ဆိုင်းနားထောင်ခြင်း

Type
၁

ဆောင်းပါး

====

 

ဆိုင်းနားထောင်ခြင်း

==========

ဆူးငှက်

=====

 

ကျွန်တော့်ဖခင်ကြီးက ဆိုင်းနားထောင်တာ ဝါသနာပါ သည်။ ဆိုင်းဆိုလျှင် စိန်ဘညို၊ ရွှေဒေါင်းမြိုင်ကြိုက်သည်။ စိန်ဘညိုကိုတော့ အသည်းစွဲ။ ဟို...ဘုတလင်အရှေ့ဘက် မိဘများဇာတိ ဝေးသီလံရွာကလေးမှာပြန်၍ ကျွန်တော့် ကို လှူတော့ စိန်ဘညိုဆိုင်းပါသည်။

 

အိမ်တော်ရာဘုရား ထီးတင်မှစ၍

ကျွန်တော်မွေးသည့်နှစ်မှာ မန္တလေးအိမ်တော်ရာ ဘုရားက ထီးတင်တော့ ထီးတင်မှာ မြို့ခံနာမည်ကျော် ဆိုင်းအဖွဲ့နှင့် ယှဉ်ပြိုင်တီးရန် ဖခင်သည် မုံရွာကံပြားရွာမှ စိန်ဘညိုဆိုင်းအဖွဲ့ကို မန္တလေးသို့ခေါ်ကာ တီးစေခဲ့သည်။ စိန်ဘညိုသည်လည်း အိမ်တော်ရာဘုရား ထီးတင်မှစ၍ မန္တလေးမှာ အခြေချကာ နာမည်ကျော်ဆိုင်းဖြစ်သွားတော့ သည်။ ထို့ကြောင့် စိန်ဘညိုဆိုင်းအဖွဲ့ဆိုလျှင် ကျွန်တော် တို့ သားအဖမှာ တီးရာနောက်လိုက်ပြီး ဆိုင်းဝိုင်းနောက် ဝင်ထိုင်ကာ အလှူကဧည့်ခံသော လက်ဖက်ရည်တွေ၊ ထိုးမုန့်၊ နနွင်းမကင်းတွေထိ စားရတာ မှတ်မိနေသည်။

ကျွန်တော်ကား ဆိုင်းအဖွဲ့မှ ကနဦး ယိုးဒယား ကရောင်းရိုက်နေလျှင် ကြေးနောင်သမားကို သဘောကျ နေမိ၏။ လက်ကိုင်ဖုကလေးက ကြေးနောင်ဘုကလေးပေါ် ပွတ်ကာသပ်ကာ၊ ဖိကာ၊ လက်သန်းလေးနဲ့ထိန်းကာ တီးသည်ကို ငေးမိနေသည်။ သာမန်သိသည်က ကြေးနောင် ကို လက်ခတ်နှင့် ရိုက်တီး၍ အသံထွက်သည်ဟုပဲဖြစ်၏။ တကယ်တမ်း သေချာကြည့်တော့ အဲသည်လိုမဟုတ်၊ အပွတ်အသပ်၊ အဖိအဖော့၊ အထိန်းအကွပ်လေးတွေ မြင်ရသည်။ ယိုးဒယားကရောင်း ရိုက်နေစဉ် ရွာစားက ဆိုင်းဝိုင်းထဲဝင်ပြီး ပတ်စာကပ်ကာ အသံစမ်းသည်။

 

