ညီနောင်ထု တည်ထောင်ပြု စိန်ရတု ပြည်ထောင်စု

Type

ထက်ဝေအောင်(စစ်ကိုင်း)

===============

ကမ္ဘာ့နိုင်ငံအသီးသီးသည်   သမိုင်းနောက်ခံ အချက်အလက်ပုံစံအမျိုးမျိုးဖြင့်  မိမိနိုင်ငံ ရေရှည် ဖွံ့ဖြိုးရေးကို      ဦးတည်ဖော်ဆောင်ကြသည်။ မတူကွဲပြားမှုအလွှာများကို  အတတ်နိုင်ဆုံးလျှော့ချ ၍   သင့်တော်သောနည်းလမ်းများကို  အသုံးပြု ကြသည်။    ပေါင်းစည်းသောပုံစံဖြင့်   နိုင်ငံကို ကိုယ်စားပြုခဲ့ကြသည်။ စနစ်ကောင်းကို ရွေးချယ် အသုံးပြုမှု အားသာချက်သည် လွန်စွာထိရောက်မှု ရှိသည်။   စနစ်ကောင်းဟုဆိုရာတွင်   တိကျသော ဥပဒေပြဋ္ဌာန်းမှု၊ စီမံဆောင်ရွက်မှုကို ရည်ညွှန်းပြီး နိုင်ငံတစ်ဝန်းလုံးရှိ  နိုင်ငံသူ နိုင်ငံသားများသည် အဆိုပါစနစ်ကောင်းကို တစ်ပြေးညီလေးစားလိုက်နာ ရန်လိုသည်။     လူ့တန်ဖိုးနှင့်   နိုင်ငံ့ဂုဏ်သိက္ခာ မြှင့်တင်နိုင်ရေး   ကြိုးစားဆောင်ရွက်ခြင်းသည်   နိုင်ငံတော်ကို စောင့်ရှောက်နေခြင်းဖြစ်ပါသည်။


ငြိမ်းချမ်းရေးအုတ်မြစ်


နိုင်ငံတစ်နိုင်ငံ    ဘက်စုံဖွံ့ဖြိုးတိုးတက်ခြင်း သည်        နိုင်ငံ၏စီမံအုပ်ချုပ်ပုံကောင်းမွန်မှုကို ဖော်ညွှန်းသော်လည်း လူတစ်ဦးချင်းစီ၏ စည်းကမ်း လိုက်နာမှုအပေါ်တွင် တည်မှီနေသည်။ လူ့တန်ဖိုးကို အစွမ်းကုန်မြှင့်တင်ပြီး      တစ်ပြေးညီဖွံ့ဖြိုးရေး လမ်းမထက်ကို        တက်လှမ်းလာကြခြင်းသာ ဖြစ်သည်။ သဘောထားတင်းမာမှု၊ ငြင်းခုံမှုများသည် နေရာတိုင်းတွင်     တည်ရှိနေမည်ဖြစ်သော်လည်း နိုင်ငံအရေးအလေးပေးစဉ်းစားသူတိုင်း၏  နှလုံးအိမ် တွင် ငြိမ်းချမ်းရေးအုတ်မြစ် ခိုင်မာနေမည်ဖြစ်သည်။ 


