မှာ စိုးရိမ်ထိတ်လန့်မှုတွေကို ဖယ်ရှားနိုင်ပြီး ထိရောက်တဲ့၊ ကောင်းမွန်တဲ့ ပြောဆိုတင်ဆက်မှုတစ်ရပ်ကို မလွဲမသွေ လုပ်ဆောင်သွားနိုင်ကြမှာ ဖြစ်ပါတယ်။ ။
Ref: David Goldwich. “Speak with confidence.” The Star 23 Sep. 2010: 1Klassifieds
Kaung Mon. “လူအများရှေ့မှောက်၌ ယုံကြည်မှု အပြည့်ဖြင့် စကားပြောကြားခြင်း” အပြင်စီး မဂ္ဂဇင်း (The Outer Circuit Magazine), June 2011, Myanmar Press, Kuala Lumpur
Kaung Mon. “စကားပြောခြင်း အတတ်ပညာ” အပြင်စီးမဂ္ဂဇင်း (The Outer Circuit Magazine), July 2011, Myanmar Press, Kuala Lumpur
Sameer Srivastav. “Master art of public speaking”. The Star Online April 27, 2011. <http://mystarjob.com/articles/story.aspx?file=/2011/4/27/mystarjob_news/ 20110427085708&sec=mystarjob_news>
- Log in to post comments