
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ၂၀၂၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်အမှာစကား ပြောကြား
=====================================================================
နေပြည်တော် အောက်တိုဘာ ၁၃
၂၀၂၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အမြဲတမ်း အတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန် ရှိသူများ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဦးစိုးဝင်း၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဦးအုန်းဝင်း၊ ဦးဟန်ဇော်နှင့် ဒေါက်တာဝင်းမြတ်အေး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင် ဝန်ကြီး များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊
စာမျက်နှာ ၈ ကော်လံ ၁ သို့ m
ဌာနဆိုင်ရာအကြီးအကဲများ၊ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်း စာနာကူညီမှုညှိနှိုင်းရေးမှူး၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စား လှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ပြောင်းလဲခေါ်တွင်ခဲ့
အခမ်းအနားတွင် ဒုတိယသမ္မတက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက နှစ်စဉ် အောက်တိုဘာ ၁၃ ရက်ကို အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ (International Day for Disaster Reduction- IDDR)အဖြစ် ၂၀၀၉ခုနှစ်တွင် စတင်သတ်မှတ်ခဲ့ပါကြောင်း၊ လွန်ခဲ့သည့် ၂၀၁၉ ခုနှစ်က ဘေးအန္တရာယ်များကို လျှော့ချရေးဆိုသည်ထက် ဘေးဖြစ်လျှင် ထိခိုက်နိုင်ခြေများကို လျှော့ချဖို့အရေး သည် ပို၍အရေးပါသည်ဟု စဉ်းစားသုံးသပ်ပြီး အပြည်ပြည်ဆိုင်ရာ သဘာဝ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ (International Day for Disaster Risk Reduction- IDDRR)အဖြစ် ပြောင်းလဲခေါ်တွင်ခဲ့ပါကြောင်း။
ယခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ကို ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး ဆိုင်ရာ ဆန်ဒိုင်းမူဘောင် (၂၀၁၅-၂၀၃၀)၏ ပန်းတိုင်(E)ဖြစ်သည့် နိုင်ငံတော် အဆင့်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်များတွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ မဟာဗျူဟာများနှင့် စီမံချက်များ အဆင်သင့်ရှိနေရေးနှင့် လက်တွေ့အကောင်အထည်ဖော်ကြရေး၊ ဘေးအန္တရာယ် ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများကို စနစ်တကျ စီမံအုပ်ချုပ်ဆောင်ရွက်ပေးနိုင် ရေးနှင့် လက်ရှိဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ မဟာဗျူဟာများနှင့် စီမံချက် များတွင် ကူးစက်ရောဂါအပါအဝင် ဇီဝဗေဒဆိုင်ရာဘေးအန္တရာယ်များအတွက် အစီအမံများကိုပါ ထည့်သွင်းရေးဆွဲဆောင်ရွက်ပေးကြရေးဟူသည့် ရည်ရွယ်ချက် များဖြင့် ကျင်းပခြင်းဖြစ်ပြီး အဆိုပါရည်ရွယ်ချက်သုံးချက်ကို ပေါက်မြောက် အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
