အယ်ဒီတာ့အာဘော်
=========
မမှန်ကန်သော ထုတ်လွှင့်မှုများကို ရှုတ်ချ
====================
သတင်းတုများ၊ သတင်းမှားများ၊ ကောလာဟလသတင်းများမှာ မမှန်ကန် သောသတင်းများ ဖြစ်ပါသည်။ ယင်းတို့မှာ ပြည်သူလူထု စိုးရိမ်ပူပန်မှု ဖြစ်လာအောင် အန္တရာယ်ပေးသည့် အမှုကိစ္စများဖြစ်ပြီး နောက်ဆက်တွဲ အကျိုးဆက်အနေဖြင့် နိုင်ငံရေး၊ စီးပွားရေးအမြတ်ထုတ်ရန် မမှန်ကန်သည့် ကြံစည်အားထုတ်မှုများဖြစ်သည်။ အထူးသဖြင့် နိုင်ငံအတွင်း ထူးခြားသော အရေးကိစ္စများပေါ်ပေါက်နေစဉ် သတင်းမှားများ၊ မမှန်သတင်းများ ထုတ်လွှင့် နိုင်ရန် ကြိုးပမ်းအားထုတ်မှုများရှိလာရာ ယင်းတို့ကို အသိတရားဖြင့် သတိထား၍ ဆင်ခြင်သုံးသပ် ပယ်ဖျက်ကြရမည် ဖြစ်သည်။
လုပ်ကြံသတင်းသည် သတင်းအချက်အလက်အမှားဖြစ်ပြီး ပြည်သူ လူထုအား အန္တရာယ်ဖြစ်စေရန် ရည်ရွယ်သည်။ သတင်းအမှားသည် သတင်း အချက်အလက်မှားခြင်းသာဖြစ်သော်လည်း ပြည်သူလူထု အန္တရာယ်ဖြစ်စေ ရန် တမင်တကာ ဖန်တီးထားခြင်းမဟုတ်ပေ။ မသမာသောသတင်းများသည် အဖြစ်အပျက်အမှန်ကို အခြေခံထားသော်လည်း ပြည်သူလူထုအန္တရာယ် ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် အသုံးပြုထားခြင်းဖြစ်သည်။ ယခုအခါ လူပုဂ္ဂိုလ်အချို့တို့က လုပ်ကြံသတင်း၊ မသမာသောသတင်းများအား အွန်လိုင်း ပေါ်တွင် အသုံးချပြုလုပ်လာကြရာ ဆိုရှယ်မီဒီယာကို အသုံးပြုသူများ အနေဖြင့် မှန်၏၊ မမှန်၏ ခွဲခြားချင့်ချိန် ဆင်ခြင်သိမြင်နိုင်ရန် လိုအပ်ပါသည်။
အောက်တိုဘာလ ၁၀ ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ်က ဆိုရှယ်မီဒီယာပေါ်တွင် သတင်းမှားများ၊ လုပ်ကြံ ဖန်တီးသောသတင်းများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ သည်။ အွန်လိုင်းပေါ်တွင် နိုင်ငံတော်အကြီးအကဲများနှင့်ပတ်သက်သည့် သတင်းတု၊ သတင်းမှား၊ လုပ်ကြံဖန်တီးထားသည့်သတင်းများ တင်ခဲ့ခြင်း သည် ဥပဒေကြောင်းအရ အရေးယူနိုင်သောကိစ္စဖြစ်သည်။ သို့သော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သတင်းမှားဖြန့်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့ အစည်းများအား အရေးမယူလိုကြောင်း လမ်းညွှန်ခဲ့သဖြင့် ၎င်းတို့ ထုတ်လွှင့်ခဲ့သည့် သတင်းမှားများနှင့် ၎င်းတို့၏အချက်အလက်များကို ဆိုရှယ်မီဒီယာအချို့တွင် ဖော်ပြထားမည်ဖြစ်ရာ အများပြည်သူသိရှိ သုံးသပ် ဆင်ခြင်ကြည့်နိုင်မည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်အတွင်း ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ် ရေးနှင့် ဒီမိုကရေစီရှင်သန်ရေး