စိန်ဆိုတာ အပီပြပါ့ ကိုယ့်ဆရာ

ထို့နောက် အုံနှင့်ကျင်းနှင့် တီးလုံးတစ်ပုဒ်တီးသည်။ တီးလုံးအပြီး တူရိယာအားလုံးအသံ ငြိမ်သက်သွား၏။ ထိုအခါ ဆိုင်းနောက်ထ ပေါက်စနှင့် ကြောင်နီသည် ဆိုင်းဝိုင်းကိုကွယ်၍ တောင်ရှည်ပုဆိုးဝတ်သည်။ လက်စက စွပ်ကျယ်မှ လက်ကိုလိပ်၍ ပခုံးအထိ တင်သည်။ အနားမှာ ထိုင်နေသော ကျွန်တော့်ကို လေသံတိုးတိုးဖြင့်- ''မင်း နောက်နား နည်းနည်းတိုးဦး၊ ငါတို့က ဆော့ရမှာ ဆိုတော့ နေရာကျယ်မှ ဖြစ်မှာ''ဟုဆိုသည်။ နောက်ထ ဦးပေါက်၏ အသံ ခပ်အက်အက်မှာ ကျွန်တော်က ဒီလူကြီးတွေ ဘယ်လိုဆော့မှာပါလိမ့်ဆိုပြီး စိတ်ဝင်တစား ဖြစ်နေမိ သည်။ နေရာကို ရှင်းလင်းပြီးနောက် မုဆိုးထိုင် ထိုင်ကြပြီး နှစ်ယောက်သား အချက်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ဝါးလက်ခုပ်ကိုင်ကာ ထိုင်လျက် ''ဟေး'' ခနဲ အော်ကာ ခုန်လိုက်ကြသည်မှာ ဆိုင်းဝိုင်းကိုပင် ကျော်သွားပါသည်။ ပရိသတ်အားလုံးသည် ဟာခနဲ လန့်သွားသည်။ ထို့နောက် ခုန်ရာမှ မတ်တတ်အကျတွင် “ပတ္တမြားလုံးဆိုတာ ငမောက်တမျှအသွင်ပါပဲ၊ ပတ္တမြားလုံးဆိုတာ ငမောက်တမျှအသွင်ပါပဲ၊စကားသုံးသပ်ကာ ရောက်သမျှတင်ပါရဲ့၊ ပေါက်စခဗျာ ဆရာကို ကန်တော့ကြမှာမို့၊ သောတနား နားဝင် အတွေ့တင်ရအောင် ခြင်္သေ့အဆီက သိင်္ဂီမှာတဲ့ စိန်ဆိုတာ အပီပြပါ့ ကိုယ့်ဆရာ '' ဟူ၍ ဆိုင်းဆင့်

သည်။

ထိုအခါမှ ဆိုင်းနောက်ထတွေ ''ဆော့သည်'' ဟူသော ဝေါဟာရကို နားလည်တော့သည်။ ကျွန်တော်သည် ကံကောင်းထောက်မစွာဖြင့် ဆိုင်းဝါသနာအိုး၊ ဇာတ် ဝါသနာအိုး ဖခင်နှင့် ဆိုင်းတကာ ဇာတ်တကာကို ငယ်စဉ် ကတည်းက ကြည့်ဖူးခဲ့ခြင်း၊ ဖခင်နှင့် ဝါသနာတူသူများ၏ အိမ်ရှေ့ လက်ဖက်ရည်ကြမ်းဝိုင်းမှ ဇာတ်အကြောင်း၊ ဆိုင်းအကြောင်း တဝတပြဲ နားထောင်ရခြင်းတို့ကြောင့် အနုသုခုမကို အနည်းငယ် တီးမိခေါက်မိခြင်းလောက်သာ ဖြစ်သည်။

အနုပညာဖြင့် ဖျော်ဖြေခြင်းသာမက

မြန်မာလူမျိုး အများစုက ရှေးအတီတေကပင် ယဉ်ကျေးမှုပိုင်း ကုန်လုံကြွယ်ဝသည်။ ထို့ကြောင့် လုပ်ဆောင်ဖွယ်ရာ အဝဝတွင် ယဉ်ကျေးသော လူမျိုး ဓလေ့အလျောက် အနုပညာထုံမွှမ်းသည်။ အထူးသဖြင့် ကုသိုလ်ရေးကိစ္စများ၌ အနုပညာဖြင့် ဂါရဝထားကြသည်။ ထို့ကြောင့် အလှူအတန်းပွဲလမ်းများတွင် အနုပညာဖြင့် ဖျော်ဖြေခြင်းသာမက ချီးမြှောက်ခြင်း၊ ပူဇော်ခြင်းများ လည်း ပြုကြ၏။

မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များအတွက် သားယောက်ျား လေး အရွယ်ရောက်လာလျှင် မြတ်စွာဘုရား သာသနာ အတွင်း သွတ်သွင်း ရှင်ပြုကာ သမီးမိန်းကလေးကိုလည်း နားသမင်္ဂလာဆင်ယင်ပြီး ဘုရားအမှူးပြုသော သံဃာတော် အရှင်မြတ်တို့ကို လှူဖွယ်ဝတ္ထုအစုစုတို့ လှူဒါန်းခြင်းဖြင့် ကုသိုလ်ပြု၏။ ထိုသည်ကို လှူခြင်း၊ အလှူ ပြုလုပ်ခြင်း၊ အလှူတော်မင်္ဂလာဟု သုံးနှုန်းကြသည်။ သာမဏေရပဗ္ဗဇ္ဇ မြောက် ချီးမြောက်ခြင်း၊ ကဏ္ဍဝိဇ္စျန မြတ်နားသမင်္ဂလာ ဆင်ယင်ခြင်း အလှူတော်ဟု ခေါ်ဆိုကြသည်။ ထိုအလှူကို ဖိတ်ကြားသောအခါ ‘တရားပရိတ်တော် အတူတကွ နာယူကြည်ညိုနိုင်ပါရန် လေးမြတ်စွာ ဖိတ်ကြားအပ်ပါ သည်..” ဟု ဖိတ်စာတွင် ရေးသားလေ့ရှိသည်။

 

အလှူမဏ္ဍပ်

မန္တလေးတွင် အလှူတွေကို ရှေးက မဏ္ဍပ်ကြီးများ ထိုးပြီး တခမ်းတနား ကျင်းပလေ့ရှိသည်။ ပန်းဆယ်မျိုး လက်မှုအနုပညာထွန်းကားသော မန္တလေးတွင် လက်ဝါ အတတ်ပညာဟု ခေါ်ဝေါ်သည့် စပ်ပန်းချီပညာလည်း ထွန်းကားသည်။ ရှေးက ပန်းချီဆရာမှန်သမျှ စပ်ပန်းချီနှင့် မကင်းနိုင်ကြ။ ပန်းချီပညာကို စတင်သင်ကြားလျှင် စပ်ပန်းချီဆရာထံ ဦးစွာ လေ့လာသင်ယူကြရသည်။ စပ်ပန်းချီဆရာက သုမင်္ဂလ၊ ဒုမင်္ဂလ နှစ်မျိုးစလုံးမှာ မဏ္ဍပ်အထည်သာမက ဗုဒ္ဓဝင်၊ နိပါတ်တော်၊ ငါးရာ့ငါးဆယ်၊ ဇာတ်ကြီးဆယ်ဘွဲ့စသော ပန်းချီကားများနှင့်လည်း လက်စွမ်းပြလေ့ရှိသည်။ မန္တလေး၌ နာမည်ကျော် စပ်ပန်းချီဆရာကြီးများရှိသည်။ သူတို့၏ စပ်ပန်းချီ လုပ်ငန်းများက အလှူမဏ္ဍပ်ကြီးများ ငှားရမ်းနိုင်သလို တတ်နိုင်လျှင် အသစ်လည်းအပ်နိုင်သည်။ ကိုယ့်အလှူမှာ ကိုယ့်စိတ်ကူးနှင့် ဖြစ်ချင်သောမဏ္ဍပ်ပုံစံ အသစ်အပ်နှံ တာမျိုးတွေလည်းရှိသည်။

ထို့ကြောင့် အလှူမတိုင်ခင် တစ်ပတ်လောက်ကတည်း က အလှူအိမ်ရှေ့မှာ မဏ္ဍပ်စထိုးပါပြီ။ မဏ္ဍပ်အများစုက ရတနာပုံခေတ် မြနန်းစံကျော်ရွှေနန်းတော်ကြီး အဆောင် အယောင်ပုံစံများ ဖြစ်သည်။ မုခ်ဦးပေါ်မှာ ဘုံခုနစ်ဆင့် ပြာသာဒ်ပေါက် ထားသည်။ မဏ္ဍပ်ဦးခန်းတွင် ဘုရား ဆောင်ထားရှိသည်။ သံဃာစင်နှင့် မောင်ရှင်လောင်းစင် နားသစင်လည်း ပါရှိသည်။ တကယ်တော့ အလှူမဏ္ဍပ် ဆိုသည်မှာ အလှူကာလအတွင်း မြတ်စွာဘုရားရှင် သီတင်းသုံးဖို့ တည်ဆောက်လှူဒါန်းထားသော ရွှေကျောင်း တော်ကြီး အလားသဏ္ဌာန်ဖြစ်သည်။ ထို့ကြောင့် မဏ္ဍပ်ကြီးပြီးသည်နှင့် ဘုရားဆင်းတုတော်တစ်ဆူကို ပင့်ဆောင်ပြီး မဏ္ဍပ်ဘုရားဆောင်မှာ သီတင်းသုံး ပူဇော် ထားရှိသည်။

