နှစ် ၁၀၀ မြန်မာ့ရုပ်ရှင်ခရီး

 

 

 

 

ယခုနှစ် ၂၀၂၀ ပြည့်နှစ်သည် လွန်ခဲ့သော နှစ်တစ်ရာ သမိုင်းကို အကြောင်း ပြု၍ပြောရမည်ဆိုလျှင် မြန်မာနိုင်ငံအတွက် အလွန်ထူးခြားသော နှစ်ဖြစ်၏။

 

 

နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေးစိတ်ဓာတ်ကို အရှိန် အဟုန်မြင့်မားသွားအောင် ဗွေဆော်ဦး လှုံ့ဆော်ဖောက်ခွဲလိုက်သည့် ၁၉၂၀ ပထမကျောင်းသားသပိတ်ပေါ်ပေါက်ခဲ့သည်မှာ နှစ်တစ်ရာပြည့်ပြီ။ မြန်မာ့သမိုင်း၏ ပထမဦးဆုံး နိုင်ငံရေးအဖွဲ့အစည်းဟု သတ်မှတ်ရသည့် ဂျီစီဘီအေအသင်းချုပ်ကြီး ပေါ်ပေါက်ခဲ့သည်မှာ နှစ်တစ်ရာ။ မြန်မာ့ ပညာရေးအစဉ်အလာကို ထိပ်ဆုံးတန်းရောက်အောင် မြှင့်တင်ပေးနိုင်ခဲ့ သည့် ရန်ကုန်တက္ကသိုလ်ပေါ်ထွန်းခဲ့သည်မှာ နှစ်တစ်ရာ။ ထို့နည်းတူစွာ၊ မြန်မာ့ရုပ်ရှင်ဟူ၍ ပေါ်ထွန်းလာခဲ့သည်မှာ ယခုနှစ်တွင် နှစ်တစ်ရာ။ မြန်မာ့လွတ်လပ်ရေးအတွက် ဗြိတိသျှနိုင်ငံသို့ သွားရောက်အရေးဆိုခဲ့ သော ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန် (ဖေပုရှိန်) ဟူသည့် အမျိုးသားရေး တက်ကြွသူ ခေါင်းဆောင်သုံးဦးအနက်က တစ်ဦးဖြစ်သော ဦးထွန်းရှိန် ကွယ်လွန်သည့် ဈာပနအခမ်းအနားကို မှတ်တမ်းတင်ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့ခြင်းနှင့် မေတ္တာနှင့် သူရာဇာတ်ကားရိုက်ကူးခဲ့သည့် ၁၉၂၀ ကို မြန်မာ့ရုပ်ရှင်အစခရီးအဖြစ် သတ်မှတ်သည့်အတွက် ၂၀၂၀ ပြည့်နှစ်ကို မြန်မာ့ရုပ်ရှင်နှစ်တစ်ရာအဖြစ် မော်ကွန်းတင်ဂုဏ်ယူရခြင်းဖြစ်ပါသည်။

ကိုဗစ်ရောဂါ ပြန့်ပွားကူးစက်မှု၏ ခြိမ်းခြောက်ခြင်းက ပြင်းထန်နေ သည့်အတွက် နေအိမ်တွင်သာနေကြရန် စည်းကမ်းဥပဒေများဖြင့် တားမြစ်ကန့်သတ်ထားသည့် ကာလဖြစ်နေသည့်အတွက် ထိုထိုသော နှစ်တစ်ရာအထိမ်းအမှတ် အမှတ်တရပွဲ အစုံစုံတို့ကို ကျင်းပရန် အားခဲ ထားပါလျက် ပြည်သူလူထုဆင်နွှဲသည့် ပွဲကြီးများအဖြစ် မကျင်းပနိုင် ဖြစ်ခဲ့သေးပါ။

 

 

ထို့ကြောင့်ပင် မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အခမ်း အနားကို လေလှိုင်းပေါ်မှာ ကျင်းပခဲ့ကြရသည်။ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယက စည်သူ ဗိုလ်ကလေး တင့်အောင်နှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင် နည်းပညာများ၏ အကူအညီကိုယူကာ လေလှိုင်းပေါ်က ဖွင့်ပွဲကျင်းပခဲ့ကြ သည်။

 

 

