ယဉ်ကျေးမှုအစဉ်အလာများ ထိန်းသိမ်းမြှင့်တင်

မြန်မာနိုင်ငံသည် ဘာသာ၊ သာသနာ ယဉ်ကျေးမှုအစဉ်အလာကောင်းများ ထွန်းကားခဲ့သောနိုင်ငံဖြစ်သည်။ မြန်မာတို့၏ လူ့ဘောင်လောကနယ်ပယ်များတွင် ယဉ်ကျေးမှုအစဉ်အလာများနှင့်   အစဉ်အဆက်ထိန်းကျောင်းရှင်သန်ရပ်တည် နေထိုင်ခဲ့ကြရာ မြတ်နိုးဂုဏ်ယူဖွယ်ရာဖြစ်သည်။


နိုင်ငံတိုင်းတွင်လည်း မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုအစဉ်အလာများ မပျောက်ပျက် အောင် ထိန်းသိမ်းစောင့်ရှောက်နေကြသည်။ တိုင်းပြည် ခေတ်နှင့်အညီလိုက်ပါ ဖွံ့ဖြိုးတိုးတက်နေသော်လည်း မိမိတို့၏ယဉ်ကျေးမှုကို မပစ်ပယ်ဘဲ မြတ်နိုးတန်ဖိုး ထား ဂုဏ်ယူကြသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း ပြောင်းလဲလာသော ကမ္ဘာ့ ယဉ်ကျေးမှုစီးကြောင်းတွင် လိုက်ပါစီးမျောရမည်ဖြစ်သော်လည်း အစဉ်အလာ ယဉ်ကျေးမှုများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြ ရမည်ဖြစ်သည်။
ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း မြန်မာတို့၏ အစဉ်အလာယဉ်ကျေးမှုများ ပျက်ယွင်းလာခဲ့သည်။ ဘာသာပေါင်းစုံ လွတ်လပ်စွာကိုးကွယ်ခွင့်ရှိသည်ဟူသော အကြောင်းပြချက်ဖြင့်   အမျိုးဘာသာ၊    သာသနာဆိုင်ရာအဖွဲ့အစည်းများကို ဖျက်သိမ်းပစ်ခဲ့သည်။ ကိုဗစ်-၁၉ ရောဂါ အကြောင်းပြ၍ ဘုရားပုထိုးများ ဖူးမြော် ခွင့်နှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံအတွင်း ဘုရားဝတ်ပြု၊ ကြည်ညိုခွင့် များကို တာရှည်ပိတ်ပင်ထားခဲ့သည်။ သာသနာ့ ဝန်ဆောင် ရဟန်းတော်များကြောင့် နိုင်ငံ့စီးပွားရေးကျဆင်းသယောင် ဝါဒဖြန့်ခဲ့သည်။ မြန်မာတို့၏ မွန်မြတ်သောရိုးရာ အစဉ်အလာဓလေ့ဖြစ်သည့်  ကြီးသူကိုရိုသေ၊  ရွယ်တူကိုလေးစား၊  ငယ်သူကို  သနားဟူသော အစဉ်အလာများကို ပစ်ပယ်ဖျက်ဆီးခဲ့သည်။


