မြန်မာနိုင်ငံသည် တိုင်းရင်းသားမျိုးနွယ်စုများ စုပေါင်းနေထိုင်ကြသော နိုင်ငံဖြစ်သည်။ နှစ်ပေါင်းထောင်ချီ အတူလက်တွဲနေထိုင်ခဲ့ကြသောနိုင်ငံဖြစ်၍ ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲနေစေရန် အထူးလိုအပ်ပါသည်။ ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲရေးအတွက် ဒို့တာဝန်အရေးသုံးပါးကို ထာဝစဉ်ဦးထိပ်ပန်ဆင်၍ ဝိုင်းဝန်းလက်တွဲကြိုးပမ်းဆောင်ရွက်နေကြရမည် ဖြစ်ပါသည်။
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးတို့ကို မထိန်းသိမ်း၊ မကာကွယ်၊ မစောင့်ရှောက်ကြပါက စည်းလုံးညီညွတ်မှုယိုင်နဲ့ကာ ပြည်ထောင်စုပြိုကွဲရေးသို့ ဦးတည်ပြီး အချုပ်အခြာ အာဏာဆုံးရှုံးသွားနိုင်သည်။ မျက်မှောက်ကာလတွင် စည်းလုံးညီညွတ်မှု ပျက်ပြား စေရန် ပြည်တွင်း၊ ပြည်ပမှ သွေးထိုးလှုံ့ဆော်နှောင့်ယှက်ဖျက်ဆီးမှုများ အမျိုးမျိုး အဖုံဖုံ ပြုလုပ်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကို ပြန်ကြည့်ပါက ပြည်ထောင်စုပြိုကွဲစေနိုင် သည့် ဖြစ်ရပ်အမျိုးမျိုးတို့နှင့် ကြုံတွေ့ခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။ ၁၉၄၇ ခုနှစ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ နိုင်ငံ့လွတ်လပ်ရေးကို ရယူပြီး နောက် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သည်။ ပါလီမန်ခေတ်တွင် ပါတီတွင်း စိတ်ဝမ်းကွဲပြားမှုများ၊ ပါတီအဖွဲ့အစည်းများက ခါးပိုက်ဆောင်တပ်များ လက်သပ် မွေးမြူမှုများ၊ ဂိုဏ်းဂဏကွဲပြားမှုများ၊ ပြည်ပမှဝင်ရောက်ကျူးကျော်မှုများ ပေါ်ပေါက်လာခဲ့သည်။
တည်ငြိမ်မှုပျက်ပြားနိုင်သော အခြေအနေများကြောင့် ထိုကာလအစိုးရက တိုင်းပြည်ကို ထိန်းသိမ်းပေးရန်လွှဲအပ်ခဲ့ရာ တပ်မတော်က အိမ်စောင့်အစိုးရအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။ ထို့နောက် ရွေးကောက်ပွဲများကျင်းပပြီး အနိုင်ရ သည့်ပါတီအား အာဏာပြန်လည်လွှဲပြောင်းပေးခဲ့သည်။ သို့သော် ၁၉၆၂ ခုနှစ်တွင် တိုင်းပြည်ပြိုကွဲစေနိုင်သည့် နိုင်ငံရေးအကျပ်အတည်းများနှင့် တည်ငြိမ်မှုယိုယွင်း လာသည့် အခြေအနေများကြောင့် တော်လှန်ရေးကောင်စီက အာဏာသိမ်းခဲ့သည်။
ထို့နောက် ၁၉၇၄ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲအတည်ပြု ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ထူထောင်ခဲ့သည်။ တစ်ပါတီစနစ်ဖြင့် နိုင်ငံတော် ကို အုပ်ချုပ်ခဲ့ရာ၌ ၁၉၈၈ ခုနှစ်တွင် စီးပွားရေးအကျပ်အတည်းများနှင့်အတူ အထွေထွေအကျပ်အတည်းများဖြစ်ပေါ်လာခဲ့၍ တပ်မတော်က နိုင်ငံတော်အာဏာ သိမ်းခဲ့ရသည်။ တစ်ပါတီစနစ်မှ ပါတီစုံဒီမိုကရေစီစနစ်သို့သွားလိုသော ပြည်သူများ ၏ဆန္ဒအရ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို အချိန်ယူရေးဆွဲကာ တပ်မတော်က ဒီမိုကရေစီစနစ်ကို လမ်းခင်းပေးခဲ့သည်။
ယနေ့အချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို မဖျက်သိမ်းဘဲ နိုင်ငံတော်အာဏာကို ခေတ္တ ထိန်းသိမ်းဆောင်ရွက်နေခြင်းဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက် (၉) ရပ်ကို လက်တွေ့အကောင်အထည်ဖော်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်နေသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပ ၍ အနိုင်ရပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ လွှဲပြောင်းပေးအပ်သွားမည် ဖြစ်သည်။
တပ်မတော်သည် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်၍ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေသည်။ သို့သော် ဂိုဏ်းဂဏစွဲ၊ ဝါဒစွဲ၊ ပါတီစွဲ၊ လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲအစွန်းရောက်မှုများသည် တိုင်းပြည်ပျက်စီးရေးလမ်းကြောင်းပေါ်သို့ ဆိုက်ရောက်လာခဲ့သည်။ ဒို့တာဝန်အရေးသုံးပါးကို ထိပါးလာခဲ့သည်။ ပြည်ထောင်စု ပြိုကွဲပျက်စီးရေးအတွက် ကြံစည်လုပ်ဆောင်မှုများရှိလာသည်။ ထို့ကြောင့် တပ်မတော်သည် နိုင်ငံ့တာဝန်ကို မလွှဲမရှောင်သာဘဲ ယူခဲ့ရခြင်းဖြစ်သည်။
နိုင်ငံတော်၏တာဝန်ကို ဆောင်ရွက်ရာ၌ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်ရေးကို နေ့မနားညမနား ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အချိန်ကာလ တစ်ခုတွင် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲကို ကျင်းပပေးကာ အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီခရီးလမ်းကို လမ်းခင်းပေး လျက်ရှိသည်။
အဆိုပါလုပ်ငန်းစဉ်များသည် ပြည်သူများ မျှော်မှန်းထားသည့်၊ ပြည်သူ အားလုံး၏ အကျိုးစီးပွားကိုရှေးရှုသည့်၊ ပြည်ထောင်စုကြီးအကျိုးကို ရည်မျှော် သည့် အမျိုးသားရေးလုပ်ငန်းစဉ်များဖြစ်၍ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ် ပန်ဆင်ပြီး ပြည်ထောင်စုကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်ပါ ကြောင်း။ ။