ပြည်ထောင်စုစိတ်ဓာတ်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး

Type

ပိုက်တင်

=====

 

တိုင်းရင်းသား၊    နိုင်ငံသားလူမျိုးပေါင်းစုံ    အတူတကွမှီတင်းနေထိုင်ကြတဲ့ နိုင်ငံတိုင်းမှာ   ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကြွယ်ဝချမ်းသာရေး၊ အာမခံချက်အပြည့်အဝရှိတဲ့အနာဂတ်  စတာတွေအတွက် အခြေခံအုတ်မြစ်က     စည်းလုံးညီညွတ်ရေးဖြစ်ပါတယ်။   တစ်နည်းအားဖြင့် ခိုင်မာတဲ့ပြည်ထောင်စု စိတ်ဓာတ်ဖြစ်ပါတယ်။   တိုင်းရင်းသားတွေ၊   နိုင်ငံသားတွေ  သွေးစည်းညီညွတ်မှုကို  မတည်ဆောက်နိုင်သရွေ့ အဲဒီနိုင်ငံဟာ ငြိမ်းချမ်းရေးကိုလည်း မျှော်လင့် ဖို့ခက်ခဲနေပါလိမ့်မယ်။ ဖွံ့ဖြိုးတိုးတက်ဖို့လည်း အလှမ်းဝေးနေပါလိမ့်မယ်။ ကြွယ်ဝချမ်းသာရေးကိုလည်း လက်တွေ့အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ပါဘူး။ 

 

အာမခံချက်အပြည့်အဝရှိတဲ့ အနာဂတ်ကို လည်း မျှော်မှန်းလို့ မရနိုင်ပါဘူး။ ဒါကြောင့် စည်းလုံး ညီညွတ်ရေး  တစ်နည်းအားဖြင့်   ပြည်ထောင်စု စိတ်ဓာတ်ဟာ       နိုင်ငံသားတစ်ယောက်ချင်းစီမှာ ကိန်းဝပ်နေမှသာလျှင် ပြည်ထောင်စုနိုင်ငံတစ်ခုဟာ အမှန်တကယ်  ဖွံ့ဖြိုးတိုးတက်ဖို့ မျှော်မှန်းနိုင်မယ် လို့ဆိုရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ      လူမျိုးပေါင်းရာချီပြီးတော့ စုစည်းနေထိုင်ကြတဲ့   ပြည်ထောင်စုနိုင်ငံစစ်စစ် ဖြစ်တာကြောင့်  နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် သွေးစည်းညီညွတ်ကြဖို့ဆိုတာဟာ အထူးလိုအပ် ချက်ဖြစ်ပါတယ်။ ဘယ်လိုနိုင်ငံရေးစနစ်နဲ့သွားတာ ဖြစ်စေ၊ ဘယ်ပါတီတွေ၊ ဘယ်ပုဂ္ဂိုလ်တွေ အစိုးရလုပ် အုပ်ချုပ်တာဖြစ်စေ၊ သယံဇာတတွေ ဘယ်လောက် ပေါကြွယ်ဝနေပါစေ    စည်းလုံးညီညွတ်မှုမရှိရင် တစ်နည်းအားဖြင့်   ပြည်ထောင်စုစိတ်ဓာတ်ကို အခိုင်အမာမွေးမြူမထားနိုင်ကြရင် နိုင်ငံဟာ အမှန် တကယ် ဖွံ့ဖြိုးတိုးတက်လာဖို့ ခက်ခဲနေလိမ့်မယ် ဖြစ်ပါတယ်။ ပြည်ထောင်စုစိတ်ဓာတ်ကို မွေးမြူနိုင် ကြဖို့ လူတိုင်းရင်ထဲမှာ အခိုင်အမာရှင်သန်နိုင်ဖို့ဆိုရင်-
၁။  သမိုင်းသင်ခန်းစာတွေကို  အလေးထားကြရပါ 
      မယ်။ 