ကိုဗစ်-၁၉ ရောဂါကို အကြောင်းပြု၍ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများကို တားမြစ်ပိတ်ပင်ခဲ့သည်။ အခြေခံပညာကျောင်းသင်ခန်းစာများတွင် မြန်မာ့ ယဉ်ကျေးမှုနှင့် ကိုက်ညီမှုမရှိသော၊ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်ပွန်းပဲ့စေသော ကာမပညာပေးသင်ခန်းစာများကို ထည့်သွင်းသင်ကြားစေခဲ့သည်။ နိုင်ငံရေးအတွေး အခေါ်သွတ်သွင်းသူများက  သမိုင်းအမှန်ကိုဖုံးကွယ်ပြီး    ပြည်သူများအကြား တပ်မတော်ကို   မုန်းတီးစေရန်   အသိမှား၊    အမြင်မှား၊   သွေးထိုးလှုံ့ဆော်လက်ခံ လာအောင် တစိုက်မတ်မတ်ပြုလုပ်ခဲ့ကြသည်။
ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းအတွင်း အမျိုးဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုဓလေ့စရိုက်များကို   ရည်ရွယ်ချက်ရှိရှိ     ဖျက်ဆီးခြင်းပြုလုပ်ခဲ့သည့် အကျိုးဆက်များကို မျက်မှောက်ကာလတွင် မြင်တွေ့နေရသည်။ အချို့လူငယ်များ မှာ နိုင်ငံရေးသမားများ၏ အသုံးချမှုကြောင့် လမ်းမှားပေါ်သို့ ရောက်ရှိသွားသည်။ မိဘဆရာသမားများအား ပြစ်မှားစော်ကားမှုများ ပြုလုပ်ခဲ့ကြသည်။ ဆရာသမား များကို ကိုယ်ထိလက်ရောက်စော်ကားခဲ့ရာ ဆရာ ဆရာမ ၃၇ ဦး သတ်ဖြတ်ခံခဲ့ရပြီး ဆရာ ဆရာမများ ထိခိုက်ဒဏ်ရာရခဲ့ကြသည်။ စာသင်ကျောင်းများကို အကြိမ် ၅၀၀ ကျော်  မီးရှို့ဖျက်ဆီးခဲ့သည်။  ထို့အပြင်  ရဟန်းသံဃာ  အပါး ၂၀ ကျော် သတ်ဖြတ်ခံရသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ယိုယွင်းပျက်စီးခဲ့သော အမျိုးဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုတို့ကို ပြန်လည်ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။ ရဟန်း သံဃာများကို ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းလျက်ရှိသည်။ ဗုဒ္ဓသာသနာတော် ထွန်းလင်းတောက်ပလာအောင် ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လ ၈ ရက်နေ့မှစ၍ ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ပိတ်ထားခဲ့သော ဗုဒ္ဓဘာသာ ဘုရားစေတီကျောင်းကန်များအပါအဝင် သက်ဆိုင်ရာဘာသာအလိုက် ဘာသာရေး အဆောက်အအုံများတွင် ဘုရားဝတ်ပြုခြင်း၊ ကြည်ညိုခြင်းများကို ပြန်လည်ဖွင့်လှစ် ပေးခဲ့သည်။


ဘာသာသာသနာယဉ်ကျေးမှုသည်  နိုင်ငံနှင့်လူမျိုးအတွက်   အရေးကြီးပြီး မြန်မာတို့၏စိတ်ဓာတ်နှင့် အကျင့်စာရိတ္တကို ထိန်းကျောင်းပေးထားသည်။ စာရိတ္တ ဟူသောကိုယ်ကျင့်တရားသည် လူတစ်ဦးစီ၏အသက်သွေးခဲဖြစ်သည်။ စာရိတ္တ ကောင်းသူသည် လူကောင်းဖြစ်ပြီး မိသားစုနှင့် နိုင်ငံတော်က အားထားရမည့်သူများ ဖြစ်သည်။ စာရိတ္တယိုယွင်းသူသည် လူဆိုးလူသွမ်းဖြစ်၍ အများပြည်သူတို့အား အနှောင့်အယှက်ပေးနိုင်သူ၊ နိုင်ငံတော်ကို  အန္တရာယ်ပြုနိုင်သူဖြစ်လာကြောင်း မျက်မှောက်ကာလ၌ မီးမောင်းထိုးပြထားသည်။


သို့ဖြစ်ရာ ပျက်စီးယိုယွင်းသွားသော ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုနှင့်စာရိတ္တတို့ ပြန်လည်တည့်မတ်   ကောင်းမွန်လာအောင် အချိန်ယူလုပ်ဆောင်ကြရပေလိမ့်မည်။ မိမိနိုင်ငံ၊   မိမိလူမျိုးအကျိုးအတွက်    လူမှုပတ်ဝန်းကျင်အသိုက်အဝန်းအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။   အထူးသဖြင့်    လူငယ်လူရွယ် တိုင်းအား ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုနှင့် စာရိတ္တကောင်းခြင်းတို့နှင့် ပြည့်စုံ အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။          ။