ရုပ်ရှင်အနုပညာသည် လူမှုအသိုင်းအဝိုင်းအပေါ် များစွာလွှမ်းမိုး သက်ရောက်မှု ရှိပါသည်။ ရုပ်ရှင်ဇာတ်ကားတို့၏ အခြေခံဇာတ်လမ်း တို့သည် ယေဘုယျအားဖြင့် လူ့ဘ၀ကို ထင်ဟပ်ပြသလေ့ရှိ၏။ လူ့ သဘာ၀ကို မှီငြမ်းပြုကာ ပုံဖော်ဖွဲ့နွဲ့ကြ၏။ ထို့ကြောင့်ပင် လူတို့သည် ရုပ်ရှင်တို့ကို စွဲလမ်းကြလေ့ရှိ၏။ ရုပ်ရှင်ဇာတ်လမ်းကို မိမိတို့ လက်တွေ့ လောကနှင့်ယှဉ်ကာ နှစ်သက်မှုဖြစ်၏။ ဇာတ်လမ်းပါ စရိုက်ဆိုးသူများကို ရွံမုန်း၏။ လူ့လောက၏ သူရဲကောင်းများကို အထင်ကြီးကြ၏။ မင်းသား မင်းသမီးတို့၏ ရုပ်ရည်တင့်တယ်ပြေပြစ်လှပခြင်းကိုလည်း နှစ်လိုကြ၏။ ရုပ်ရှင်များထဲက သူရဲကောင်းများကို အားကျ၏။ မကောင်းမှုကို ဆန့်ကျင် လိုစိတ်များ တဖွားဖွားပေါ်၏။ လွမ်းစရာများ၊ ရယ်မောပျော်ရွှင်စရာများ စသည့်ခံစားမှုမျိုးစုံကို ခုံမင်စွဲလမ်းကြ၏။

ယင်းသို့ နှစ်သက်သဘောကျမိသည်တို့ကို အားကျမိ အတုယူကြလေ့ လည်း ရှိ၏။ ထို့ကြောင့် ရုပ်ရှင်တို့သည် လူအများအပေါ် လွှမ်းမိုးမှုစွမ်းအား ကြီးသည်ဟု ဆိုရခြင်းဖြစ်ပါသည်။

မြန်မာ့ရုပ်ရှင်သည် နှစ်တစ်ရာသက်တမ်းရှိခဲ့ပြီး ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့ပြီ။ အာဏာရှင်စနစ်အောက်တွင် အနုပညာကို ထိန်းချုပ် ဖိနှိပ်မှုများ ခံစားခဲ့ကြရာမှ ဒီမိုကရေစီပွင့်လင်းကာလသို့ ချင်းနင်းလာသည့် အခါ လွတ်လပ်မှုများရှိလာပြီဖြစ်သည့်အတွက် သည့်ထက်သည် တိုးတက် မြင့်မားရန် အလားအလာကောင်းများက ကြိုလင့်နေပြီဖြစ်သည်။

 

 

လွတ်လပ်စွာ ထုတ်ဖော်နိုင်လာခဲ့ပြီဖြစ်သလို လူများစုအပေါ် လွှမ်းမိုး နိုင်စွမ်းအားကြီးသော အနုပညာရပ်ဖြစ်သည့်အတွက် ရုပ်ရှင်ပရော် ဖက်ရှင်နယ်တို့သည် လူမှုအဖွဲ့အစည်းအပေါ် တာဝန်ရှိသည်ကိုလည်း သတိထားကြရ၏။ မဟုတ်မမှန်သည်ကို အားကျစရာအဖြစ် မဖွဲ့ဖြစ် အောင်၊ မတရားမှုကို ဇန်းမတင်မိအောင်၊ လူမှုရေးရာခွဲခြားမှုကို အားပေး ရာမရောက်အောင်၊ ယဉ်ကျေးမှုရေးရာ၊ ယုံကြည်ကိုးကွယ်မှုဆိုင်ရာနှင့် သူတစ်ပါး၏ အခွင့်အရေးကို ထိပါးစော်ကားမှုမျိုး မဖြစ်ရအောင် သတိ ထားကြရ၏။

 

 

ဒီမိုကရေစီ လွတ်လပ်မှုကို အလွန်တန်ဖိုးထားသည့် နိုင်ငံကြီးများ တွင်ပင် အသက်အရွယ်အလိုက် ခွဲခြားသတ်မှတ်မှုများ၊ ကန့်သတ်မှုများ ရှိ၏။ မတူကွဲပြားသည်တို့ကို သရော်လှောင်ပြောင် မဖြစ်ရအောင် သတိ ထားရိုက်ကူးကြ၏။ မသန်စွမ်းမှု၊ အသားအရောင်ကွဲပြားမှု၊ လိင်ကွဲပြားမှု အစရှိသည်တို့သည် သရော်လှောင်ပြောင်စရာမဟုတ်ဟူသည့် ဂရုပြုမှု များ ရှိကြ၏။ ငယ်ရွယ်သူကလေးငယ်များအပေါ် ရက်စက်လွန်းသည့် အမူဓလေ့များနှင့် ပတ်သက်၍ ကန့်သတ်ခြင်းတို့လည်းရှိ၏။

သက်တမ်းရင့်မာလာသည်နှင့်အမျှ ရင့်ကျက်မြင့်မားလာသော မြန်မာ့ ရုပ်ရှင်သည် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် အနုပညာ အတတ် ပညာမြင့်မားလာမှုသာမက ကျင့်ဝတ်သိက္ခာဆိုင်ရာ ရင့်ကျက်မှုတို့နှင့် အတူ ပိုမိုခမ်းနားထည်ဝါ ဂုဏ်သိက္ခာကြီးမြင့်လာမည်ဟု မျှော်လင့် ယုံကြည်မိပါကြောင်း။ ။