ပြည်ထောင်စုတည်တံ့ခိုင်မြဲရေး စည်းလုံးခြင်းသည်အသက်သွေး

မြန်မာနိုင်ငံသည် ကျူးကျော်သူနယ်ချဲ့တို့ကို  လက်နက်စွဲကိုင်   တွန်းလှန် တိုက်ခိုက်၍ အနိုင်ယူခဲ့သော်လည်း တိုင်းပြည်လွတ်လပ်ရေးအတွက် တိုင်းရင်း သားပြည်သူအပေါင်းတို့၏  စည်းလုံးညီညွတ်သော  စိတ်ဓာတ်စွမ်းအားများကို အခိုင်အမာထုတ်ဖော်ပြသ၍ အရယူနိုင်ခဲ့ပါသည်။ နယ်ချဲ့ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံကို အကြိမ်ကြိမ်အခါခါ နည်းပရိယာယ်မျိုးစုံဖြင့် သိမ်းပိုက်အုပ်ချုပ်ခဲ့ သော်လည်း တိုင်းရင်းသားပြည်သူအပေါင်းတို့၏ စည်းလုံးညီညွတ်မှုအားမာန်ကို မခံနိုင်ဘဲ လွတ်လပ်ရေးပေးခဲ့ရပါသည်။


လွတ်လပ်သောနိုင်ငံအဖြစ် ရပ်တည်နေထိုင်ရခြင်းမှာ လွယ်လွယ်ကူကူတော့ မဟုတ်ပေ။ နှစ်ပေါင်းကာလ ရာစုတစ်ခုတိုင်အောင် ကျွန်ုပ်တို့၏ ဘိုးဘွားဘီဘင်များ ၏ အသက်သွေးချွေးများနှင့် ဘဝများစွာတို့ကို ရင်းနှီးပေးဆပ်ခဲ့ရပါသည်။ ပြည်သူ များ၏ စည်းစိမ်ဥစ္စာပိုင်ဆိုင်မှုများနှင့် နိုင်ငံ၏ သဘာဝသယံဇာတအမြောက်အမြား ဆုံးရှုံးခဲ့ရပါသည်။ တိုင်းပြည်လွတ်လပ်ရေး ဆုံးရှုံးခဲ့ရမှုတွင် ရုပ်ဝတ္ထုပိုင်းဆိုင်ရာတို့ သာမက ဘဝများနှင့်ဆိုင်သည့် စိတ်ဓာတ်များပါ ထိခိုက်ခဲ့ရပါသည်။ လွတ်လပ်ရေး ရရှိပြီးသောအခါတွင် ယင်းဒဏ်ရာအနာတရများမှာ အကင်းမသေဘဲ ဆိုးမွေဒဏ်ရာ အနာတရများကို ဆက်လက်ခံစားကြရပါသည်။
နိုင်ငံတစ်နိုင်ငံအတွက် အဓိကလိုအပ်ချက်၊ အရေးအကြီးဆုံးအချက်သည် စည်းလုံးညီညွတ်မှုဖြစ်သည်။ ပြည်ထောင်စုကြီး အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲရေး အတွက် အမြော်အမြင်ရှိသော ခေါင်းဆောင်များက တည်ဆောက်ခဲ့ကြသည်။ ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊ တတိယမြန်မာနိုင်ငံတော်များကို ရာစုနှစ်ပေါင်းများစွာကြာအောင် စည်းလုံးညီညွတ်မှုဖြင့် တည်ထောင်ခဲ့ကြသည်။ အမြော်အမြင်နည်းသော ခေါင်းဆောင်နှင့် တိုင်းပြည်စည်းလုံးညီညွတ်မှု လျော့နည်း သောအချိန်တွင်  နိုင်ငံ့လွတ်လပ်ရေးနှင့်    အချုပ်အခြာအာဏာပိုင်စိုးမှုမှာ အလွယ်တကူဆုံးရှုံးခဲ့ရသည်။ ဆုံးရှုံးသွားသော လွတ်လပ်ရေးပြန်လည်ရရှိရန် အတွက် နှစ်ပေါင်းရှည်ကြာ ကြိုးပမ်းခဲ့ရသည်။


မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော် စိန်ရတုကာလ သို့ပင် ရောက်ရှိတော့မည်ဖြစ်သည်။ စည်းလုံးညီညွတ်မှုဖြင့် နိုင်ငံလွတ်လပ်ရေးရရှိခဲ့သော်လည်း အချုပ်အခြာအာဏာမပျက်စီးအောင် နှစ်ပေါင်းများစွာ ကျားကန် နေရဆဲဖြစ်သည်။ စည်းလုံးညီညွတ်နေသောအခါ မည်သည့်သူစိမ်းတစ်ရံဆံကိုမျှ မှုစရာမလိုဘဲ မော်မော်ကြွားကြွားနေနိုင်သည်။ စည်းလုံးညီညွတ်မှုအားနည်း၍သာ အချုပ်အခြာအာဏာမပျက်စီးအောင် ကျားကန်နေရခြင်းဖြစ်သည်။ မျက်မှောက် ကာလတွင် စည်းလုံးညီညွတ်မှုပြိုကွဲလျှင် တိုင်းတစ်ပါးလက်အောက်သို့ မရောက်နိုင် သော်လည်း တိုင်းတစ်ပါးလက်ဝေခံဘဝဖြင့်  မတည်ငြိမ်သော   နိုင်ငံအဖြစ်သို့ ရောက်ရှိနိုင်သည်ကို   စည်းလုံးညီညွတ်မှုပြိုကွဲခဲ့သော    နိုင်ငံများ၏ဖြစ်စဉ်ကို ကြည့်လျှင် သိနိုင်ပါသည်။