အထင်ရှားဆုံးဥပမာ
COVID-19 ကူးစက်ရောဂါဖြစ်ပွားမှုများ မြင့်တက်နေချိန်တွင် လူတိုင်း လူတိုင်းအခက်အခဲကိုယ်စီ ကြုံတွေ့နေကြရပါကြောင်း၊ ထိုသို့သော အခက်အခဲ ကို မိမိတို့အတွက် ယခုတစ်ကြိမ်သာ ကြုံတွေ့ရမည်ဟု မည်သူမျှတစ်ထစ်ချပြော၍ မရပါကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့သော အခက်အခဲကို အခွင့်အရေးတစ်ရပ် အဖြစ်ပါမှတ်ယူပြီး နောင်ကာလများအတွက် ပြင်ဆင်နိုင်သည်များနှင့် သင်ယူနိုင် သည်များကို ရယူဆုပ်ကိုင်နိုင်ရန် လိုအပ်ပါကြောင်း၊ COVID ဘေးအန္တရာယ်နှင့် လက်တွေ့ရင်ဆိုင်နေရချိန်တွင် ယခုကဲ့သို့သော အခမ်းအနားပြုလုပ်ခြင်းသည် အမှန်တကယ် ပို၍လေးနက်မှုရှိမည်ဟု ယုံကြည်ပါကြောင်း၊ အဘယ့်ကြောင့်ဆို သော် မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့် သဘာဝဘေးများနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများသာမက ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းများတွင်ပါ အတော်အသင့် လုပ်ဆောင်နိုင်ကြပြီဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာတွင် ကြုံတွေ့ရ သည့် ကပ်ရောဂါဘေးများနှင့်စပ်လျဉ်း၍ COVID-19 ကပ်ရောဂါသည် မိမိတို့ အားလုံး၏ ကျန်းမာရေးဆိုင်ရာ အသိအမြင်များ နိုးကြားလာရန် အချက်ပေး လိုက်သည့် ခေါင်းလောင်းသံဖြစ်နေ၍ပင်ဖြစ်ပါကြောင်း၊ သဘာဝတရားကြီးနှင့် ဆက်စပ်သည့် ဘေးအန္တရာယ်များအပြင် ပြည်သူ့ကျန်းမာရေးနှင့်ဆက်စပ်နေ သည့် ဘေးအန္တရာယ်များအတွက်ပါ မိမိတို့အားလုံး ပို၍အလေးထားလုပ်ဆောင် ရန် လိုအပ်လာပြီဆိုသည်မှာ COVID-19 က အထင်ရှားဆုံး ဥပမာတစ်ခုဖြစ်ပါ ကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ်ကတည်းက ရေးဆွဲအတည်ပြုထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေတွင် လူနှင့်တိရစ္ဆာန်တို့ကြောင့် ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါဘေးများကိုပါ ဘေးအန္တရာယ်အနေဖြင့် သတ်မှတ်ထားပါကြောင်း၊ လက်တွေ့တွင် ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် မုန်တိုင်း ဝင်ရောက်ခြင်း စသည့် အမြဲလိုလိုကြုံတွေ့နေရသည့် သဘာဝဘေးများနှင့် ဆက်စပ်သည့် စီမံခန့်ခွဲမှုလုပ်ငန်းများကိုသာ ပိုမိုလုပ်ဆောင်နေရပြီး ယခုနှစ်များ အတွင်း ကူးစက်ရောဂါဘေးအန္တရာယ်အတွက် ပထမဆုံးတိုက်ရိုက် ရင်ဆိုင်ရ သည်မှာ ယခု COVID-19 ပင်ဖြစ်ပါကြောင်း၊ အစိုးရနှင့် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်း၍ အကောင်းဆုံးကြိုးပမ်းဆောင်ရွက်နေကြသည်ကို မြင်တွေ့ကြရမည် ဖြစ်ပါကြောင်း။
မိမိတို့အနေဖြင့် ဘေးအန္တရာယ်များကို စီမံခန့်ခွဲရာတွင် ၎င်းတို့၏ သဘော သဘာဝများကို နားလည်နိုင်ရန်၊ ဖြစ်ခဲ့ဖူးသည့် ဘေးများကို အမြဲမပြတ် သုံးသပ် အကဲဖြတ်နေရန်နှင့် အနာဂတ်တွင် ဖြစ်လာနိုင်သည့်အခြေအနေများကိုပါ ခန့်မှန်းတွက်ဆနိုင်ရေးသည် အရေးကြီးပါကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ စာရင်း ဇယားများအရ လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ ကျော်အတွင်း ဆိုးရွားပြင်းထန်သည့် ရာသီဥတုဖြစ်စဉ်များသည် ကမ္ဘာတွင် ၈၀ ရာခိုင်နှုန်းနီးပါးအထိ တိုးမြင့်လာ ခဲ့ပါကြောင်း၊ ထို့အတူ ကမ္ဘာပေါ်ရှိ ဘေးသင့်သူဦးရေစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်း ကျော်သည်လည်း ရာသီဥတုနှင့်ဆက်စပ်သည့် ဘေးအန္တရာယ်ကြောင့် ထိခိုက် ခံစားကြရသူများဖြစ်ပါကြောင်း၊ ထိခိုက်ဆုံးရှုံးမှုများကို တစ်ကမ္ဘာလုံးအတိုင်း အတာဖြင့် ကြည့်မည်ဆိုလျှင် ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ ဘေးအန္တရာယ်များ ကြောင့် သေဆုံးသူစုစုပေါင်း၏ ၉၂ ရာခိုင်နှုန်းသည် ဖွံ့ဖြိုးဆဲနှင့်ဖွံ့ဖြိုးမှု နောက်ကျသည့် နိုင်ငံများကဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်နှစ်ပေါင်း ၂၀ အတွင်း တစ်ကမ္ဘာလုံးတွင် ဘေးသင့်သူ စုစုပေါင်း ၈၈ သန်းခန့်ရှိခဲ့ရာ အဆိုပါ ဘေးသင့် သူများမှ ရေဘေးကြောင့် ဒုက္ခခံစားရသူပေါင်း ၇၆ သန်းရှိသည့်အတွက် ရာခိုင် နှုန်းအားဖြင့် ၈၆ ရာခိုင်နှုန်းခန့်ရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် တစ်နှစ်တည်းကို ကြည့်မည်ဆိုပါက ပြီးခဲ့သည့်ဇွန်လလောက်ကစ၍ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန်၊ တောင်ကိုရီးယား၊ ယီမင်နှင့် အာဖဂန်နစ္စတန်နိုင်ငံများတွင် မိုးသည်း ထန်စွာရွာသွန်းမှုများကြောင့် ရုတ်တရက်ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး အမြောက်အမြား သေဆုံးခဲ့ကြရပါကြောင်း။
စီးပွားရေးများစွာထိခိုက်
ရေကြီးမှုများ၊ ဆိုင်ကလုန်းမုန်တိုင်းဘေး၊ မြေငလျင်၊ မြေပြိုကမ်းပြိုဘေး၊ လေပြင်းဘေးနှင့် မိုးခေါင်ရေရှားဘေးစသည့် သဘာဝဘေးအန္တရာယ်များသည် မြန်မာပြည်သူလူထုနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးကို များစွာထိခိုက်စေပါကြောင်း၊ မြန်မာနိုင်ငံတွင် ပျမ်းမျှအားဖြင့် လူဦးရေတစ်သန်းကျော်ခန့်သည် ရေကြီးမှုဘေး နှင့် ဆိုင်ကလုန်းမုန်တိုင်းဘေးတို့ကို နှစ်စဉ် ရင်ဆိုင်ကြုံတွေ့နေကြရပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုနှင့်စပ်လျဉ်းသည့် ခန့်မှန်းချက်များအရ မိမိတို့နိုင်ငံတွင် မိုးရွာသွန်းမှု ပိုမိုများပြားလာဖွယ်ရှိပြီး မြစ်ရေကြီးမှုအန္တရာယ် မြင့်တက်လာနိုင် ပါကြောင်း၊ ထို့ပြင် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုကြောင့် ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်ချိန်များတွင် မုန်တိုင်းဒီရေအန္တရာယ် ပိုမိုကြီးမားလာဖွယ် ရှိပါကြောင်း။