သမိုင်းတွေဆိုတာဟာ  သင်ခန်းစာကောင်း တွေ     ထုတ်ယူနိုင်ကြပြီးတော့    အမှားတွေကို ရှောင်ရှားနိုင်ကြဖို့အတွက် ရေးထားကြတာဖြစ်ပါ တယ်။ သမိုင်းသင်ခန်းစာတွေကို ကောင်းစွာရယူ နိုင်ကြမယ်ဆိုရင်   အတိတ်က   မှားပြီးသားအမှား တွေကို    မျိုးဆက်တွေ     တစ်ဆက်ပြီးတစ်ဆက် အထပ်ထပ်ပြန်မှားမိတတ်တဲ့ အမှားကျော့သံသရာ ကို ရှောင်ရှားနိုင်ကြမှာဖြစ်ပါတယ်။ သမိုင်းတွေကို သမိုင်းစာအုပ်ထဲမှာထားပြီး လက်တွေ့မှာ လုပ်ချင်ရာ တွေပဲ ဆက်လုပ်နေကြမယ်ဆိုရင်တော့   သမိုင်း ဆိုတာရဲ့တန်ဖိုးကလည်း    အချည်းနှီးဖြစ်နေမှာ ဖြစ်သလို ရှောင်လွှဲလို့ရနိုင်တဲ့ အမှားတွေကိုလည်း ထပ်ကာထပ်ကာကျူးလွန်မိနေကြဦးမှာဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးအရ မှားခဲ့သမျှ အမှားတွေကို ကျကျနန လေ့လာသုံးသပ်ပြီးတော့ လမ်းမှန်ပေါ်မှာ အတူတကွ လျှောက်လှမ်းနိုင်ကြမှသာလျှင် နိုင်ငံ သားတွေအားလုံးဟာ ရည်မှန်းချက်တူ၊ ကံကြမ္မာတူ၊ အခွင့်အလမ်းတူနဲ့  အေးအတူပူအမျှ  ငြိမ်းငြိမ်း ချမ်းချမ်း     ကြွယ်ကြွယ်ဝဝနဲ့   အတူအကွချစ်ခင် စည်းလုံးစွာနေထိုင်နိုင်ကြမှာဖြစ်ပါတယ်။ သမိုင်း သင်ခန်းစာတွေကို မယူကြဘဲနဲ့  ထင်ရာစိုင်းနေကြ သရွေ့   နိုင်ငံဟာ  နာလန်ထူနိုင်ဖို့    ခက်ခဲနေဦးမှာ ဖြစ်သလို စည်းလုံးညီညွတ်ရေးကို ထိန်းသိမ်းထား နိုင်ဖို့လည်း အာမခံချက်မရှိနိုင်တာကြောင့် ရေရှည် တည်တံ့ခိုင်မာတဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဟာလည်း အလှမ်းဝေးနေနိုင်တာမို့ ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာရေးအတွက် သွယ်ဝိုက်ပြီးတော့ အကျိုးသက်ရောက်မှုရှိတဲ့  သမိုင်းသင်ခန်းစာတွေ ကို  အလေးအနက်ပြုရေး   အလေးထားနိုင်ကြဖို့ ဖြစ်ပါတယ်။
၂။  သာတူညီမျှစိတ်ဓာတ် ရှိကြရပါတယ်။ 
သာမန်အားဖြင့်ဆိုရင်      လူ့သဘာဝအရ ငါ့လူမျိုး၊  ငါ့ဒေသ၊ ငါ့ပြည်နယ်ဆိုတဲ့    အတွေး အယူအဆက အလိုလိုရှိနေတတ်တဲ့  သဘောရှိပါ တယ်။        ပြည်ထောင်စု နိုင်ငံတစ်ခုမှာကတော့ ငါ့လူမျိုး၊ ငါ့ဒေသ၊ ငါ့ပြည်နယ်   တိုးတက်ဖို့ဆိုတဲ့ သဘောထားကို   စွန့်လွှတ်ဖယ်ရှားပစ်ရမယ်လို့ မပြောလိုပေမယ့် ကိုယ့်လူမျိုး၊ ကိုယ့်ဒေသ၊ ကိုယ့် ပြည်နယ်အကျိုးစီးပွားကို    