ဒုတိယသမ္မတ ဦးမြင့်ဆွေ ၂၀၂၁ ခုနှစ် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

ဒုတိယသမ္မတ ဦးမြင့်ဆွေ ၂၀၂၁ ခုနှစ် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

===========================================================

 

နေပြည်တော် အောက်တိုဘာ ၉

၂၀၂၁ ခုနှစ် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို Video Conferencing စနစ်ဖြင့် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးတင်မြင့်၊ နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားရေးမှူးချုပ်များ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ကြပြီး အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေ၊ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်စိုးတင့်နိုင်၊ ဦးခင်မောင်ဝင်းနှင့် ဦးဝင်းမော်ထွန်း၊ တပ်မတော်မှ အရာရှိကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေး မှူးချုပ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်(၁)နှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ဆွေးနွေးကြသည်။

 

ရှေးဦးစွာ ဒုတိယသမ္မတ က အမှာစကားပြောကြား ရာတွင် ၂၀၂၁ ခုနှစ် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်း အနားကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်း လုံးတွင် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ၂၀၂၁ ခုနှစ် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟို ကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၇၂/၂၀၂၀) ဖြင့် အမျိုးသားရေးဦးတည်ချက် (၅)ရပ် ချမှတ်ကာ ဒုတိယသမ္မတ ဦးဆောင်ပြီး ၂၇ ဦးဖြင့် ဖွဲ့စည်း ခဲ့ပါကြောင်း။

 

အဆိုပါ အမျိုးသားရေးဦးတည်ချက် (၅)ရပ်မှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသားအားလုံး ‘စုပေါင်းအင်အား’ ဖြင့် ကာကွယ်စောင့်ရှောက်ရေး၊ လူမှုဆက်ဆံရေးတရား မျှတမှု၊ စီးပွားရေးတရားမျှတမှု၊ နိုင်ငံရေးတရားမျှတမှု၊ အဆင့်အတန်းညီမျှမှု၊ အခွင့်အလမ်း ညီမျှမှု၊ တရားဥပဒေ ရေးရာညီမျှမှုတို့ကို နိုင်ငံသားအားလုံး တန်းတူရည်တူ ရရှိခံစားရေး၊ စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဖြစ်စေရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ရေး၊ ပြည်ထောင်စုကြီးထာဝရတည်တံ့ရေးအတွက် ပြည်ထောင်စု စိတ်ဓာတ်မွေးမြူ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် နိုင်ငံ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အရှိန်အဟုန်မြှင့် ကြိုးပမ်း ဆောင်ရွက်၍ ပြည်သူတစ်ရပ်လုံး ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို အစိုးရ၊ ပြည်သူလူထုအားလုံး ပါဝင်ပြီး စုပေါင်းအားဖြင့် ရင်ဆိုင်ကျော်လွှားရေးတို့ ဖြစ်ပါ ကြောင်း။

 

ဗဟိုကော်မတီက ချမှတ်သည့် လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အတွက် လိုအပ်သည့်ဆပ်ကော်မတီများကိုလည်း ယခင် အတိုင်း ဖွဲ့စည်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

ကမ္ဘာတည်သရွေ့

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် တိုင်းတစ်ပါးတို့၏ စိုးမိုးအုပ်ချုပ်မှုအောက်မှ လွတ်မြောက်ပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့သည်မှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် ၇၃ နှစ် ပြည့်မြောက်မည်ဖြစ်ပါကြောင်း၊ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်ကြိုးပမ်း မှုနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စည်းလုံး ညီညွတ်မှုတို့ကြောင့် ရရှိခဲ့သည့် လွတ်လပ်ရေးကို ကမ္ဘာ တည်သရွေ့ တည်တံ့ခိုင်မြဲစေရန်နှင့် ပြည်ထောင်စုကြီးဖွံ့ဖြိုး တိုးတက်စေရန်အတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး က စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် လွတ်လပ်ရေးရရှိရေးအတွက် အချိန်ကြာမြင့်စွာ အသက်သွေး၊ ချွေး မြောက်မြားစွာ ပေးဆပ်ပြီးမှ ရရှိလာသည်ကို နောင်လာနောက်သားများ သိရှိပြီး လွတ်လပ်ရေးကို အသက်ပေးကာကွယ် စောင့်ရှောက် ထိန်းသိမ်းလိုသည့်စိတ်ဓာတ်များ ကိန်းအောင်းနေစေရန်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန် ရည်ရွယ်၍ လွတ်လပ်ရေးနေ့အခမ်းအနားကို နှစ်စဉ်ကျင်းပရခြင်း ဖြစ်ပါကြောင်း။