တစ်ချိန်တည်းမှာပင် မိမိတို့အားလုံး ကြုံတွေ့နေကျဘေးအန္တရာယ်များအပြင် အခြားသောအန္တရာယ်များဖြစ်သည့် တိရစ္ဆာန်များမှတစ်ဆင့်ဖြစ်စေ၊ လူအချင်းချင်းကဖြစ်စေ ကူးစက်နိုင်သည့် ကပ်ရောဂါဘေးများ၊ သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုများနှင့် ရာသီဥတုဆိုင်ရာ ပြင်းထန်ဆိုးရွားသည့် ဖြစ်စဉ်များအတွက်ပါ ကြိုတင်ပြင်ဆင်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း။
မိမိတို့အားလုံးရင်ဆိုင်နေကြရသည့် COVID-19 ကမ္ဘာ့ကပ်ရောဂါဘေးသည် အဖွဲ့အစည်းတစ်ခုတည်းက ကိုင်တွယ်ဆောင်ရွက်၍ရသော ကိစ္စရပ်မဟုတ်သည့် အတွက် နိုင်ငံများ၏ စီမံအုပ်ချုပ်မှုစနစ်ကို စမ်းသပ်စိန်ခေါ်လိုက်သည့် ဘေးအန္တရာယ်ဟုဆိုရမည်ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် ထူးခြားစွာ IDDRR နေ့၏ ဆောင်ပုဒ်သည် စီမံအုပ်ချုပ်မှုစနစ် ထိရောက်ကောင်းမွန်ရေးသည် မည်မျှအထိ အရေးကြီးသည်ကို မီးမောင်းထိုးပြနေပါကြောင်း၊ ယခုနှစ်ဆောင်ပုဒ် ဖြစ်သည့် “ပေါင်းစည်းညီညွတ်သောစီမံဆောင်ရွက်မှုမှသည် သဘာဝဘေး လျော့ပါးရေးဆီသို့”(It’s All About Governance)ဆိုသည့်အတိုင်း ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုများ လုပ်ဆောင်သည့်အခါ ‘သူတစ်လူ၊ ငါတစ်မင်း’လုပ်၍ မရပါကြောင်း၊ မိမိတို့အားလုံး၏ ဘုံရည်မှန်းချက်ဖြစ်သည့် သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျှော့ချနိုင်ရေး ပူးပေါင်းပါဝင်ကြသူများအားလုံးအနေဖြင့် အထက်အောက်၊ ဘေးတိုက်၊ ၃၆၀ ဒီဂရီပေါင်းစပ်ညှိနှိုင်းပြီး ဟန်ချက်ညီညီ လုပ်ဆောင်နိုင်မှသာ ရည်မှန်းချက်အောင်မြင်မည်ဖြစ်ပါကြောင်း၊ ကောင်းမွန် ပြည့်စုံပြီး ပေါင်းစည်းညီညွတ်သည့် စီမံဆောင်ရွက်မှုများဖြစ်စေရန် မိမိတို့၌ ဥပဒေများ၊ မူဝါဒများ၊ အဖွဲ့အစည်းများ၊ မဟာဗျူဟာလုပ်ငန်းစဉ်များနှင့် ပူးပေါင်း ဆောင်ရွက်မှုအစီအမံများရှိရန် လိုအပ်ပါကြောင်း။
စီမံအုပ်ချုပ်မှုသစ်ပင်
ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစဉ်များနှင့် စီမံချက် များရှိခြင်းဖြင့် ရေတို၊ ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းများကို စနစ်တကျ လုပ်ဆောင်နိုင်မည်ဖြစ်သည့်အပြင် လိုအပ်သည့်အရင်းအမြစ်များ ရရှိနိုင်ရေးကိုပါ အထောက်အပံ့ဖြစ်စေပါကြောင်း၊ ထိုအစီအမံများကို မည်သူတို့က ဦးဆောင် အကောင်အထည်ဖော်မည်၊ ဘယ်သူတို့က ပူးပေါင်းပံ့ပိုးမည်၊ လိုအပ်သည့် နည်းပညာနှင့် အရင်းအမြစ်များက မည်သည်တို့ဖြစ်သည်၊ မည်သို့သော နည်းလမ်းများဖြင့် အကောင်အထည်ဖော်မည်၊ မည်သည့်အချိန်ကာလတွင် ပြီးစီးအောင်ဆောင်ရွက်ကြမည် စသည်တို့သည် စီမံအုပ်ချုပ်မှုဟူသည့် သစ်ပင်၏ အကိုင်းအခက်များပင်ဖြစ်ပါကြောင်း၊ ပင်စည်နှင့် ရေသောက်မြစ်ဖြစ်သည့် စနစ်တကျ ဖွဲ့စည်းဆောင်ရွက်နိုင်မှုနှင့် အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည် ပြည့်ဝမှုတို့သည်လည်း Governance ဟူသည့် စီမံအုပ်ချုပ်မှုသစ်ပင် စည်ပင် တိုးပွားတည်တံ့စေရေးအတွက် လွန်စွာအရေးကြီးပါကြောင်း။
