မြန်မာနိုင်ငံကို သဘာဝသယံဇာတပေါများသည့် တိုင်းပြည်ဟူ၍ ကမ္ဘာကပါ သိရှိကြသည်။ သယံဇာတဟုဆိုရာတွင် စိုက်ပျိုးမွေးမြူ ထုတ်လုပ်နိုင်သည့် ရေနှင့်မြေတို့လည်း ပါဝင်သည်။ အခြားသော သဘာဝသယံဇာတများမှာ ကုန်ခန်းသွားနိုင်သော်လည်း ရေနှင့် မြေတို့မှာမူ ခိုင်မာမှန်ကန်သော မူဝါဒများချမှတ်၍ စနစ်တကျ ထိန်းသိမ်းကာ အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးချနိုင်ပါက စိုက်ပျိုးမွေးမြူထုတ်ကုန်များဖြင့် အစားအစာများ ဖူလုံအောင် ထာဝရထုတ်လုပ်ပေးနိုင်သည့် အရင်းအမြစ်များပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ နောက်ထပ်အရင်းအမြစ်မှာ လူ့စွမ်းအားအရင်း အမြစ်ဖြစ်သည်။ အလုပ်လုပ်နိုင်သည့်အရွယ် လူ့စွမ်းအားအရင်း အမြစ်ကို ကောင်းစွာပြုစုပျိုးထောင်ပြီး နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများ ဖော်ဆောင် ပေးခြင်းဖြင့် နိုင်ငံ့စီးပွားရေးကို မြှင့်တင်နိုင်မည်ဖြစ်သည်။
လက်ရှိအခြေအနေတွင် မိမိတို့နိုင်ငံရှိ သဘာဝအရင်းအမြစ် များနှင့် လူသားအရင်းအမြစ်များမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် ထိထိရောက်ရောက် အသုံးမချနိုင်သည့် အခြေအနေတွင် ရှိနေသည်။ အထူးသဖြင့် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံး ရာတွင် ရင်းနှီးမြှုပ်နှံသူတို့က ကုန်ထုတ်လုပ်မှု ပြုလုပ်မည့်အစား ဆူလွယ်နပ်လွယ်ရှိသော ကုန်သွယ်မှုကိုသာ လုပ်ကိုင်ကြခြင်း ကြောင့်ဟု ယူဆမိသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စား၊ အကြီးစားစက်မှုလုပ်ငန်းများ စသည့် ကုန်ထုတ်လုပ်မှုများ ပြည်တွင်း၌ ထူထောင်ကြပါမှ၊ ဖွံ့ဖြိုး ထွန်းကားကြပါမှ ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများပြီး ပြည်တွင်းစားသုံးနိုင်မှုလည်း တိုးတက်မြင့်မားလာမည် ဖြစ်သည်။ ပြည်တွင်းစားသုံးနိုင်မှုမြင့်မားခြင်းသည် ပြည်တွင်း ဈေးကွက် ကြီးမားကျယ်ပြန့်တိုးတက်လာခြင်း၊ စီးပွားရေး တိုးတက်လာခြင်းပင်ဖြစ်သည်။
သို့ရာတွင် ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားမပေးဘဲ ပြည်ပ သွင်းကုန်များကို တရားဝင်ရော၊ တရားမဝင်ပါ တင်သွင်းနေ သည့်အတွက် ပြည်တွင်းမှ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ထိခိုက် နစ်နာဆုံးရှုံးမှုတို့ ဖြစ်ပေါ်နေသည်မှာ ကာလအတန်ကြာပြီဖြစ် သည်။ မိမိတို့နိုင်ငံတွင် ထုတ်လုပ်လျက်ရှိသော