 

အလှူဝင်ည ဆိုင်းဧည့်ခံ

အလှူဝင်နေ့မှာ မွန်းတိမ်းတာနဲ့ ဧည့်ခံမယ့် ဆိုင်းအဖွဲ့ ရောက်လာပါပြီ။ မဏ္ဍပ်ရှေ့ ပေ၂၀၀လောက်အကွာမှာ ဆိုင်းအဖွဲ့အတွက် လေးတိုင်နှင်းစင်လေး သပ်သပ်ရပ်ရပ် ထိုးထားသည်။ ဆိုင်းအဖွဲ့က နှင်းစင်အောက်မှာ ဗိမာန်ကို ဆင်သည်။ အလှူဝင်ည လာသမျှပရိသတ်အားလုံးကို ဆိုင်းအဖွဲ့က တီးမှုတ်ဖျော်ဖြေ ဧည့်ခံမှာမို့ နောက်ရက် အလှူကြီးနေ့အတွက် မဏ္ဍပ်အတွင်း ပြင်ဆင်ထားသည့် အခမ်းအနားများ ဆိုင်းနားထောင်ပရိသတ်ကြောင့် မပျက်စီးရလေအောင် မဏ္ဍပ်အပြင်မှာပဲ ဆိုင်းဧည့်ခံစေ ခြင်း ဖြစ်သည်။ ထိုအစဉ်အလာမှာ ရွာစားကြီးစိန်ဗေဒါ တို့ လက်ထက်ကတည်းက ဖြစ်ပါ၏။ ဆိုင်းအဖွဲ့က နှင်းစင် အောက်ပြင်ဆင်ပြီးသည်နှင့် ညနေစောင်းတွင် အလှူမှာ ဆိုင်းအဖွဲ့ ရောက်ပါပြီဆိုတာ ကြားကြားသမျှ အသိပေး သည့်အနေနှင့် ဗျောရိုက်ပါတော့သည်။ ကြေးနောင် မောင်းဆိုင်း ဒိုးချောင် နှဲကြီး ပလုတ်တုတ် အုပ်စုံနှင့် မောင်းကြီးထုပြီး တီးမှုတ်သည့် ဗျောသံဖြစ်သည်။ အလှူ အဖွင့်အဖြစ် တက်ကြွကြည်နူးဖွယ်အသံများ စတင်ကြား လိုက်တော့ ဝမ်းသာမျက်ရည် လည်ကြရပြီ။ မန္တလေးဆို သည်မှာ အနုပညာများ ပျော်ဝင်နေသောမြို့မို့ ရပ်ကွက် အတော်များများမှာ ဆွမ်းကြီးခံ တီးဝိုင်းလေးတွေတွေ့ရ သည်။ အတော်အသင့် တီးတတ်မှုတ်တတ်ကြသည်။ ထိုသို့သောရပ်ကွက်မျိုးမှာ အလှူရှိ၍ ဆိုင်းအဖွဲ့ရောက်လာ ပြီဆိုလျှင် ဆိုင်းလည်းဆင်ပြီး ညနေစောင်း ဆိုင်းတစ်ဖွဲ့ လုံး ကျွေးရုံ မှာ ထမင်းစားနေချိန် ရပ်ကွက်ခံ လူငယ်လေး တွေက ဆိုင်းထဲဝင်ကာ ကိုယ်တိုင်ဗျောရိုက်ကြသတဲ့။ ဒါကို အရပ်သားတီးလုံးဟု ခေါ်ကြသည်။

 