တည်ဆောက်ဖို့နဲ့ ပြည်ထောင်စုတစ်ခုလုံးရဲ့ အကျိုးစီးပွားကို  အားလုံး အတူတကွ တက်ညီလက်ညီ တည်ဆောက်ဖို့ဆိုတဲ့ သဘောထားနှစ်ရပ်ကို မျှခြေမှန်မှန်နဲ့ ခံယူနိုင်ကြဖို့ မဖြစ်မနေလိုအပ်ပါတယ်။ နိုင်ငံတော်ရဲ့ မူဝါဒတွေနဲ့ နိုင်ငံရေးပါတီတွေ၊ တက်လာတဲ့ အစိုးရတွေရဲ့ မူဝါဒ တွေကလည်း နိုင်ငံသားတွေအားလုံး၊ နယ်မြေဒေသ အားလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးကို အာမခံ ချက်ပေးထားတဲ့မူဝါဒတွေကို ကျကျနန ခိုင်ခိုင်မာမာ ချမှတ်အကောင်အထည်ဖော်မယ်၊       နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက်   လိုအပ်တဲ့  အထောက်အပံ့ တွေနဲ့    အားထုတ်ကြိုးပမ်းမှုတွေလည်းရှိမယ်၊ တစ်ဖက်ကလည်း နိုင်ငံသားတိုင်းက တစ်နိုင်ငံလုံး (ပြည်ထောင်စုတစ်ခုလုံး)  အကျိုးစီးပွားအတွက် အတူတကွ            ကြိုးစားတည်ဆောက်ရမယ်ဆိုတဲ့ အသိ စိတ်ဓာတ်နဲ့ လုပ်ကိုင်ဆောင်ရွက်ကြမယ်ဆိုရင် နိုင်ငံသားတိုင်းရဲ့ရင်ထဲမှာ အားလုံးတူညီတဲ့ အခွင့် အလမ်းတွေရှိနေတယ်ဆိုတဲ့          ခံစားချက်တွေ ကိန်းအောင်းလာနိုင်ပြီးတော့ သာတူညီမျှ ခံစားစံစား ခွင့်ရှိတယ်ဆိုတဲ့ ယုံကြည်ချက်ဟာ လက်တွေ့ကျကျ အမြစ်တွယ်လာနိုင်တာမို့ နိုင်ငံဟာ သေချာပေါက် ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။   သာတူညီမျှ စိတ်ဓာတ်တွေ   ကိန်းဝပ်လာနိုင်ဖို့အတွက်ဆိုရင် တန်းတူညီမျှရှိတယ်ဆိုတဲ့ ယုံကြည်မှုကို နိုင်ငံသား တိုင်းရဲ့စိတ်မှာ   ဖြစ်တည်နိုင်တဲ့  အခြေအနေတွေ ကို ဖန်တီးတည်ဆောက်နိုင်ကြဖို့နဲ့ အဲဒီလိုအခြေ အနေကောင်းတွေကို ခိုင်မာအောင် ထိန်းသိမ်းထား နိုင်ကြဖို့ ဖြစ်ပါတယ်။ 
၃။  နိုင်ငံရေးမှာ ရိုးသားဖြောင့်မတ်ကြရပါတယ်။ 
နိုင်ငံရေးအရ     ပြောလို့ဆိုလို့ကောင်းတဲ့ လူကြားကောင်းမယ့်   နိုင်ငံရေးစကားလုံးတွေကို တွင်တွင်ကျယ်ကျယ် ပြောပြီးတော့ နိုင်ငံရေးကို တစ်နည်းနည်း   (နိုင်ငံရေးနည်း၊ လက်နက်ကိုင် နည်း)နဲ့ လုပ်စားလို့ရရုံ လုပ်နေကြမယ်ဆိုရင်တော့ လက်တွေ့ကျတဲ့         ပြည်ထောင်စုစိတ်ဓာတ်ကို တည်ဆောက်လို့မရနိုင်သလို အဲဒီလို မတည်ဆောက် နိုင်တာကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုလည်း လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ဖို့ ခက်ခဲ နေမှာဖြစ်ပါတယ်။       ပြည်ထောင်စုစိတ်ဓာတ် အစစ်အမှန်ကို နှလုံးသွင်းနိုင်တယ်ဆိုရင် နိုင်ငံရေး ကိုလုပ်ကြတဲ့အခါ ဘယ်နည်းလမ်းနဲ့ပဲလုပ်လုပ် ရိုးသားဖြောင့်မတ်စွာ   လုပ်တတ်ကိုင်တတ်လာပါ လိမ့်မယ်။       ပြည်ထောင်စုနိုင်ငံဖြစ်တာနဲ့အညီ အကျိုးဆိုင်သူ (stakeholder)များ  အင်မတန်မှ စုံလင်များပြားလှတာမို့    ကိုယ်ကျိုးစီးပွားအပေါ် အခြေမခံကြဘဲနဲ့ အားလုံးက ပြည်ထောင်စုတစ်ခု လုံးရဲ့အကျိုးစီးပွားကို ရိုးသားဖြောင့်မတ်စွာ ဦးတည် တည်ဆောက်ကြဖို့ သဘောထားနဲ့ စိတ်ဓာတ်ရှိလာ ကြတဲ့ တစ်နေ့မှာ   နိုင်ငံသားတွေရဲ့    သွေးစည်း ညီညွတ်ရေးဟာ အထူးခိုင်မာတောင့်တင်းလာနိုင်ပြီးတော့       နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဟာလည်း လက်တွေ့ကျကျ  ထိထိရောက်ရောက်  အကောင် အထည်ဖော်နိုင်ကြမှာဖြစ်ပါတယ်။ ရိုးသားဖြောင့်မတ် တဲ့ နိုင်ငံရေးကို ရိုးသားဖြောင့်မတ်တဲ့ သဘောထား တွေနဲ့    အင်အားစုတွေအားလုံးက    လုပ်ကိုင် ဆောင်ရွက်နိုင်ကြဖို့အင်မတန်မှ အရေးကြီးပါတယ်။
၄။  သဘောထားကြီးကြရပါမယ်။ 
လက်ရှိ နိုင်ငံရေးယဉ်ကျေးမှုက   ယေဘုယျ အားဖြင့်   ဒီမိုကရေစီထွန်းကားရေးအတွက်ရော ပြည်ထောင်စုစိတ်ဓာတ် ပိုမိုခိုင်မာရေးအတွက်ပါ များစွာအနှောင့်အယှက်အဟန့်အတားဖြစ်နေတာ ကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုလည်း  များစွာ နှောင့်နှေးစေပါတယ်။
ငါနဲ့မတူ ငါ့ရန်သူစိတ်ဓာတ်၊ ရွေးကောက်ပွဲတွေ မှာ မဲပေးရွေးချယ်ကြတဲ့အခါ ကွဲလွဲကြရမယ့်ကိစ္စ တွေကို  ရွေးကောက်ပွဲတွေမှာ မကွဲလွဲကြဘဲနဲ့ နိုင်ငံ သားတွေအချင်းချင်း စည်းလုံးညီညွတ်စွာနဲ့ နိုင်ငံကို အတူတကွ လက်တွဲတည်ဆောက်ကြရမယ့်အစား အုပ်စုဖွဲ့ဘက်ခွဲပြီး     ‌      

m စာမျက်နှာ ၁၂ မှ 
 ရန်သူသဖွယ် ဆက်ဆံပြုမူနေကြတာဟာ ဒီမိုကရေစီလမ်းကြောင်းနဲ့ သွေဖည်နေရုံမကဘဲ ပြည်ထောင်စုစိတ်ဓာတ်တွေကို ဖျက်လိုဖျက်ဆီး လုပ်ရာကျတာကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အနှောင့်အယှက် အဟန့်အတားပြုနေကြသလိုလည်း သဘောသက်ရောက်နေတာ  သတိပြုနိုင်ကြဖို့ဖြစ်ပါတယ်။ ဒီမိုကရေစီနည်းကျ မတူကွဲပြားခြင်း