စိန်ရတုပြည်ထောင်စု ထာဝရငြိမ်းချမ်းရေးရှေးရှု

ယခုနှစ်သည် တစ်မူထူးခြားသော နှစ်တစ်နှစ်ဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့၊ ၂၀၂၃ ခုနှစ်တွင် စိန်ရတုလွတ်လပ်ရေး နေ့တို့နှင့် တိုက်ဆိုင်လျက်ရှိသည်။  လွတ်လပ်ရေး၊  စည်းလုံးညီညွတ်ရေးနှင့် ပတ်သက်၍ ထူးခြားသောစိန်ရတုနှစ်တွင် ပြည်သူများလိုလားတောင့်တသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာရေးအတွက်   အဓိကလိုအပ် လျက်ရှိသော ထာဝရငြိမ်းချမ်းရေးရရှိနိုင်အောင် စုပေါင်းလက်တွဲ၍   ဆောင်ရွက် ကြရမည်ဖြစ်သည်။


တစ်မူထူးခြားသော ယခုနှစ်ကာလတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ က  ဖေဖော်ဝါရီလ ၆ ရက်နေ့၌ ကြေညာချက်အမှတ် (၁/၂၀၂၂) ဖြင့် ထာဝရ ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ခြင်းနှင့် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်နိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးသို့ ဖိတ်ကြားလိုက်ခြင်းကို ကြိုဆိုရမည်ဖြစ်သည်။ ထူးခြားလေးနက်သည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ အားလုံးအတူတကွ ပါဝင် တက်ရောက်ခြင်းဖြင့် ပြည်ထောင်စုကြီးအတွက် အရေးကြီးသည့်ထာဝရငြိမ်းချမ်း ရေးအလှမ်းနီးလာမည်ဟု ယုံကြည်ပါသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တည်ငြိမ်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ  ထွန်းကား ရေးတို့အတွက် ရှေ့လုပ်ငန်းစဉ်   (၅)  ရပ်ကို   ချမှတ်ဆောင်ရွက်လျက်ရှိသည်။ ရှေ့လုပ်ငန်းစဉ်၏ စတုတ္ထအချက်တွင် “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေး အတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်”ဟု မူဝါဒချမှတ်ထားသည်။ 


နိုင်ငံတော်အစိုးရအနေဖြင့်    အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ထာဝရ ငြိမ်းချမ်းရေးအတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင် မှုဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ညှိနှိုင်းရေးကော်မတီ သုံးရပ်ကို ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည်။ ငြိမ်းချမ်းရေးဆိုင်ရာညှိနှိုင်းရေးကော်မတီသည် ယနေ့ အထိ NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များနှင့် (၁၆)ကြိမ်၊ NCA လက်မှတ်ရေးထိုးထားခြင်းမပြုသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ကိုးကြိမ်၊ နိုင်ငံရေးပါတီများနှင့် ခုနစ်ကြိမ်၊ ဘာသာရေးခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့များနှင့် နှစ်ကြိမ် စုစုပေါင်း ၃၄ ကြိမ် တွေ့ဆုံခဲ့သည်။              

 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်  ထာဝရငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများပြုလုပ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ အကြမ်းဖက် အုပ်စုအဖြစ် ကြေညာထားသောအဖွဲ့များမှအပ NCA တွင် လက်မှတ်ရေးထိုးထား သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသာမက NCA လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုပါ ထာဝရ ငြိမ်းချမ်းရေးအတွက် ပါဝင်ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ထားသည်။ ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် ကြိုတင်ကန့်သတ်ချက်မထားဘဲ တတ်နိုင်သလောက် လွတ်လွတ် လပ်လပ်နှီးနှောဖလှယ်နိုင်ရန် လမ်းဖွင့်ထားသည်။


နိုင်ငံတော်၏   ရှေ့ဆက်လက်ဆောင်ရွက်မည့်    လုပ်ငန်းစဉ်  (၃)   ရပ်တွင် အမျိုးသားရေးလုပ်ငန်းစဉ် နှစ်ရပ်မှာ “တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ် ရိက္ခာဖူလုံရေး”  ဖြစ်ပြီး  နိုင်ငံရေးလုပ်ငန်းစဉ်နှစ်ရပ်မှာ “စစ်မှန်၍ စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး”ကို ချမှတ်ထားသည်။ ယခုနှစ်မှ စတင်၍ ငြိမ်းချမ်းရေးနှင့် အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးလုပ်ငန်းစဉ်အဖြစ်  ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များကို စတင်တော့မည်ဖြစ်သည်။


မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသည် သမိုင်းအစဉ်အဆက် ဖြစ်တည်လာသော နိုင်ငံရေးပြဿနာများဖြစ်သည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်း၊  ဒီမိုကရေစီကျင့်စဉ်များနှင့်အညီ    စေ့စပ်ညှိနှိုင်းအဖြေရှာသော နည်းလမ်းတို့ဖြင့် ထာဝရငြိမ်းချမ်းရေးခရီးလမ်းသို့ တက်လှမ်းကြရမည်ဖြစ်သည်။ ငြိမ်းချမ်းခြင်း၏   အသီးအပွင့်များနှင့်   မငြိမ်းချမ်းခြင်း၏    ဆိုးကျိုးများကို တိုင်းရင်းသားပြည်သူများ ခံစားနားလည်နေကြသည်။ သို့ဖြစ်ရာ ထူးခြားလေးနက် သည့် စိန်ရတုပြည်ထောင်စုနေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အားလုံး ပါဝင်တက်ရောက်ပြီး ထာဝရငြိမ်းချမ်းရေးရရှိရေးကို  ဆောင်ကြဉ်းပေးစေလိုပါ ကြောင်း။      ။