မြန်မာ့နိုင်ငံရေးအခြေအနေကို  လေ့လာကြည့်လျှင်   ပြည်ထောင်စုသား အချင်းချင်း အဆင်မပြေမှုများ ကြုံခဲ့ရသည်။ သဘောထားကွဲလွဲမှုများ မကြာခဏ ဖြစ်ခဲ့ရသည်။ ပဋိပက္ခများ ရံဖန်ရံခါဖြစ်ပေါ်တတ်သည်။ သဘောထားမတူကွဲပြား မှုများဖြစ်အောင် နည်းမျိုးစုံဖြင့် သွေးခွဲခြင်းကို ခံထားရသည်။ မတူကွဲပြားမှုများ ရှိသည်မှာ သဘာဝပင်ဖြစ်သော်လည်း သွေးခွဲမှုများကြောင့် စိတ်ဝမ်းကွဲပြား ကြရသည်။ အဆင်မပြေမှုများကို ဆန်းစစ်ကြည့်လျှင် ပြည်ထောင်စုအိမ်ကြီးတွင် အတူနေပါလျက် ပြည်ထောင်စုစိတ်ဓာတ်အားနည်းသောကြောင့် ဖြစ်ရသည်ဟု ဆင်ခြင်ရမည်ဖြစ်သည်။ တန်းတူညီမျှ လွတ်လပ်ရေးရရှိစေမည့် ပြည်ထောင်စု စိတ်ဓာတ်ကို ၁၉၄၇ ခုနှစ်တွင် တည်ဆောက်နိုင်ခဲ့သော်လည်း လွတ်လပ်ရေးရပြီး သည့် ၁၉၄၈ ခုနှစ်မှစ၍ ပြန်လည်ယိုင်နဲ့လာခဲ့သည်။ အကျိုးဆက်မှာ ပြည်တွင်း မငြိမ်းချမ်းမှု၊ နိုင်ငံရေးမတည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျရမှုများဖြစ်လာ ခဲ့သည်။


ပြည်ထောင်စုစိတ်ဓာတ်သည် နိုင်ငံတော်၏ မည်သည့်နေရာတွင် နေထိုင် သည်ဖြစ်စေ တစုတစည်းတည်း စည်းစည်းလုံးလုံး နေထိုင်မည်ဟူသောစိတ်ဓာတ် ဖြစ်သည်။ အမိနိုင်ငံတော်နှင့်  မိမိတို့၏တိုင်းရင်းသားလူမျိုးအချင်းချင်း ချစ်ခင် မြတ်နိုးတန်ဖိုးထားပြီး တစ်စိတ်တစ်ဝမ်းတည်း နေထိုင်ကြမည်ဟူသည့် ဝံသာနုရက္ခိတ တရားကို အခြေခံတည်ဆောက်ထားကြရမည်ဖြစ်သည်။ ပြည်ထောင်စုစိတ်ဓာတ် သည် တိုင်းပြည်အတွက် အရေးကြီးသဖြင့် ပြည်ထောင်စုစိတ်ဓာတ် ခေါင်းပါးလာ သည်နှင့် တိုင်းပြည်အတွက်၊ ပြည်ထောင်စုအတွက် အန္တရာယ်ကြီးမားလာသည်ကို သတိမူရမည်ဖြစ်သည်။
မြန်မာ့နိုင်ငံရေးသမိုင်းတွင် ပြည်ထောင်စုကြီးမပြိုကွဲအောင် တပ်မတော်သည် အစဉ်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ခဲ့ရသည်ကို အမှန်အတိုင်းသိရှိသင့်ပါသည်။ ပြည်ထောင်စုပြိုကွဲသွားသော နိုင်ငံများ၏ဘဝသည် ခါးသီးဖွယ်ကောင်းပြီး ပြည်သူ များ ဒုက္ခဆင်းရဲ ကြီးမားစွာကျရောက်ခဲ့ရသည့်ဖြစ်စဉ်များကို သင်ခန်းစာယူ၍  ပြည်ထောင်စုမပြိုကွဲအောင် စည်းလုံးညီညွတ်ရေးကို ခိုင်မာစွာတည်ဆောက်ရမည် ဖြစ်ပါကြောင်း။       ။