ဆိုတာဟာ စည်းလုံးညီညွတ်မှုပျက်ပြားကြဖို့ မဟုတ်ပါဘူး။ နိုင်ငံရေး အယူအဆတွေ ကွဲပြားကြတာက ဒီမိုကရေစီရဲ့ သဘောသဘာဝ အနှစ်သာရမျှသာဖြစ်ပြီးတော့  ကိုယ်နဲ့အယူအဆ  ယုံကြည်ချက် မတူညီကြသူတွေအပေါ် ငြိုးသူရန်ဘက်သဖွယ်  ပြု မှုဆက်ဆံကြဖို့ မဟုတ်ပါဘူး။ တစ်ဖက်က နိုင်ငံတည်ဆောက်ရေးကို  ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့ အတူတကွ အားသွန်ခွန်စိုက် ကြိုးစားလုပ်ကိုင် ကြရင်း တခြားတစ်ဖက်မှာ နိုင်ငံရေးဆိုင်ရာ ရပ်တည်ချက်၊ ယုံကြည် ချက်တွေ မတူကွဲပြားမှုကို နားလည်လက်ခံကြဖို့ဖြစ်ပါတယ်။             
အခုဆိုရင် ရှေ့လျှောက်မှာ ဘယ်နိုင်ငံရေးပါတီကမှ  လွှတ်တော် တွေ (ဥပဒေပြုရေး)နဲ့ အစိုးရအဖြစ် (အုပ်ချုပ်ရေး)ကို တစ်ပါတီ တစ်စုတစ်ဖွဲ့ တစ်ဦးတစ်ယောက်တည်းက ချုပ်ကိုင်ထားပြီး တစ်ပါတီ တစ်ဦးတစ်ဖွဲ့ တစ်ဦးတစ်ယောက်သဘောနဲ့ စီမံခြယ်လှယ်လို့ မရ နိုင်အောင်  ရွေးကောက်ပွဲဆိုင်ရာနည်းစနစ်ကို  ပြုပြင်ပြောင်းလဲဖို့ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒီလိုပြုပြင်ခြင်းက အကျိုးဆိုင်သူတွေ   စုံလင်လှတဲ့၊ လူမျိုးစုတွေများပြားလှတဲ့  ပြည်ထောင်စုနိုင်ငံတစ်ခု မှာ ကိုယ်စားပြုမှုတွေ အားလုံးစုံစုံညီညီနဲ့ ပါဝင်ကိုယ်စားပြုနိုင်ဖို့ လမ်းပွင့်သွားမယ့်   ကိစ္စဖြစ်ပါတယ်။          အနာဂတ်နိုင်ငံတော် တည်ဆောက်ရေး(နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး)ကို နိုင်ငံသားတွေအားလုံး က အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်အတွက် လမ်းပွင့်သွားမှာ ဖြစ်ပါတယ်။
လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က သို့တည်းမဟုတ် ပါတီတစ်ခုခု က တဖြည်းဖြည်း ပါဝါအာဏာတွေ ကြီးထွားလာပြီးတော့ နိုင်ငံရေး ကို အလွဲသုံးစားလုပ် ထင်တိုင်းကြဲလို့မရအောင် တစ်နည်းအားဖြင့် ဒီမိုကရေစီစနစ်ကိုကျင့်သုံးရင်း အာဏာရှင်စနစ် ပုံစံမျိုးဆီ ဦးတည် မသွားနိုင်အောင်   စီမံဆောင်ရွက်တာလို့လည်း   ဆိုနိုင်ပါတယ်။ နိုင်ငံသားတွေအားလုံးကို   ကျယ်ကျယ်ပြန့်ပြန့်   ကိုယ်စားပြုတဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးပုံစံတစ်ရပ်ဆီ ဦးတည်နေတာကြောင့် တစ်နည်းတစ်လမ်းအားဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို ပိုမိုရှင်သန် ခိုင်မာစေဖို့ အားဖြည့်ပေးရာရောက်တာကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးကိုလည်း သေချာပေါက်ပံ့ပိုးနိုင်မှာ မုချဖြစ်ပါတယ်။ ရှေရှည်မှာ ကိုယ်စားပြုမှု အမှန်တကယ် မျှတစုံလင်တဲ့ ဒီမိုကရေစီအနှစ်သာရ ပြည့်ဝတဲ့ နိုင်ငံရေးစနစ်တစ်ရပ် ပေါ်ပေါက်လာဖို့ အခြေခံကောင်း တစ်ရပ်လည်း ဖြစ်ပါတယ်။
ဒါကြောင့် ငါပဲလုပ်ပိုင်ခွင့်ယူမယ်၊ ငါ့အဖွဲ့အစည်းကပဲ စီမံမယ်                   ငါ့ကိုထောက်ခံသူတွေရဲ့ အကျိုးစီးပွားပဲကြည့်မယ်ဆိုတဲ့ ကြောက် စရာကောင်းလှတဲ့ ဒီမိုကရေစီစနစ်ရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ စိတ်ဓာတ်မျိုး၊ လုပ်ရပ်မျိုးကိုလည်း တားဆီးထားရာရောက်မှာမို့    ပြည်ထောင်စုတစ်ဝန်းလုံး၊  နိုင်ငံသားတွေအားလုံး   တန်းတူညီမျှ ဖွံ့ဖြိုးတိုးတက်ရေးကို  အားလုံးက သဘောထားကြီးကြီးထားပြီး တော့ သူ့အားနည်းချက်ကို ကိုယ်ကဖြည့် ကိုယ့်အားနည်းချက်ကို  သူကဖြည့်ကြပြီး  အတူတကွ  စည်းလုံးညီညွတ်စွာနဲ့  နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို ဦးတည်ဆောက်ရွက်နိုင်ကြမှာဖြစ်ပါတယ်။
ဖော်ပြပါအချက်လေးချက်ကို အလေးအနက်ထားပြီး နိုင်ငံသား တွေအားလုံး၊ နိုင်ငံရေးအင်အားစုတွေအားလုံးက သဘောထားမှန်မှန်၊ အမြော်အမြင်ကြီးကြီးနဲ့ ပြည်ထောင်စုတစ်ခုလုံး အကျိုးစီးပွားကို  ဦးတည်ပြီးတော့ ကြိုးပမ်းဆောင်ရွက်နိုင်ကြမယ်ဆိုရင် နိုင်ငံသား တွေအားလုံးရဲ့ စိတ်ဓာတ်နဲ့ သဘောထားတွေဟာ တစ်နေ့တခြား    မြင့်မားတိုးတက် ကောင်းမွန်လာနိုင်ရုံသာမကပါဘူး၊ ပြည်ထောင်စု စိတ်ဓာတ်တွေလည်း တစ်နေ့တခြား ပိုမိုရှင်သန်တိုးတက်ခိုင်မာ လာနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေကို   ဖန်တီးတည်ဆောက်နိုင် ကြမယ်ဆိုရင်  ပြည်ထောင်စုနိုင်ငံ ဖြစ်တာနဲ့အညီ  ပြည်ထောင်စု စိတ်ဓာတ်တွေ ရင့်သန်ခိုင်မာလာတာနဲ့အမျှ နိုင်ငံ(ပြည်ထောင်စု တစ်ခုလုံး)သည်လည်း အမှန်တကယ် ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက် လာမှာ မြေကြီးလက်ခတ်မလွဲဖြစ်ပါကြောင်း လေးစားစွာရေးသား တင်ပြအပ်ပါတယ်။        ။