နိုင်ငံတစ်နိုင်ငံ၏   ခိုင်မာတောင့်တင်းမှုကို ကြည့်လိုလျှင်    စည်းလုံးညီညွတ်မှုပေတံဖြင့်သာ တိုင်းတာသိရှိနိုင်သည်။ စည်းလုံးမှုသည် အစဉ်မရှိ။ သွေးခွဲသပ်လျှိုသူများ၊ မြှောက်ထိုးပင့်ကော်သူများ၏ ဉာဏ်များမှုအောက်တွင်      ပြိုကွဲကြရသည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းလုံး ညီညွတ်မှုသည် လွန်စွာအရေးကြီးသည်။ ထင်းစည်း ပမာပြုထားသည့် စည်းလုံးမှု၏အင်အားကို မျက်ဝါး ထင်ထင် သိရှိနိုင်သည်။ ထင်းကို တစ်ချောင်းချင်း ချိုးလျှင် ကျိုးနိုင်သကဲ့သို့ စည်းလုံးမှုမရှိလျှင် ပြည်ပ ၏ ခြိမ်းခြောက်မှုရန်စွယ်အမျိုးမျိုး၊    ကျူးကျော်မှု ပုံစံအမျိုးမျိုး   ခံရနိုင်ဖွယ်လည်းရှိသည်။   သို့ဖြစ်၍ ပြည်ထောင်စုဖွားတိုင်းရင်းသားအချင်းချင်း အတွေး အမြင်ချင်းဖလှယ်၍        ညှိနှိုင်းအဖြေရှာသည့် နည်းလမ်းဖြင့် နိုင်ငံ့အကျိုး ရှေးရှုဆောင်ရွက်ကြရပါ မည်။ ရှုထောင့်အမြင် မှန်ကန်စွာဖြင့် နိုင်ငံ့အကျိုး ရှေးရှုတည်ဆောက်ကြလျှင်     ပြည်ထောင်စုကြီး အမြန်ဆုံး အေးချမ်းသာယာလာမည်ဖြစ်သည်။


 စီးပွားရေးစနစ်တစ်ရပ်


ရှုပ်ထွေးသော အခက်အခဲစိန်ခေါ်မှုများသည် နိုင်ငံတိုင်းကြုံတွေ့ရသည့်     ပြဿနာများဖြစ်ပေ သည်။ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စိန်ခေါ်မှုသည် နိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်း သားအားလုံးဆီသို့ သွယ်ဝိုက်ရောက်ရှိလာမည်သာ ဖြစ်သည်။ စီးပွားရေးကျဆင်းမှုသည် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို များစွာနောက်ကျစေပြီး ပညာရေး၊ ကျန်းမာရေး၊   လူမှုရေးအခန်းကဏ္ဍများကိုလည်း အားပျော့စေသည်။ ပိုမိုအားကောင်းသော စီးပွားရေး တစ်ရပ်ထူထောင်ရာတွင် ပြည်တွင်း၌ ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ဝယ်ယူသုံးစွဲခြင်း၊ ပြည်ပတင်ပို့ခြင်း ကျင့်စဉ်များကို      အားပေးဖော်ဆောင်ရမည်ဖြစ် သည်။        စီးပွားရေးစနစ်တစ်ရပ်သည်  နိုင်ငံသူ နိုင်ငံသားများ၏     အလုပ်အကိုင်အခွင့်အလမ်း တိုးတက်မှုကိုပါ လမ်းဖွင့်ပေးသောစနစ်ဖြစ်သဖြင့် စီးပွားရေးလုပ်ငန်းစုများ   ပိုမိုများပြားလာရေးအဓိက ကျသည်။   နိုင်ငံအတွင်း စနစ်ကျသော   အခြေခံ အဆောက်အအုံများ၊      စက်ရုံ၊     အလုပ်ရုံများ ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးလာပါက စီးပွားရေး ဟန်ချက်ညီသည်ဟု ဆိုနိုင်သည်။


အမျိုးဂုဏ်၊ ဇာတိဂုဏ်


အမျိုးဂုဏ်၊ ဇာတိဂုဏ်သည်  ထိန်းသိမ်းအပ် သော ယဉ်ကျေးမှုအမွေဖြစ်ပေသည်။ ပြည်ထောင်စု ဖွား တိုင်းရင်းသားများ၏   ယဉ်ကျေးမှု၊   စရိုက် လက္ခဏာများသည်    လွန်စွာချစ်စရာကောင်းပေ သည်။ မြန်မာနိုင်ငံသည် ပြည်ထောင်စုတိုင်းရင်းသား ၁၃၅ မျိုး မှီတင်းနေထိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ခြင်း က ဂုဏ်ယူဖွယ်ကောင်းလှပါသည်။ တိုင်းရင်းသား တစ်မျိုးချင်းစီသည်  ကိုယ်ပိုင်ယဉ်ကျေးမှု၊   ဓလေ့ စရိုက်များစွာရှိပေသည်။ အပြန်အလှန်လေးစားစိတ်၊ ချစ်ခင်တန်ဖိုးထားစိတ်များလည်း အသီးသီးပိုင်ဆိုင် ထားရှိကြသည်။ အများအားဖြင့် ယဉ်ကျေးပျူငှာသော  ပြည်ထောင်စုဖွားတိုင်းရင်းသားများဖြစ်ပါသည်။ 