ရွာစားကြီးစိန်ဗေဒါဆိုင်း အားသည့်ရက်

အလှူဝင်ညမှာ ဆိုင်းဧည့်ခံချိန်ရောက်တော့ ဆိုင်းဝိုင်း က ဖန်ပန်းတောင်းကြီးတွေမှာလည်း မီးလုံးတွေ ထွန်းညှိ လို့..။ ပတ်မထမ်းပဉ္စရူပရုပ်မှာလည်း မီးဆိုင်းတွေဆင်ထား သည်။ ဖန်ရောင် မှန်ရောင်တွေ ပြိုးပြက်လင်းလက်နေ သော ဆိုင်းဝိုင်းမျက်နှာမူရာ ခပ်လှမ်းလှမ်းမှာ တာဝတိံသာက နတ်ဘုံနတ်နန်းအလား ရွှေတောင်ပေါက်သည့်ပမာ မီးလုံး မီးဆိုင်း ရောင်စုံများဖြင့် မဏ္ဍပ်ကြီးက ဟည်းထနေသည်။ ဆိုင်းအဖွဲ့က မဏ္ဍပ်နှင့် မလှမ်းမကမ်းနေရာမှာ အယုတ် အလတ်အမြတ်မရွေး ပရိသတ်အားလုံးကို တီးမှုတ် သီဆို ဧည့်ခံသည်။ ထိုဆိုင်းအဖွဲ့၏ တီးမှုတ် သီဆိုခြင်းကို နားဆင်ကြည့်ရှုခြင်းအား ဆိုင်းနားထောင်ခြင်းဟု ခေါ် သည်။ ထိုသို့ အလှူပွဲ ဘုရားပွဲ ကျောင်းပွဲများတွင် ဆိုင်း နားထောင်ခြင်းဓလေ့ ထွန်းကားခဲ့သောကြောင့် ရှေးက အလှူပွဲများတွင် ပရိသတ်ကြိုက်နှစ်သက်လှသော ရွာစားကြီးစိန်ဗေဒါဆိုင်းပါမှ အလှူမြောက်သလို စွဲလမ်းကြသောကြောင့် အလှူရက်ကိုပင် ပုဏ္ဏားပေးသည့် ရက်ထက် ရွာစားကြီးစိန်ဗေဒါဆိုင်း အားသည့်ရက်ကို ရွေးကြသည်ဟု ပြောစမှတ်ရှိသည်။

 

ဆိုင်းနားထောင်ခြင်းဓလေ့

ထိုသို့ အလှူပွဲများ၌ စိန်ဗေဒါဆိုင်းက မပါမဖြစ်မို့ မန္တလေးဆိုင်းအားလုံးလိုလို အလှူအတန်းဧည့်ခံဖျော်ဖြေပွဲတိုင်း တီးမှုတ်သီဆိုသော သမားစဉ်တီးလုံးတီးကွက် များသည် စိန်ဗေဒါကြီးတီးခဲ့သော သမားစဉ်မူအတိုင်း လက်ဆင့်ကမ်း အမွေဆက်ခံ တီးမှုတ်ခဲ့ကြသည်။ စိန်ဗေဒါ ကလည်း သူ့ဖခင်ဖြစ်သူ ရတနာပုံခေတ် အတွင်းတော်တီး လက်ယာစိန်ဆိုင်း အမှုတော်ထမ်း ဆီဆုံဆယ်ရွာစား နေမျိုးကျော်စွာခေါင် ဆရာဖေကြီး၏ သမားစဉ်အတိုင်း ပညာအမွေခံ တီးခတ်ခဲ့ခြင်းဖြစ်သည်။

အခုတော့ မန္တလေးက အလှူပွဲများ၏ အလှူဝင်ညမှာ ဆိုင်းနားထောင်ခြင်းဓလေ့ ကွယ်ပေါ့။ ဆိုင်းအဖွဲ့က ထုတ် လုပ်ဖြန့်ချိထားသော ဆိုင်းခွေကိုပဲဖွင့်ကာ နားထောင် လိမ့်မည်။ သို့သော် နယ်ကအလှူပွဲများ၌ အလှူဝင်ဧည့်ခံ ဆိုင်းများကို တမက်တမော စည်စည်ကားကား အားပေး ကာ ဆိုင်းနားထောင်ဓလေ့ ထွန်းကားနေတာ မြင်ရတော့ ဝမ်းသာလှပါ၏။ ။

 

 

ဆူးငှက်