ရွေးကောက်ပွဲပြုလုပ်ရေးကို တစ်ပြိုင်တည်း ဆောင်ရွက်နေချိန်တွင် နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်လိုသူများက ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ သတင်းမှားများ၊ မဟုတ်မမှန်သတင်းများ ပြုလုပ်လာကြသည်။ ပြည်သူများအနေဖြင့် ယင်းအချက်များကို မှန်မှန် ကန်ကန်သိရှိပြီး အမှား၊ အမှန် ခွဲခြားရှုမြင်နိုင်ရန် လိုအပ်ပါသည်။ ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှု မြင့်မားနေသောကာလ ရောဂါဖြစ်ပွားမှု လျော့နည်းပပျောက် စေရန်အတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုများပြုလုပ်ရာ၌ မိမိတို့၏အသက် ဘေးအန္တရာယ်ကိုမမှုဘဲ ရှေ့တန်းမှ တက်တက်ကြွကြွဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအပေါ် အဟန့်အတားဖြစ်စေ သည့်၊ အနှောင့်အယှက် ဖြစ်စေသည့် ဆိုးကျိုးဖြစ်စေသော မမှန်သတင်းများ မထုတ်လွှင့်မိစေရန် လိုအပ်ပါသည်။
ကူးစက်ကပ်ရောဂါနှင့်ပတ်သက်၍ မမှန်သတင်းများ၊ လုပ်ကြံဖန်တီး သတင်းများ လုပ်ဆောင်ခဲ့ပါလျှင် ထုတ်ပြန်ထားသောဥပဒေအရ အရေး ယူခြင်းခံရနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့ကျပြီး ထိန်းချုပ်လာနိုင်ရေးကို ရှေ့တန်းမှ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတများ ကြိုးပမ်းဆောင်ရွက်ခြင်းနှင့်အတူ ဝိုင်းဝန်းပါဝင်ကူညီကြသော စေတနာရှင်များ၊ အလှူရှင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်သူများလက်တွဲ၍ တက်တက်ကြွကြွကြိုးပမ်း ဆောင်ရွက်နေသည်။ ထိုအချိန်တွင် သတင်းမှားများ၊ လုပ်ကြံသတင်းများ ဖြန့်ဝေပြီး ကဖျက်ယဖျက်လုပ်ခြင်းသည် ပြည်သူ့အကျိုးပြုဆောင်ရွက်မှု များကို ပျက်စီးရာပျက်စီးကြောင်း နှောင့်ယှက်ရာရောက်ပေသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုကို အားကြိုး မာန်တက်ဝိုင်းဝန်းကြိုးပမ်း ကာကွယ်၊ ထိန်းချုပ်ဆောင်ရွက်နေစဉ်၊ ရွေးကောက်ပွဲ ကို အောင်မြင်စွာကျင်းပနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေစဉ် ဆိုရှယ်မီဒီယာ မှသော်လည်းကောင်း၊ အခြားနည်းလမ်းဖြင့်သော်လည်းကောင်း ပျက်စီးရာ ပျက်စီးကြောင်းလုပ်ဆောင်သည့် မလုပ်သင့်မလုပ်ထိုက်သော မဟုတ်မမှန် လုပ်ကြံသတင်းများ ထုတ်လွှင့်မှုများကို ပြည်သူများအနေဖြင့် မှန်ကန်စွာ သိမြင်ဖယ်ရှားနိုင်မည်ဟု ယုံကြည်ပါကြောင်း။ မမှန်သတင်းထုတ်လွှင့်မှုများကို ကျွန်ုပ်တို့အနေဖြင့် ပြစ်တင်ရှုတ်ချလိုက်ရပါကြောင်း။ ။