အတိတ်သမိုင်းတွင်လည်း  ကိုလိုနီနယ်ချဲ့ဝါဒ တစ်ရပ်ဖြင့် မြန်မာ့မြေကို သိမ်းပိုက်ရယူမှုအပေါ် အမျိုးချစ်သူ၊  မျိုးချစ်စိတ်ရှိသူများ၏   သူ့ကျွန်မခံ ပြန်လည်တွန်းလှန်တိုက်ထုတ်ခဲ့မှုကြောင့်  ရရှိခဲ့ သည့် နိုင်ငံ့လွတ်လပ်ရေးကြီးက သက်သေထူလျက် ရှိပေသည်။ လူသူလက်နက် အစစအရာရာသာလွန် သည့် နယ်ချဲ့တို့အား တွန်းလှန်တိုက်ထုတ်ရာတွင် ပြည်ထောင်စုဖွား မျိုးချစ်သူရဲကောင်းများစွာ၏ အသက်သွေးချွေးတို့သည်      ရက်၊ လ၊ နှစ်တိုင် တစိမ့်စိမ့်ယိုကျပေးဆပ်ခဲ့ကြရသည်။ လွတ်လပ်ရေး ရရှိရန် ဘဝပေးအပ်ရင်းနှီးပေးဆပ်မှုသည် ကြီးမား ခဲ့သဖြင့်    အဖိုးတန်လွတ်လပ်ရေးကြီးဖြစ်ပါသည်။ တန်ဖိုးရှိ၍ တန်ဖိုးသိရှိကြရန်လိုအပ်သည်။ မိမိတို့ ၏ ဘိုးဘေးဘီဘင်တို့ မျှော်လင့်တောင့်တ ကြိုးပမ်း ဆောင်ရွက်ခဲ့သည့်  လွတ်လပ်ရေးကြီးကို မြတ်နိုးတန်ဖိုးထားကြရမည်ဖြစ်သည်။          တည်ဆဲ လွတ်လပ်ရေးတစ်ရပ်  မဆုံးရှုံးစေရန်နှင့်  ရေရှည် တည်တံ့သည့် လွတ်လပ်ရေးတစ်ရပ်ဖြစ်ရန် ပြည်သူ အားလုံးက    ဝိုင်းဝန်းကာကွယ်စောင့်ရှောက်သွား ကြရမည်ဖြစ်သည်။


ယနေ့မြန်မာနိုင်ငံသည်     နယ်ပယ်ကဏ္ဍ အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးတက်ကိုလွှင့် ရွက်ကို ဖွင့်၍ အလေးပေးဖော်ဆောင်နေချိန်ဖြစ်ပေသည်။ ဒီမိုကရေစီနည်းလမ်းတကျ လွတ်လပ်စွာရေးသား ခွင့်၊    ပြောဆိုခွင့်ဆိုင်ရာ   အခွင့်အရေးများ ရခွင့်၊ ဖော်ထုတ်ခွင့်လည်းရှိပေသည်။ အဆိုပါ အခွင့်အရေး များကို   နည်းမှန်လမ်းမှန်အသုံးချရန်   လိုအပ်ပြီး အများပြည်သူအကျိုးကိုဖြစ်စေသော လုပ်ဆောင်မှု၊ အများဆန္ဒဖြင့် ဆောင်ရွက်မှုများ  ပါဝင်သင့်လှပေ သည်။ အတူတကွလိုက်ပါဆောင်ရွက်လျှင်  သာတူ ညီမျှ အကျိုးခံစားခွင့်များလည်း တစ်ပါတည်းရရှိနိုင် စေသောကြောင့်ဖြစ်သည်။ သို့သော် လွတ်လပ်ခြင်း အပေါ်တွင်  အမြင်မတူ၊  အသွင်မတူ၊   အယူအဆ အမျိုးမျိုး၊ ခံယူချက်အမျိုးမျိုး ဖြစ်ပေါ်လာသည်။ မိမိ၏အယူအဆ၊ ခံယူချက်တိုင်းတွင်လည်း တရား မျှတမှုနှင့်         ကိုယ်ချင်းစာနာမှုအငွေ့အသက်များ ပါဝင်ရန် လိုအပ်သည်။ 