စိုက်ပျိုးရေး ထုတ်ကုန်၊ မွေးမြူရေးထုတ်ကုန်၊ အငယ်စား၊ အသေးစားစက်မှု လက်မှုလုပ်ငန်းများမှ ထုတ်ကုန်များကို ပြည်ပမှ တင်သွင်းလာ သော အလားတူကုန်စည်များက ပြည်တွင်းဈေးကွက်တွင် အနိုင် ယူလိုက်ခြင်းအားဖြင့် ကုန်ထုတ်လုပ်သူ ပြည်တွင်းမှ လုပ်ငန်းရှင် ကိုသာမက ထိုလုပ်ငန်းကို အမှီပြုလုပ်ကိုင်နေကြသည့် ကွင်းဆက် တစ်လျှောက်လုံးမှ အလုပ်လုပ်နေသူများကိုပါ ဘဝပျက်သည်အထိ ထိခိုက်ဆုံးရှုံးနစ်နာစေသည်။
ပြည်ပမှ ကုန်စည်များကို တင်သွင်းရာတွင် ပြည်တွင်းမှ ထုတ်လုပ်သူများနှင့် မှီခိုသူအလုပ်သမားများ ထိခိုက်နစ်နာမှုမရှိ စေရန် မူဝါဒချမှတ်ဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ အကောက် ခွန်မဲ့၊ တရားမဝင်လမ်းကြောင်းများ ပိတ်ဆို့တားဆီးရေး၊ အကျင့် ပျက်ဝန်ထမ်းများအား ဖော်ထုတ်၍ ထိထိရောက်ရောက် အရေး ယူနိုင်ရေးတို့ ဆောင်ရွက်ခြင်းနှင့်အတူ ပြည်တွင်းကုန်ထုတ်လုပ် မှုများ ဖွံ့ဖြိုးတိုးတက်စေရန်၊ လုပ်ငန်းများထူထောင်နိုင်ရန် အားပေးဖို့လည်း လိုအပ်မည်ဖြစ်သည်။ ပြည်တွင်းကုန်ထုတ်လုပ် မှုလုပ်ငန်းများအတွက် လုပ်သာကိုင်သာရှိသော စီးပွားရေး ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးခြင်း၊ ဘဏ္ဍာရေးအခက်အခဲ၊ နည်းပညာအခက်အခဲများ ဖြေရှင်းပေးခြင်း၊ လုပ်ငန်းစွမ်းဆောင် ရည်များ မြှင့်တင်ပေးခြင်း၊ အခွန်သက်သာခွင့်များ ဆောင်ရွက်ပေး ခြင်း၊ ဈေးကွက်များထူထောင်ပေးခြင်း၊ အင်တာနက်ကွန်ရက် အသုံးပြု၍ ရောင်းဝယ်နိုင်ရေး ဖန်တီးပေးခြင်းတို့ကို တက်တက် ကြွကြွ ဆောင်ရွက်ပေးရန်လိုသည်။ ပြည်တွင်းကုန်ထုတ် လုပ်ငန်းများ ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အမျိုးသား ရေးအသွင်ဖြင့် ဆောင်ရွက်သွားရန်ပင်ဖြစ်သည်။
မိမိတို့နိုင်ငံတွင် အရင်းအမြစ် များပါလျက်နှင့် များပါလေ လည်း တမွဲမွဲ မဖြစ်သင့်တော့ပြီ။ မြန်မာစာဆိုဆရာကြီး ဇော်ဂျီ ၏ ‘‘တို့တိုင်းပြည်” ကဗျာတွင် ‘‘ထလော့မြန်မာ၊ မြန်မာထလော့၊ အားမပျော့နှင့်၊ မလျှော့လုံ့လ၊ သူကစ၍ ငါကအားလုံး၊ လက်ရုံး မြားမြောင် ဉာဏ်မြားမြောင်နှင့်၊ စွမ်းဆောင်ကြလေ၊ ဆောင်ကြ လေလော့” ဟူ၍ တိုက်တွန်းနှိုးဆော်ခဲ့သည့်အတိုင်း မိမိတို့၏ သဘာဝ အရင်းအမြစ်၊ လူသားအရင်းအမြစ်များကို အားပြုကာ ကုန်ထုတ်လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးကို မြှင့်တင်နိုင်ကြ ပါစေကြောင်း။ ။