 

လွတ်လပ်ရေးနေ့အခမ်းအနားသည် နှစ်စဉ်နှစ်တိုင်း ကျင်းပနေသည့် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သော် လည်း ယနေ့ကာလသည် ကမ္ဘာ့ကပ်ရောဂါ Coronavirus Disease 2019 (COVID-19) ဖြစ်ပွားနေသော အချိန်ကာလ ဖြစ်သည့်အတွက် လွတ်လပ်ရေးနေ့နှင့် သက်ဆိုင်သော အခမ်းအနားများ ကျင်းပရာတွင် ယခင်နှစ်က ဆောင်ရွက်ခဲ့ သည့် လုပ်ငန်းတာဝန်များအပြင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့က ထုတ်ပြန်ထားသည့် ပြည်သူသို့ ပန်ကြားချက်များ၊ အမိန့်များ၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များကိုပါ အရေးတကြီးကိစ္စတစ်ရပ်အနေ ဖြင့် ထည့်သွင်းစဉ်းစားဆောင်ရွက်သွားကြရမည် ဖြစ်ပါ ကြောင်း။

စဉ်းစားအကြံပြု

လွတ်လပ်ရေးနေ့အခမ်းအနားများကို နံနက်ပိုင်းတွင် နိုင်ငံတော်အလံတင်အခမ်းအနား၊ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားနှင့် ညနေပိုင်းတွင် နိုင်ငံတော် အဆင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ညစာစားပွဲအခမ်း အနားတို့ကို နှစ်စဉ်ကျင်းပခဲ့သည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း၊ ယခုကျင်းပမည့် လွတ်လပ်ရေးနေ့ အခမ်း အနားများကို လတ်တလောတွေ့ကြုံနေရသည့် COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေမှုအခြေအနေပေါ် မူတည်၍ ဝိုင်းဝန်းစဉ်းစား အကြံပြုပေးကြရန် တိုက်တွန်းပြောကြား လိုပါကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လွတ်လပ်ရေး နေ့ အခမ်းအနားများကို ကျင်းပမည်ဆိုပါက ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ကျင်းပနိုင်ရန် ကြိုတင်စီမံဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

လွတ်လပ်ရေးနေ့မတိုင်မီ ယခင်က ကြိုတင် ဆောင်ရွက်လေ့ရှိသည့် လွတ်လပ်ရေးနေ့ စာစီစာကုံးပြိုင်ပွဲ များ၊ ကဗျာပြိုင်ပွဲများနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၊ ဝန်ကြီးဌာနအလိုက်၊ ရပ်ကွက်အလိုက် ကျင်းပလေ့ရှိသည့် အားကစားပြိုင်ပွဲများကိုလည်း COVID-19 ကူးစက် ကပ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလဖြစ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံပြုချက် များအတိုင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅)ရပ်ကို အများပြည်သူများသိရှိစေရန်အတွက် ခန့်ညားထည်ဝါ သည့် ဆိုင်းဘုတ်ကြီးများဖြင့် သတ်မှတ်နေရာများတွင် ကြိုတင်စိုက်ထူနိုင်ရေး စီမံဆောင်ရွက်သွားကြရမည်ဖြစ်ပါ ကြောင်း။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် လည်း လွတ်လပ်ရေးနေ့အခမ်းအနားများ ကျင်းပရာတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် အညီ ဆောင်ရွက်ရမည့် စံလုပ်ငန်းလမ်းညွှန်ချက်များ ရေးဆွဲပေးရန်နှင့် လိုအပ်သည့်အကြံပြုချက်များကို ဆွေးနွေးပေးစေလိုပါကြောင်း။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် လွတ်လပ်ရေးနေ့ မတိုင်မီနှင့် လွတ်လပ်ရေးနေ့တို့တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းများ၊ လွတ်လပ်ရေးနေ့နှင့် သက်ဆိုင်သော မျိုးချစ်စိတ်ထက်သန် စေသည့် ဇာတ်လမ်းများ၊ သမိုင်းဝင်တေးသီချင်းများ ထုတ်လွှင့်ပြသနိုင်ရေးနှင့် သတင်းစာ၊ ဂျာနယ်များတွင် လည်း ရေးသားဖော်ပြသွားနိုင်ရေး စီမံဆောင်ရွက်သွား ကြရမည်ဖြစ်ပါကြောင်း။

နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည့်အတွက် ဆပ်ကော်မတီများအနေဖြင့် ယခင်နှစ်များက ဆောင်ရွက် ခဲ့ကြသည့် အတွေ့အကြုံများကို အခြေခံ၍ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ လစ်ဟာမှုမရှိအောင် စနစ် တကျ စစ်ဆေးကြပ်မတ်ပြီး အားလုံးပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ လုံခြုံရေးဆပ်ကော်မတီအနေဖြင့်လည်း သတ်မှတ်ထား သည့်လုပ်ငန်းတာဝန်များ လစ်ဟာမှုမရှိအောင် စနစ်တကျ စီမံချက်ရေးဆွဲပြီး လုံခြုံရေးအပြည့်အဝရရှိအောင် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

အားသာချက်အားနည်းချက်

ယနေ့အစည်းအဝေးကို တက်ရောက်လာကြသည့် တာဝန်ရှိသူများအနေဖြင့် ယခင်နှစ်များက တွေ့ကြုံခဲ့ရ သည့် အားသာချက်၊ အားနည်းချက်များအပေါ် အခြေခံပြီး ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို ချမှတ်နိုင်ရေး အကြံပြုဆွေးနွေးသွားကြရန်နှင့် သက်ဆိုင်ရာကဏ္ဍ အလိုက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေး ပေးကြပါဟု ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်က ၂၀၂၁ ခုနှစ် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီ အောက်တွင် ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှု၊ လုပ်ငန်း တာဝန်များ သတ်မှတ်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

အကြံပြုဆွေးနွေး

ယင်းနောက် ကျန်းမာရေးဆပ်ကော်မတီဆိုင်ရာ ကိစ္စရပ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် အမြဲတမ်း တွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း တို့ကလည်း ကောင်း၊ နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနား ကျင်းပ ရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီဆိုင်ရာ ကိစ္စရပ်များကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်ကလည်းကောင်း၊ နိုင်ငံတော်အလံတင်နှင့် နိုင်ငံတော်အလံအလေးပြုပွဲ စစ်ရေးပြဆပ်ကော်မတီ ဆိုင်ရာကိစ္စရပ်များကို နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေကလည်းကောင်း၊ လွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲ ကျင်းပရေး ဆပ်ကော်မတီဆိုင်ရာကိစ္စရပ်များကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းသိမ်းတို့က လည်းကောင်း၊ မီးရှူးမီးပန်းများ ပစ်ဖောက်ရေး ဆပ်ကော်မတီဆိုင်ရာကိစ္စရပ်များကို စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဝင်းလွင် ကလည်းကောင်း၊ လုံခြုံရေးဆပ်ကော်မတီဆိုင်ရာကိစ္စရပ် များကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်က လည်းကောင်း၊ ပြန်ကြားရေးဆပ်ကော်မတီ ဆိုင်ရာကိစ္စရပ်များကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင် တို့ကလည်းကောင်း၊ နိုင်ငံတော်သမ္မတ၏ လွတ်လပ်ရေးနေ့သဝဏ်လွှာပြုစုရေး ဆပ်ကော်မတီဆိုင်ရာ ကိစ္စရပ်များကို ပညာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း ကလည်းကောင်း၊ အားကစားပြိုင်ပွဲများ ကျင်းပရေးဆပ်ကော်မတီဆိုင်ရာ ကိစ္စရပ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်ကလည်းကောင်း၊ စာရင်းစစ်ဆေးရေး ဆပ်ကော်မတီဆိုင်ရာကိစ္စရပ်များကို ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်နိုင်သက်ဦးက လည်းကောင်း သက်ဆိုင်ရာကဏ္ဍများအလိုက် ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများနှင့် Coronavirus Disease 2019 (COVID-19) ဖြစ်ပွားနေသော အချိန်ကာလ ဖြစ်သည့်အတွက် အခမ်းအနားကျင်းပမည့် အခြေအနေ များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို အကြံပြုဆွေးနွေး တင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ တို့က ၂၀၂၁ ခုနှစ် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ အလိုက် ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးတင်ပြ ကြသည်။

ယင်းနောက် ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ဆပ်ကော်မတီများအလိုက် တင်ပြချက်များ၊ အကြုံပြုဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်