ဘေးအန္တရာယ်အမျိုးအစား၊ ဖြစ်ပွားမှုအနေအထားများနှင့် ပြင်းအား များသည် တစ်သမတ်တည်းမရှိတော့သည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ လွန်ခဲ့သည့်ဆယ်စုနှစ် ကာလများက လူသားများနှင့် သဘာဝပတ်ဝန်းကျင်အကြား အပြန်အလှန်အမှီသဟဲပြုနေမှု ဂေဟစနစ်ကို လျစ်လျူရှုပြုမူခဲ့မိသည့် ဆိုးကျိုး များကို ယနေ့ကမ္ဘာတွင် တွေ့ကြုံခံစားနေကြရခြင်းဖြစ်ပါကြောင်း၊ အချိန် မလွန်ခင် ပြန်လည်ပြင်ဆင်ကုစားကြရန် လိုအပ်လာပြီဖြစ်ပါကြောင်း၊ ရေရှည် တွင် သဘာဝဘေးများကို လျှော့ချနိုင်ရေးအတွက် မိမိတို့ပတ်ဝန်းကျင် ဂေဟစနစ်များကို ပြန်လည်ထိန်းညှိရန်လိုအပ်သကဲ့သို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံဆောင်ရွက်မှုများကိုလည်း ပိုမိုအားကောင်းအောင် ကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း၊ သို့မှသာ မိမိတို့ မျိုးဆက်နှင့် နောင်မျိုးဆက်များအားလုံး အတွက် လုံခြုံစိတ်ချပြီး ဘေးဒဏ် ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်သည့် လူ့အဖွဲ့အစည်းကို လက်ဆင့်ကမ်းပေးခဲ့နိုင်မည်ဖြစ်ပါကြောင်း၊ တစ်ဖက်တွင်လည်း အမြော်အမြင် ရှိရှိ စီမံခန့်ခွဲတတ်သည့် အလေ့အကျင့်ကို ပြုစုပျိုးထောင်ပေးခဲ့နိုင်မည်ဖြစ်ပါ ကြောင်း၊ ထို့ကြောင့်မိမိတို့အားလုံး၏ ပေါင်းစည်းညီညွတ်သည့် စီမံဆောင်ရွက် မှုများမှတစ်ဆင့် သဘာဝဘေးလျော့ပါးသည့် အနာဂတ်လူ့ဘောင်သစ်ဆီသို့ အရောက်လှမ်းတက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း ပြောကြားသည်။
သဝဏ်လွှာဖတ်ကြား
ထို့နောက် United Nations Resident Coordination and Humanitarian Coordinator, Mr. Ola Almgren က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားသည်။
ယင်းနောက် အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာသဘာ၀ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် ဗီဒီယိုမှတ်တမ်းကို ပြသသည်။
ယင်းနောက် အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးစိုးအောင်က ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသို့ ၂၀၂၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာသဘာ၀ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အခမ်းအနားဖြစ်မြောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြသည့် အဖွဲ့အစည်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ များပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်