ငြိမ်းချမ်းမှု


ငြိမ်းချမ်းရေးကို  ပြည်သူအားလုံး    လိုလား တောင့်တကြသည်။     ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ      အမြန်ဆုံးချုပ်ငြိမ်းစေချင်သည်။ ငြိမ်းချမ်းမှုနှင့် မငြိမ်းချမ်းမှုဖြစ်စဉ်များသည် ဆီနှင့် ရေပမာ တန်ဖိုးအားဖြင့် ကွာဟသည်။ နိုင်ငံအများစု တွင်   အချုပ်အခြာအာဏာသက်ရောက်မှုရှိသည်။ နိုင်ငံအချင်းချင်းဆက်ဆံရာပင်လျှင်  အချုပ်အခြာ အာဏာပိုင်ဆိုင်မှုသည်        ထင်ရှားသောပြယုဂ် ဖြစ်သည်။ စည်းလုံးခြင်းသည်အင်အားဖြစ်ပါသည်။ စည်းလုံးမှုအင်အား၊ ညီညွတ်မှုအင်အားဖြင့်   ရရှိခဲ့ သောလွတ်လပ်ရေးကို  ဝိုင်းဝန်းထိန်းသိမ်း၍   ပိုမို ကောင်းမွန်သောအနာဂတ်ကို        ငြိမ်းချမ်းစွာ တည်ဆောက်ရမည်ဖြစ်သည်။ လွတ်လပ်သောနိုင်ငံ အဖြစ် သက်သေထူကြရမည်။


တိုင်းရင်းသားအချင်းချင်း ဘေးပယောဂများ၏ သွေးခွဲသပ်လျှိုမှုအမျိုးမျိုးကြောင့် သွေးမကွဲသင့်ပေ။ ပင်လုံစာချုပ်ကြီးနှင့်   ပြည်ထောင်စုနေ့ကိုလည်း မမေ့သင့်ပါပေ။ လွတ်လပ်ရေးနေ့သည် တိုင်းရင်းသား အားလုံး၏ စည်းလုံးညီညွတ်မှု၊ ယုံကြည်ချက်ခိုင်မာ မှုတို့မှဖြစ်တည်လာသော    သမိုင်းဝင်နေ့စွဲတစ်ခု ဖြစ်ပြီး  ကမ္ဘာတည်သရွေ့တည်ရှိရမည့်  သင်္ကေတ တစ်ခုလည်းဖြစ်သည်။      လွတ်လပ်ရေးကြေညာ စာတမ်းတွင် ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ တို့၏ ညီညွတ်သောစည်းလုံးမှုကို ဖော်ကျူးထားရှိ သည်။  လွတ်လပ်ရေးကြီး   မပျောက်ပျက်အောင် ထိန်းသိမ်းရန်နှင့် ငြိမ်းချမ်းရေးကို လိုလားသူတိုင်း လက်တွဲညီညီ ကာကွယ်စောင့်ရှောက်ရန်တို့ ပါဝင် သည်။ မြန်မာ့လွတ်လပ်ရေး အဓွန့်ရှည်တည်တံ့ရေး မှာ တိုင်းရင်းသားအားလုံး၏ တာဝန်ဖြစ်ပြီး ဥမကွဲ သိုက်မပျက် အေးအတူပူအမျှ နေထိုင်ရေးမူဖြင့် လွတ်လပ်မှုနှင့်အတူ ငြိမ်းချမ်းရေးခရီးလမ်းများ ဖြောင့်ဖြူးသာယာစေရေး ကြိုးပမ်းဆောင်ရွက်မည် ဆိုပါက နိုင်ငံတစ်ဝန်းလုံးတွင် ခေတ်မီဖွံ့ဖြိုးမှုများ အကြားအလပ်မရှိ  ဖော်ဆောင်နိုင်လိမ့်မည်ဖြစ်ပါ ကြောင်း ယုံကြည်စွာဖြင့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုရေးသားတင်ပြ လိုက်ရပါသည်။          ။